နဂါးကြီးပုံပြင်

ရုရှားပုံပြင် ဖြစ်ပါတယ်။ တစ်ခါက တိုင်းပြည် တစ်ပြည်မှာ နဂါးကြီးတစ်ကောင်က အုပ်ချုပ်နေ သတဲ့။ အဲဒီနဂါးကြီးဟာ တောင်ကြီးတစ်တောင်ရဲ့ လိုဏ်ခေါင်းထဲမှာနေပြီး ပြည်သူတွေက သူ့ဆီကို တစ်လမှာလူတစ်ယောက်နဲ့ ရွှေငွေကျောက်သံ ပတ္တမြားတွေ ဆက်သရသတဲ့။ တစ်လမှာ လူ တစ်ယောက် ဆက်သရတာက နဂါးကြီးစားဖို့ဖြစ်ပြီး ရွှေငွေကျောက်သံပတ္တမြားတွေကတော့ စုဆောင်း ထားဖို့ပါ။ နဂါးဆိုတာ ရွှေငွေရတနာတွေကို အလွန် မက်မောသတဲ့။ နဂါးကြီးဟာ ခွန်အားဗလကြီးမားပြီး အာခံတွင်းကနေ မီးလျှံတွေ မှုတ်ထုတ်နိုင်တာမို့ သူ့ကို နိုင်အောင် တိုက်ခိုက်နိုင်သူမရှိတဲ့အတွက် ပြည်သူတွေဟာ ကယ်တင်ရှင်ကို မျှော်နေကြသတဲ့။

တစ်နေ့တော့ တစ်နယ်တစ်ကျေးကနေ ဓားကိုင်သူရဲကောင်းတစ်ယောက် ရောက်လာသတဲ့။ သူက နဂါးကြီးရဲ့သတင်းကို ကြားလို့ လာခဲ့တာဖြစ် ကြောင်း၊ နဂါးကြီးကို နှိမ်နင်းပြီး ပြည်သူတွေကို ကယ်တင်မှာဖြစ်ကြောင်းပြောတော့ ပြည်သူပြည် သားတွေ ဝမ်းသာအားရဖြစ်သွားကြတယ်။ သူ့ကို နဂါးကြီးနေထိုင်ရာ လိုဏ်ခေါင်းဆီ လိုက်ပို့ကြ တယ်။ ဓားသူရဲကောင်းက နဂါးကြီးကို စိန်ခေါ်လိုက် တယ်။ နဂါးကြီးက လိုဏ်ဂူထဲက ထွက်လာပြီး ဓား သူရဲကောင်းကို အာခံတွင်းက မီးလျှံတွေနဲ့ မှုတ် တယ်။ ဓားသူရဲကောင်းက ဒိုင်းနဲ့ကာတယ်။ နဂါးကြီး က ကိုယ်ကို ရှေ့ဆီ ကိုင်းညွှတ်ပြီး ဓားသူရဲကောင်းကို လက်ဝါးတစ်ဖက်နဲ့ ဖမ်းဆုပ်ဖို့ ကြိုးစားတယ်။ ဓား သူရဲကောင်းက နဂါးကြီးရဲ့လက်ချောင်းတွေကို ဓားနဲ့ ခုတ်ဖြတ်ပစ်လိုက်တယ်။ နာကျင်တဲ့ဝေဒနာကြောင့် နဂါးကြီးနောက်တွန့်သွားတဲ့အချိန်မှာ ဓားသူရဲ ကောင်းက လေထဲကို ခုန်တက်ပြီး နဂါးကြီးရဲ့ လည် ပင်းကို ဓားနဲ့ခုတ်လိုက်တယ်။ လည်ပင်းမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့နဂါးကြီးဟာ ဓားသူရဲ ကောင်းကို ဆက်လက်မတိုက်ခိုက်နိုင်တော့ဘဲ လိုဏ် ခေါင်းထဲ ပြန်ဝင်ပြေးတယ်။ ဓားသူရဲကောင်းက လိုဏ်ခေါင်းထဲအထိ ပြေးလိုက်သွားတယ်။

ပြည်သူတွေက ဓားသူရဲကောင်း အနိုင်ရသွားပြီ လို့ ယူဆပြီး ဝမ်းမြောက်ပျော်ရွှင်နေကြတယ်။ ဒါပေ မယ့် ကြာကြာ မပျော်လိုက်ရဘူး။ နဂါးကြီးက လိုဏ်ခေါင်းထဲကနေ အကောင်းပကတိ ပြန်ထွက် လာတယ်။ လက်ထဲမှာလည်း ဓားသူရဲကောင်းရဲ့ ဓားကို ကိုင်ထားတယ်။ ပြည်သူတွေဟာ အရင် အတိုင်း လူနဲ့ ရွှေငွေရတနာတွေ ဆက်သမြဲ ဆက်သ ရမယ်လို့ အမိန့်ချတယ်။ ပြည်သူတွေ ဘာမှမတတ် နိုင်ဘူး။

တစ်နေ့ကျတော့ လှံကိုင်သူရဲကောင်း တစ် ယောက် ရောက်လာပြန်တယ်။ သူလည်း နဂါးကြီးကို နှိမ်နင်းဖို့ လာတာပဲ။ ပြည်သူတွေက အရင်တစ်ခါ လောက် အားမတက်ကြပေမယ့် နိုင်လိုနိုင်ငြားလေ ဆိုပြီး သူ့ကို နဂါးကြီးနေထိုင်ရာ လိုဏ်ခေါင်းဆီ လိုက်ပို့ကြတယ်။ လှံသူရဲကောင်းက နဂါးကြီးကို စိန်ခေါ်လိုက်တယ်။ နဂါးကြီးရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ပြီးနောက် လှံသူရဲကောင်းဟာ လေထဲမှာ ခုန်ပြီး နဂါးကြီးရဲ့ လည်ပင်းကို လှံနဲ့ ထိုးလိုက်တယ်။ လည်ပင်းမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့ နဂါးကြီးဟာ လိုဏ်ခေါင်းထဲ ပြန်ဝင်ပြေးတယ်။ လှံသူရဲကောင်းက လိုဏ်ခေါင်းထဲအထိ ပြေးလိုက်သွားတယ်။

ပြည်သူတွေက ဒီတစ်ခါတော့ လှံသူရဲကောင်း နိုင်ပြီလို့ ယူဆပြီး ဝမ်းမြောက်ပျော်ရွှင်ကြပြန်တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ နဂါးကြီးဟာ လိုဏ် ခေါင်းထဲကနေ အကောင်းပကတိ ပြန်ထွက်လာ တယ်။ လက်ထဲမှာ လှံသူရဲကောင်းရဲ့ လှံကို ကိုင်လာတယ်။ ပြည်သူတွေကို အရင်အတိုင်း ဆက် သဖို့ အမိန့်ချတယ်။ ပြည်သူတွေ ဘာမှ မတတ်နိုင် ဘူး။

အဲဒီအချိန်မှာ ပြည်သူတွေအထဲက လူငယ်တစ် ယောက်က နဂါးကြီးကို သူ တိုက်ခိုက်မယ်လို့ ပြော တယ်။ လူငယ်ရဲ့ မိဘတွေရော၊ ဆွေမျိုးတွေနဲ့ တခြားပြည်သူတွေကပါ တားမြစ်ကြတယ်။ သူက သူဟာ တုတ်သိုင်းပညာ လေ့ကျင့်ခဲ့တာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီမို့ တစ်ဖက်ကမ်းခတ် တတ်မြောက်နေပြီ ဖြစ်ကြောင်း ပြန်လည်ပြောကြားပြီး နဂါးကြီးကို စိန်ခေါ်လိုက်တယ်။ သူ့မှာ ဒိုင်းမပါပေမယ့် နဂါးကြီးရဲ့ မီးလျှံကို ခုန်ပျံပြီးရှောင်နိုင်တယ်။ နဂါးကြီးရဲ့ လှံ ကိုလည်း သူ့ရဲ့တုတ်ရှည်နဲ့ ခတ်ထုတ်လိုက်နိုင်တယ်။ သူက ခုန်ပြီး နဂါးကြီးရဲ့ လည်မျိုကို တုတ်ရှည်နဲ့ ထိုးလိုက်တယ်။ လည်ပင်းမှာ ဒဏ်ရာ ပြင်းပြင်းထန် ထန် ရသွားတဲ့နဂါးကြီးဟာ လိုဏ်ခေါင်းထဲ ပြန်ဝင် ပြေးတယ်။ လူငယ်က လိုဏ်ခေါင်းထဲအထိ ပြေး လိုက်ဖို့ ပြင်တော့ မိဘပြည်သူတွေက အော်ဟစ်ပြီး တားကြတယ်။ လိုဏ်ခေါင်းထဲ ဝင်မလိုက်နဲ့လို့ တား ကြတယ်။ အရင်သူရဲကောင်းတွေတုန်းက လိုဏ် ခေါင်းထဲ ဝင်လိုက်မိလို့ ဒုက္ခရောက်ကုန်ကြတာလို့ ယူဆထားကြလို့ပါ။

လူငယ်က ခဏတော့ တွေဝေသွားတယ်။ ဒါပေ မယ့် လိုဏ်ဂူထဲ ဝင်မလိုက်ရင် နဂါးကြီးကို ကိစ္စတုံး သတ်ဖြတ်လို့ ရမှာမဟုတ်တော့ဘူး။ ဒါကြောင့် သူ ဟာ မိဘပြည်သူတွေ အော်ဟစ်ပြီး တားနေတဲ့ကြား က လိုဏ်ခေါင်းထဲ ဝင်လိုက်သွားတယ်။ ပြည်သူ တွေက သွားပြီလို့ ယူဆလိုက်ကြတယ်။ ခဏနေရင် နဂါးကြီးက တုတ်ရှည်ကိုင်ပြီး ပြန်ထွက် လာတော့မှာ လို့ ထင်နေကြတယ်။

တကယ်တော့ ပြည်သူတွေ ထင်သလို မဟုတ် ပါဘူး။ လိုဏ်ခေါင်းထဲ ဝင်လိုက်သွားတဲ့လူငယ်ဟာ နဂါးကြီးကို ကိစ္စတုံး သတ်ဖြတ်နိုင်ခဲ့တယ်။ သတ် ဖြတ်ပြီးတဲ့နောက် လူငယ်ဟာ လိုဏ်ခေါင်းထဲက ရွှေငွေရတနာတွေကို မြင်လိုက်ရလို့ လောဘတက် သွားတယ်။ အဲဒီရွှေငွေရတနာသိုက်ကြီးကို မိမိ တစ်ဦးတည်းသာ ပိုင်ဆိုင်လိုက်ရရင် ဘယ်လောက် ကောင်းမလဲလို့ တွေးမိတယ်။ အဲဒီလို တွေးမိတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ကိုယ်ခန္ဓာဟာ တဖြည်းဖြည်း ပုံပြောင်းလာတာ သူ့ကိုယ်သူ ပြန်တွေ့ရတယ်။ တုတ် ရှည်ကိုင်ထားတဲ့နဂါးကြီးအသွင် ဖြစ်လာနေတယ်။ ဒီအတိုင်းဆို သူကိုယ်တိုင် နဂါးဖြစ်တော့မှာပါလားလို့ တွေးမိသွားတယ်။ မဖြစ်ဘူး။ ဒီလိုအဖြစ်မခံနိုင်ဘူး။ ငါ့မိဘဆွေမျိုးတွေ၊ ငါ့ပြည်သူတွေကို ငါ မရက်စက် နိုင်ဘူး။ သူတို့ရဲ့အသားကို ငါ မစားနိုင်ဘူး။ သူတို့ ဆက်သထားတဲ့ရွှေငွေရတနာတွေကို ငါ တစ်ဦး တည်း ပိုင်လို့မဖြစ်ဘူး။ မူလပိုင်ရှင်ဖြစ်တဲ့ အများ ပြည်သူတွေဆီ ပြန်လည်ဝေငှပေးရမယ်လို့ တွေး တောဆင်ခြင်မိတယ်။ အဲဒီလို ဆင်ခြင်မိတာနဲ့ သူ ဟာ မူလ လူအသွင်ကို ပြန်ရသွားတယ်။ သူ့အရင် နဂါးကြီးကို နှိမ်နင်းခဲ့တဲ့ဓားသူရဲကောင်းဟာ ဒီလိုပုံနဲ့ ဓားကိုင်နဂါးကြီး ဖြစ်သွားပုံရတယ်၊ လှံကိုင်သူရဲ ကောင်းဟာလည်း ဓားကိုင်နဂါးကြီးကို နှိမ်နင်းပြီး နောက် အခုလို လောဘစိတ်ဝင်ပြီး လှံကိုင်နဂါးကြီး ဖြစ်သွားပုံရတယ်လို့ သူ စဉ်းစားမိတယ်။

လူငယ်ဟာ လိုဏ်ခေါင်းအပြင်ကို ပြန်ထွက်လာ တယ်။ သူ အကောင်းပကတိ ပြန်ထွက်လာတာ မြင်လို့ မိဘပြည်သူတွေက ဝမ်းသာအားရ ပြေးပြီး ကြိုဆိုကြတယ်။ နဂါးကြီး သေသွားပြီလားလို့ မေးကြ တယ်။ လူငယ်က နဂါးကြီး သေသွားပြီဖြစ်တဲ့ အကြောင်း၊ ဒါပေမယ့် လူတိုင်းဟာ နဂါးဖြစ်နိုင်တာမို့ နဂါးဖြစ်ချင်တဲ့လောဘစိတ်ကို လူတိုင်းက ဆင်ခြင် နိုင်မှသာ နောက်ထပ်နဂါးတွေ ထပ်ပေါ်မလာတော့ မှာဖြစ်တယ်လို့ ပြောပြလိုက်တယ်။ မိဘပြည်သူတွေ က လူငယ်ကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် တင် မြှောက်လိုက်ကြပြီး လူငယ်က ရွှေငွေရတနာတွေကို မူလပိုင်ရှင်ဖြစ်တဲ့ မိဘပြည်သူတွေဆီ ပြန်ဝေပေး လိုက်တယ်တဲ့။

ပုံပြင်ကလေးကတော့ ဒါပါပဲ။ သင်ခန်းစာယူ စရာအလွန်ကောင်းတဲ့ပုံပြင်လေးပါ။

 

အောင်အေး (ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories