ဒေါသကြီးတဲ့မြွေ

ဒေါသကြီးတဲ့မြွေ

သစ်ခုတ်သမားတစ်ယောက်ဟာ တောထဲကနေ ပြန်လာပြီးနောက် သူ့ရဲ့ သစ်ခုတ်တဲ့ပုဆိန်ကို အိမ်အဝင်ဝမှာ ထောင်ထားလိုက်တယ်။ ညဘက် အိမ်တံခါးတွေပိတ်ပြီး အိပ်နေတဲ့အချိန်မှာ မြွေတစ်ကောင် သူ့အိမ်ရှေ့ကနေ ဖြတ်သွားတယ်။ ဖြတ်သွားရင်း သစ်ခုတ်သမားရဲ့ အိမ်တံခါးဝကို လှမ်းကြည့် လိုက်တော့ ပြောင်ပြောင်လက်လက်နဲ့ အရာတစ်ခုကို သွားတွေ့လိုက်တယ်။ အဲဒီအရာဟာ သစ်ခုတ် သမားထောင်ထားတဲ့ပုဆိန်ဖြစ်ပြီး လရောင်ထိုးတာမို့ ပုဆိန်သွားကနေ ပြောင်ပြောင်လက်လက် အလင်းထွက်နေတာဖြစ်တယ်။ အဲဒီအလင်းရောင် တလက်လက်ကို မြွေက အစာထင်ပြီး အပြေးအလွှား သွားပြီး ခဲလိုက်တယ်။

မာကျောတဲ့ပုဆိန်သွားကို ကိုက်ခဲမိတာကြောင့် မြွေရဲ့အစွယ်တွေ ကျင်တက်သွားသလို ခံစားလိုက် ရတယ်။ ဘယ်လိုသတ္တဝါမျိုးမို့ သူကိုက်တာကို ခံနိုင် ရည်ရှိရတာလဲဆိုပြီး ဒေါသထွက်သွားတယ်။ ဒါကြောင့် ဒီတစ်ခါတော့ အဲဒီသတ္တဝါကို ကိုယ်လုံးနဲ့ ရစ်ပတ်ပြီး အစွယ်တွေနဲ့ အားကုန်ပေါက်သတ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဆုံးဖြတ်တဲ့အတိုင်းလည်း သူဟာ ပုဆိန်သွားကို ကိုယ်လုံးနဲ့ရစ်ပတ်ပြီး အစွယ်တွေနဲ့ အားကုန် ပေါက်ထည့်လိုက်တယ်။ ပုဆိန်သွားက မြွေရဲ့ကိုယ်လုံးမှာ နစ်ဝင်သွားလို့ နာကျင်မှုကို ခံစားရသလို မြွေရဲ့အစွယ်တွေက ပုဆိန်သွားကို အရှိန်နဲ့ထိတဲ့အခါ ကြွေလုမတတ်ဖြစ်ပြီး ပါးစပ်ကနေ သွေးပါထွက်လာခဲ့တယ်။ မြွေဟာ နာကျင်မှုဝေဒနာကို ခံစားရလေ၊ ဒေါသ ပိုကြီးလေဖြစ်ပြီး ပုဆိန်သွားကို ရစ်ပတ်ထားတဲ့ကိုယ်လုံးကို ပိုပြီးတင်းကျပ်အောင်ရစ်ပတ်ပြီး အစွယ်တွေနဲ့ပေါက်တာကိုလည်း အားပိုစိုက်ပြီး ပေါက်တယ်။

ဒေါသကြီးတဲ့မြွေရဲ့ကိုယ်လုံးဟာ ပုဆိန်သွားကို ရစ်ပတ်လေ၊ ဒဏ်ရာ နက်ရှိုင်းစွာရလေဖြစ်တဲ့အပြင် အစွယ်တွေနဲ့ အားစိုက်ပြီးပေါက်လေ၊ ပါးစပ်ကသွေး တွေကျလေ ဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ ဒေါသကြီး တဲ့ေြွမဟာ ကိုယ်လုံးက ဒဏ်ရာ၊ ပါးစပ်က ဒဏ်ရာ တွေကနေ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တယ်။

နောက်တစ်နေ့မနက် သစ်ခုတ်သမားဟာ တောထဲသွားပြီး သစ်ခုတ်ဖို့ သူ ထောင်ထားခဲ့တဲ့ ပုဆိန်ကို ယူဖို့ပြင်တဲ့အခါ ပုဆိန်နဲ့အတူ ပုဆိန်ရဲ့ ဘေးမှာ သွေးသံရဲရဲနဲ့ သေနေတဲ့မြွေသကောင်ကိုပါ တွေ့လိုက်ရတယ်။ သူက ပုဆိန်နဲ့ မြွေသေကောင်ကို ကြည့်ပြီး အံ့ဩမိရာက အခြေအနေကို သုံးသပ်ဆုံးဖြတ်ကြည့်မိတယ်။ ပုဆိန်ဟာ သက်မဲ့ဖြစ်တဲ့အတွက် အလိုအလျောက်တော့ မြွေကို ခုတ်ထစ်သတ်ပစ်တာမဖြစ်နိုင်ဘူး။ သက်ရှိဖြစ်တဲ့ မြွေကသာ ပုဆိန်ကို ရန်လုပ်ရာက ဒဏ်ရာအနာတရတွေဖြစ်ကာ သေဆုံးသွားတာဖြစ်မယ်လို့ သုံးသပ်မိတယ်။

တကယ်တော့ မြွေအသက်သေရတာဟာ အချက်နှစ်ချက်ကြောင့်ဖြစ်တယ်။ ပထမအချက်က မသိမှုကြောင့်ဖြစ်တယ်။ သူဟာ ပုဆိန်ကို ပုဆိန်လို့ မသိဘူး။ သက်ရှိသတ္တဝါတစ်ကောင်လို့ ထင်မှတ်မှား တယ်။ မသိလို့ ထင်မှတ်မှားတာပဲ။ ဒါကြောင့် ရှေး လူကြီးသူမတွေက “မရှိတာထက်၊ မသိတာ ခက်တယ်” လို့ ဆိုရိုးထားခဲ့တာပဲ။ ဒုတိယအချက်က ဒေါသကြောင့်ဖြစ်တယ်။ ဒေါသကို မထိန်းသိမ်းနိုင် တော့ နောက်မဆုတ်နိုင်တော့ဘူး။ အသက်ဆုံးရှုံးရတဲ့အထိ ဒေါသနောက်လိုက်ပြီး တိုက်ခိုက်ခဲ့တယ်။မသိလို့ မှားခဲ့ရင်တောင် ဒေါသကို ထိန်းသိမ်းနိုင်ရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်မှာမဟုတ်ဘူး။

သင်ခန်းစာက မသိလို့ မှားခဲ့ရင်တောင် ဒေါသ ကို ထိန်းသိမ်းနိုင်ရမယ်။ ဆင်ခြင်တုံတရား ရှိရပါ မယ်။

အောင်အေး (ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories