အကြောင်းမကောင်းလျှင် အကျိုးယုတ်မည်

လွန်လေပြီးသောအခါက ရာဇဂြိုဟ်ပြည်တွင်   ဥစ္စာစည်းစိမ် ကုဋေမက လွန်စွာချမ်းသာသော သူဋ္ဌေးကြီး “မဟာဓနသူကြွယ်” တစ်ဦးရှိခဲ့ဖူးပါသည်။
ထိုသူဋ္ဌေးကြီးမဟာဓနနှင့် ဇနီးတို့တွင် တစ်ဦးတည်းသော သားလေးတစ်ယောက်ရှိခဲ့ပါသည်။ ထိုကလေး  သိတတ်သော အရွယ်သို့ ရောက်သောအခါ သူဋ္ဌေး သားလေးပင်ပန်းမည်စိုး၍ အတတ်ပညာကို သင်ကြား စေခြင်းမပြုဘဲ တစ်နေ့လျှင် အသပြာငွေ တစ် ထောင်ပေးသုံးစေပြီး လိုလေသေးမရှိ သူငယ်အလို ကျထားရှိခဲ့ပါသည်။

ဤသို့ဖြင့် ထိုသူဋ္ဌေးသား အရွယ်ရောက်လာ သောအခါ သူဋ္ဌေးကြီး လင်မယားသည် သားဖြစ်သူ အား အရွယ်အဆင်း တင့်တယ်ပြည့်စုံ၍ ကာမဂုဏ် ခံစားခြင်း၌သာ ပျော်မွေ့သော မိန်းမပျိုတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ပေးခဲ့ပါသည်။ ထိုသူဋ္ဌေးသား သည် ရရှိထားသော သတို့သမီးနှင့် စီးပွားရေးလည်း  မလုပ်၊ ကုသိုလ်ရေးလည်းမဖက်၊ အလေးအမြတ် ပြုရမည့်သူကိုလည်း ဂရုမထားဘဲ သောက်စား မူးယစ်၍ အပျော်အပါးဖြင့်သာ အချိန်ကုန်လွန်စေခဲ့ ပါသည်။ ဇနီးဖြစ်သူ သတို့သမီးကလည်း လင် ယောကျာ်းဖြစ်သူ သူဋ္ဌေးသားကို သတိပေးစကား မဆိုဘဲ အလိုတူအလိုပါဖြင့် ကာမဂုဏ်တို့၌ လွန်ကျူး စွာ ပျော်ပါးနေခဲ့ကြပါသည်။

ဖခင်ဖြစ်သူ သူဋ္ဌေးကြီး မဟာဓနနှင့် မိခင် တို့ ကွယ်လွန်လေပြီးသောအခါတွင်လည်း ထိုသူဋ္ဌေး  သားနှင့် ဇနီးတို့သည် အပျော်အပါးကို မလျော့ဘဲ တိုး၍ ကာမဂုဏ်စည်းစိမ်ကို ခံစားကာ သောက်စား မူးယစ် ကခုန်ပျော်ပါးခြင်းတို့ဖြင့်သာ နေထိုင်ခဲ့ပါသည်။ သုံးဖြုန်းစရာ အသပြာ ငွေကုန်ခန်းသွား သောအခါ ဥစ္စာပစ္စည်းတို့ကို ပေါင်နှံ၍ ပျော်ပါးခဲ့ကြပါသည်။ ဤသို့ဖြင့် သုံးစွဲစရာ အသပြာငွေလည်း ကုန်၊ ပေါင်နှံစရာ ဥစ္စာလည်းမရှိ၊ နေထိုင်ရာ အိုး အိမ်ကိုပင် ကြွေးရှင်(မြီရှင်)တို့က သိမ်းယူသွားခဲ့ပါ သည်။ မိန်းမဖြစ်သူ သတို့သမီးလည်း ဥစ္စာစည်းစိမ် မရှိဖြစ်ခဲ့သော လင်ယောကျာ်းသူဋ္ဌေးသားကို စွန့်ခွာသွားခဲ့ပါသည်။

သူဋ္ဌေးသားသည် ခွက်လက်စွဲ၍ ရာဇဂြိုဟ် မြို့၌ တောင်းရမ်းစားသောက်ကာ အခြေအနေမဲ့များ နေထိုင်ရာ ဇရပ်တွင် နေထိုင်ခဲ့ရပါသည်။ တစ်နေ့ တွင် ခိုးသားဓားပြတို့သည် သူဋ္ဌေးသားသူတောင်း စားရှိရာသို့ ရောက်ရှိလာပါသည်။ သန်သန်မာမာ အရွယ်ကောင်းကောင်းဖြင့် တောင်းရမ်းစားသောက် ခြင်းမပြုသင့်ကြောင်း၊ မိမိတို့နှင့်အတူလိုက်ပါ၍ ခိုး သားဓားပြပြုရန် တိုက်တွန်းပြောဆိုပါသည်။ ထိုအခါ သူဋ္ဌေးသားသူတောင်းစားက မိမိသည် ခိုးသားဓားပြ အလုပ်ကို မကျွမ်းကျင်ကြောင်းပြောရာ ခိုးသား ဓား ပြတို့က ပညာသင်ပေးမည်ဟု ပြောဆိုပါသည်။ သူတောင်းစား(သူဋ္ဌေးသား)လည်း သဘောတူ လက်ခံ၍ ခိုးသားဓားပြတို့နှင့်အတူ လိုက်ပါသွားခဲ့ပါ သည်။

တစ်နေ့တွင် ခိုးသားဓားပြတို့သည် နေအိမ် ကို ဝင်ရောက်ခိုးယူ လုယက်စဉ် သူတောင်းစား (သူဋ္ဌေးသား)ကို အိမ်ပြင်ခြံဝ၌ အပေါက်စောင့်ရန် ထားရှိခဲ့ပါသည်။ ဝင်ရောက်ခိုးယူလုယက်သောအိမ် မှ အိမ်ရှင်များက အော်ဟစ် အကူအညီတောင်း၍ ရွာသားများဝိုင်းဝန်းရောက်ရှိလာရာ ခိုးသားဓားပြများ   ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း အိမ်အပြင် ခြံဝတွင်ရှိနေသော သူတောင်းစားကို ဖမ်းမိသွားခဲ့ ပါသည်။ အိမ်ရှင်နှင့် ရွာသားများမှ ဖမ်းမိခဲ့သော သူတောင်းစား သူခိုးဓားပြကို မင်းထံသို့ ပို့အပ်ပါ သည်။ မင်းသည် သူတောင်းစား သူခိုးအား ခေါင်း ဖြတ်သတ်ရန် လက်မရွံ့အာဏာသားတို့ထံ ပေးအပ် လိုက်ပါသည်။

လက်မရွံ့အာဏာသားတို့သည် ဖမ်းမိခဲ့သော သူတောင်းစား ခိုးသားအား လက်ပြန်ကြိုးများတုပ်၍ လူသတ်ကုန်းသို့ ခေါ်လာပါသည်။ ထိုသို့ခေါ်လာစဉ် လမ်းခရီး လူစည်ကားရာအရပ်၌ ထိုသူတောင်းစား ခိုးသားအား လက်မရွံ့အာဏာသားတို့က ကြိမ်လုံးများ ဖြင့် ပြင်းစွာ ရိုက်နှက်ခြင်း၊ စည်မောင်းတီး၍ ကြေညာ ခြင်းများ ပြုကြပါသည်။ ထိုအခြင်းအရာကို လမ်းသွား လမ်းလာများမှ ဝိုင်းအုံကြည့်ရှုခဲ့ကြပါသည်။ အနီးအ နားတွင် သုလသာမည်သော ပြည့်တန်ဆာအိမ်ရှိ သည်။ လူအများနှင့် စည်မောင်း ကြေညာသံကိုကြား၍ သုလသာသည် နေအိမ်ပြတင်းမှ အပြင်သို့ မျှော် ကြည့်ခဲ့ပါသည်။

သုလသာ ပြည့်တန်ဆာမသည် အိမ်အပြင် လမ်းပေါ်၌ သတ်ရန် ခေါ်ဆောင်လာသော သူတောင်းစား ခိုးသားကိုမြင်၏။ သုလသာသည် ရှေး ဘဝတစ်ခုတွင် ထိုသူတောင်းစား ခိုးသား၏ အလုပ်အကျွေးဖြစ်ခဲ့ဖူးသဖြင့် “ဤယောကျာ်းသည် ရာဇဂြိုဟ်မြို့၌ ဥစ္စာစည်းစိမ် ကြွယ်ဝခဲ့ဖူးလျက် ယခုအခါ ဤသို့သဘောရှိသော ပျက်စီးခြင်းသို့ ရောက်ခဲ့လေ၏”ဟုတွေးမိကာ ထိုယောကျာ်းအပေါ် သနားကြင်နာခြင်းဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ထို ယောကျာ်း (သူတောင်းစားခိုးသား)အတွက် ကတွတ် မုန့်(မုန့်ပေါက်)နှင့် သောက်ရေတို့ကို ပေးကျွေးရန် စိတ်ကူးမိသည်။ ထို့ကြောင့် သုလသာသည် ကတွက် မုန့်နှင့် သောက်ရေတို့ကို ယူဆောင်၍ ထိုအမျိုးသား (သူတောင်းစားခိုးသား)ရှိရာသို့ သွားခဲ့ပါသည်။ ထို နေရာသို့ အရောက်တွင် သုလသာမှ လက်မရွံ့ အာဏာသားတို့ထံ ခွင့်ပန်၍ ကတွက်မုန့်နှင့် သောက် ရေကို ထိုယောကျာ်း(သူတောင်းစားခိုးသား)အား ပေးအပ်ပါသည်။

ထိုအချိန်တွင် အရှင်မဟာမောဂ္ဂလာန် ကိုယ် တော်မြတ်ကြီးသည် ဒိဗ္ဗစက္ခုဉာဏ်တော်ဖြင့် ကြည့် တော်မူရာ ထိုသူဋ္ဌေးသား(ခိုးသူ)၏ ပျက်စီးခြင်းသို့ ရောက်မည့်အဖြစ်ကို မြင်တော်မူ၏။ ထို့ကြောင့် ကြီးစွာသော ကရုဏာဖြင့် အရှင်သူမြတ်က “ဤ ယောကျာ်းသည် တစ်စုံတစ်ခုပြုခဲ့ပြီးသော ကောင်းမှု ဟူ၍မရှိ။ မကောင်းမှု အကုသိုလ်ကိုသာ ပြုခဲ့ပေ၏။ ထို့ကြောင့် ဤယောကျာ်းသည် ငရဲ၌ကျရောက် ပေမည်။ အကယ်၍ ငါကိုယ်တော်မြတ် ကြွသွားခဲ့သည်ရှိသော် ကတွက်မုန့်နှင့် သောက်ရေတို့ကို ငါ့အား ပေးလှူသည်ရှိသော် ထိုယောကျာ်းသည် ဘုမ္မဇိုးနတ်တို့၌ ဖြစ်ချေမည်။ ဤယောကျာ်းသည်  ငါမထေရ်မြတ်အား ကိုးကွယ်ဆည်းကပ်ရာ ဖြစ်ကောင်းလေစွ”ဟု ကြံစည်တော်မူ၍ ကတွက်မုန့်နှင့် သောက်ရေတို့ကို ပေးနေစဉ်မှာပင် ထိုယောကျာ်း ရှေ့၌ ရပ်တည်တော်မူခဲ့ပါသည်။

ထိုယောကျာ်း(ခိုးသား)သည် မိမိရှေ့၌ ရပ် တည်နေသော အရှင်မဟာမောဂ္ဂလာန် မထေရ်ကို မြင်၏။ ထို့ကြောင့် “ငါသည် ယခုသေအံ့ဆဲဆဲရှိနေ၏။ ငါ့အား ဤကတွက်မုန့်နှင့် သောက်ရေတို့ကို စားသုံးခြင်းဖြင့် ဘာမျှအကျိုးမရှိ။ ဤမုန့်နှင့်ရေသည်  တမလွန်ဘဝသို့ သွားရမည့်ငါ့အား ရိက္ခာထုပ်ဖြစ်စေအံ့”ဟု ကြံရွယ်ပြီး ကတွက်မုန့်နှင့် သောက်ရေ တို့ကို အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်အား ဆက်ကပ်လှူဒါန်းလိုက်ပါသည်။ မထေရ်မြတ်သည် ထိုယောကျာ်း၏ သဒ္ဓါတရားကို တိုးပွားစေခြင်း အကျိုး အတွက် သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်တော်မူကာ ထိုယောကျာ်း(ခိုးသား)ရှေ့၌ပင် ကတွက်မုန့်နှင့် သောက်ရေကို ဘုန်းပေးတော်မူပါ သည်။ ထို့နောက် မထေရ်မြတ်သည် ထိုနေရာမှ ပြန်ြွကသွားတော်မူခဲ့ပါသည်။

ထိုယောကျာ်း(ခိုးသား)သည် သူသတ်ကုန်း သို့ ရောက်သောအခါ လက်မရွံ့အာဏာသားတို့၏ ခေါင်းဖြတ်သတ်၍ သေဆုံးသွားခဲ့ပါသည်။ ထို ယောကျာ်းသည် သေဆုံးပြီးနောက်အရှင် မောဂ္ဂ လာန်မထေရ်မြတ် အတတ်မိန့်ဆိုသည် ဘုမ္မဇိုးနတ်(ဘုမ္မ-ဒေဝတာ)(ဘုံရှိသောနတ်) မဖြစ်ဘဲ ယုတ် နိမ့်သောခန္ဓာကိုယ်နှင့် တောမြိုင်တောင်ကြား၊ ချုံနွယ် ပိတ်ပေါင်းများဖြင့် ချမ်းမြေ့သော အရိပ်ရှိသည့် ကြီးစွာသော ညောင်ပင်ကြီးတွင် ရုက္ခစိုးနတ်ဖြစ်ခဲ့ ပါသည်။ ဤသည်မှာ မြင့်မြတ်သော ရဟန္တာမထေရ် မြတ်ကို သဒ္ဓါတရားထက်သန်စွာဖြင့် ပေးလှူခဲ့သော် လည်း စုတေသေလွန်ခါနီးတွင် “ငါသည် သုလသာ မည်သော ပြည့်တန်ဆာမ၏ ကျေးဇူးကြောင့် ဤ လှူဖွယ်ဝတ္ထုမြတ်ကို ရရှိလှူအပ်ရပေ၏”ဟု သုလသာအပေါ်၌ ချစ်ခင်တပ်မက် နှစ်သက်ခြင်း တဏှာဖြင့် ပေးလှူမိ၍ မည်းညစ်စွဲလမ်း စိတ်ကြောင့် အပြည့် အဝရရှိမည့် အကျိုးတရားများ ဆုတ်ယုတ်ခဲ့ရပါသည်။ ထိုရုက္ခစိုးနတ်၏ ပြည့်တန်ဆာမ သုလသာအပေါ် စွဲလမ်းတပ်မက်မှုကို လာမည့်အပတ်တွင် ဆက်လက် ဖော်ပြပါမည်။

ရုက္ခစိုးနတ်ဖြစ်စဉ်တွင် မိမိတို့အတွက် သင်ခန်းစာယူဖွယ်များရှိပါသည်။ သဒ္ဓါတရား ထက်သန်၍ လှူဒါန်းမှုအစုစုတို့တွင် တဏှာ(တပ်မက်မှု)  များ မပါဖို့ အရေးကြီးပါသည်။ ထို့ကြောင့် “သဒ္ဓါဖြင့်လှူပါ။ တဏှာဖြင့်မလှူပါနှင့်”ဟု ဆိုကြပါသည်။  တစ်သက်လုံး အကုသိုလ်အမှုဖြင့် ပြုခဲ့သော သူဋ္ဌေးသားသည် သေဆုံးချိန်ရောက်ခါနီးတွင် မြင့်မြတ် သော သူတော်စင်တို့၏ ဆောင်မမှုကြောင့် သုဂတိ ဘုံသို့ လားရောက်ရမည့်အစား အလှူမတတ်သည့် အတွက် နိမ့်ကျသော ဘုံသို့ လားရောက်ခဲ့ရပါသည်။  ထို့ကြောင့် အကြောင်းကောင်းလျှင် အကျိုးကောင်း မည်သာ ဖြစ်၍ “အကြောင်းမကောင်းလျှင်၊ အကျိုး ယုတ်မည်”ပမာပြုအပ်ပေသည်။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး- ပေတဝတ္ထုတော်၊ ဥရဂဝဂ်မှ ခေတ္တူပမ ပေတဝတ္ထု။