ကျန်းမာရေးအတွက် ဟင်းတစ်ခွက်

တူမခိုင်ခိုင်ရေ …ဒီအပတ်ချက်ပြမယ့် ဟင်းတွေက ဝက်သားလုံးဆီပြန်၊ ကန်စွန်းရွက်နဲ့ ဆူးပုပ်ကြော်၊ ရွှေဖရုံသီးဟင်းချိုတို့ ချက်ပြမယ်လေ။ ဈေးက ဝက်သားမိုးခိုသား အစိတ်သား၊ ကန်စွန်းရွက် တစ်စည်း၊ ဆူးပုပ်တစ်စည်းနဲ့ ရွှေဖရုံသီး တစ်စိတ်၊ ပင်စိမ်းရွက်တစ်စည်းတို့ ဝယ်ခဲ့ပါတယ်။

ဝယ်လာတဲ့ ဝက်သားမိုးခိုသားမှာ ကပ်ပါလာ တဲ့ အကြောတွေ အရိအရွဲတွေကို စင်အောင်ဖယ် ပစ်ပါတယ်။ အတုံးလိုက်ကို ရှာလကာရည်(သံပုရာရည်)နည်းနည်းထည့်ပြီး နယ်ပါတယ်။ ပြီးမှရေဆေး ပစ်ပါတယ်။ အသားတုံးကို ပါးပါးစီ လှီးပြီး စင်းနီတုံး ပေါ်မှာ တောက်တောက်စဉ်းပါတယ်။ အသားကြိတ် စက်ရှိရင်တော့ ဝက်သားတွေနဲ့အတူ ချင်းလက်တစ် ဆစ်ခန့်၊ ကြက်သွန်ဖြူတစ်လုံး၊ ဆား၊ ဟင်းခတ်မှုန့် တို့ပါ တစ်ခါတည်း အတူရောပြိး ကြိတ်ပစ်ပါတယ်။  ကြိတ်စက်မရှိရင်တော့ ချင်းနဲ့ကြက်သွန်ဖြူကို သပ် သပ်ထောင်းပြီးမှ တောက်တောက်စဉ်းထားတဲ့ ဝက်သားနဲ့ ရောပြီးနယ်ပါ။ နယ်တဲ့အခါမှာလည်း စေးလာအောင် နယ်ပေးပါ။ ကော်မှုန့်ကို ဟင်းစား ဇွန်းတစ်ဇွန်းခန့်ပါ ထည့်နယ်ပေးပါနော်။ မေ့သွားလို့  …ပြီးရင် အရွယ်တော်အလုံးလေးတွေ လုံးထား လိုက်ပါ။ ဟင်းဆီသတ်ဖို့ ကြက်သွန်နီနှစ်လုံး၊ ကြက် သွန်ဖြူတစ်လုံး၊ ချင်းလက်တစ်ဆစ်တို့ကို ညက် အောင် ထောင်းထားပါ။ အရောင်တင်မှုန့် နည်းနည်း ကိုလည်း ရေဖျော်ထားပါ။

ကန်စွန်းရွက်ကို အရွက်၊ အရိုးခွဲနွှင်ပါမယ်။ ဆားရည်နဲ့ ခဏစိမ်ပါ။ ပြီးရင်ရေသန့်နဲ့ ထပ်ဆေးပါ။ ရေစစ်ထားပါနော်။ ဆူးပုပ်ရွက်ကိုလည်း အရင့်တွေ ဖယ်ပြီးမှသင်ပါ။ အပင်လိုက် ရေဆေးပြီးမှ သင်တာ ပိုကောင်းပါတယ်။ ကြက်သွန်ဖြူငါးမြွှာကို ဓားပြား ရိုက်ထားပါ။

ရွှေဖရုံသီးကို အလယ်အူတိုင်တွေဖယ်ပြီးမှ အခွံနွှာပါ။ အနေတော် အတုံးကလေးတွေ တုံးပြီး ရေဆေးကာ ချက်မယ့် အိုးထဲထည့်ထားပါ။ ပင်စိမ်း ပင် သုံးပင်ခန့်မှ အရွက်များနွှင်ပြီး ရေဆေးထားပါ။

ဟင်းတွေချက်ပါမယ်။ ပထမဆုံး ဆီအိုးမှာ ဆီကို စားပွဲဇွန်း ငါးဇွန်းခန့်ထည့်ပါ။ ဆီကျက်လာ ရင် ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းတို့ ထည့်ပါမယ်။ ကြက်သွန်နီတွေ ရွှေဝါရောင် သန်းလာရင် ရေဖျော်ထားတဲ့ အရောင်တင်မှုန့်ကို ထည့်ပါ။ ပြီးရင် ဝက်သားလုံးတွေ ထည့်ပါ။ အသား လုံးတွေ ကျေသွားမှာစိုးလို့ အရမ်းမမွှေပါနဲ့နော်။ အိုးလေးကို လှုပ်လှုပ်ပေးရပါမယ်။ အသားထဲက အရည်တွေခန်းလို့ အိုးကပ်လာပါရင် အသားလည်း နူးအောင် အသားလုံးမြှုပ်အောင် ရေထည့်ပေးပါ။ အသာမွှေပေးပါ။ ဆားနဲ့ ဟင်းခတ်မှုန့်နည်းနည်း ထည့်ပေးပါ။ အပေါ့အငန် မြည်းပါ။ ရေခန်းပြီး ဆီပြန် လာရင် ဝက်သားလုံးဆီပြန်ဟင်းရပါပြီ။

ကန်စွန်းရွက်ကြော်ဖို့ ဆီအိုးမှာ ဟင်းစားဇွန်း သုံးဇွန်းခန့်ထည့်ပါ။ ဆီပူလာပါရင် ဓားပြားရိုက်ထား တဲ့ ကြက်သွန်ဖြူတွေထည့်ပါ။ ကြက်သွန်ဖြူတွေ အဝါရောင်ဖြစ်လာရင် ရေဆေးထားတဲ့ ကန်စွန်းရိုး ကို အရင်ထည့်ပါ။ တစ်ချက်နှစ်ချက် မွှေပြီးတာနဲ့ ကန်စွန်းရွက်နဲ့ ဆူးပုပ်ရွက်တွေရောပြီး ထည့်ကြော် ပေးပါ။ ဟင်းခတ်မှုန့်နည်းနည်းနဲ့ ဆားသင့်ရုံထည့် ပါ။ နှစ်ခါသုံးခါမွှေပြီးရင် ကန်စွန်းရွက်တွေလည်း ကျက်သွားပြီမို့ အပေါ့အငန်မြည်းပြီး ဟင်းအိုးချလို့ ရပါပြီ။ ကန်စွန်းရွက်ကြော်ကို ပန်းကန်ထဲခူးထည့် ထားပါ။ ဒယ်အိုးထဲထားရင် အကျက်လွန်ပြီး ကန်စွန်း ရွက်တွေ မည်းသွားတတ်ပါတယ်။ ဒါကြောင့် ကန်စွန်း ရွက်ကြော်ကို ထမင်းစားကာနီးမှ ကြော်ပါတယ်။  မှတ်ထားနော် တူမ။

ရွှေဖရုံသီးချက်ဖို့ အိုးထဲမှာ ထည့်ထားတဲ့ ရွှေဖရုံသီးတွေထဲကို ဆီနည်းနည်း၊ နနွင်းမှုန့်နည်း နည်း၊ ပုဇွန်ခြောက်မှုန့်နည်းနည်း၊ ဆားသင့်ရုံထည့် ပြီး နယ်ပေးပါ။ နှံ့သွားပြီဆိုရင် လက်ဆေးရေကို ဖရုံသီးမြှုပ်ရုံထည့်ပြီး မီးဖိုပေါ်တင်ချက်လိုက်ပါ။ ဟင်း   ရည်ဆူလာရင် မွှေပေးပါ။ ရေခန်းသွားလို့ ရွှေဖရုံသီး တွေ မနူးသေးရင် ရေထပ်ထည့်ပါ။ ဒီဒုတိယ အရည် ခန်းရင် ရွှေဖရုံသီးနူးပါပြီ။ အရေသောက် အနေ တော် ရေထည့်ပါ။ ဆူလာရင် အပေါ့အငန်မြည်းပါ။ အဆင်ပြေရင် ပင်စိမ်းရွက်တွေ အုပ်ပြီးချလိုက်ပါ။

ကဲတူမရေ …ဟင်းကောင်းတွေနဲ့ ထမင်း မြိန်မြိန်သာ စားပေတော့နော်။

မေညွန့်