ကျွန်တော်နှင့် သရဲကိုမြင်အောင် စမ်းသပ်ခြင်း

“ခွေးတွေ ကြောင်တွေက သရဲ၊ ဝိဉာဉ်တွေကို မြင်နိုင်စွမ်းရှိတယ်ဆိုတာ ဟုတ်လား အဖိုး..”

“အေး ..ဟုတ်တယ်ကွဲ…၊ ဒါကြောင့် ညဘက် ခွေးအူသံကြားရင် သားတို့ကို အဖိုး အပြင်မထွက်ခိုင်းတော့တာပေါ့…”

“တစ်ချို့ ကံနိမ့်တဲ့သူဆိုရင် ခွေး၊ကြောင် တွေရဲ့မျက်ချေးကို မျက်စိမှာသုတ်ရင် ပရလောကကိုတောင် မြင်နိုင်စွမ်းရှိတယ်….”

ကျွန်တော်ငယ်စဉ်က အဖိုးပြောပြခဲ့သော အကြောင်းအရာလေးဖြစ်သည်။ အခု အရွယ်လေးလည်း ရောက်လာပြီး စူးစမ်းလိုစိတ်ကလည်း ပြင်းပြလာတာကြောင့် ကျွန်တော် ဒီဟာကို စမ်းသပ်ဖို့ အမြဲ စိတ်အား ထက်သန်နေခဲ့တော့သည်။ သရဲ၊ နာနာဘာဝတွေ ပျော်မြူးချိန်က လပြည့်နှင့် လကွယ်ည သန်းခေါင်ယံ ချိန်ဖြစ်သည်ဟု ကြားဖူးသည်။ လပြည့်ည တစ်ညမှာ ခွေးတစ်ကောင်ရဲ့ မျက်ချေးကို သုတ်ရင် သရဲ တစ်ကယ် မြင်နိုင် မမြင်နိုင် ကို လက်တွေ့ အကောင်အထည်ဖော် စုံစမ်းဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။

ကျွန်တော့် စုံစမ်းရေးကိစ္စကို သူငယ်ချင်းတွေ ပြောပြတော့ အကုန်လုံးစိတ်ဝင်စားကြပြီး အဲ့ဒီလပြည့်ည မှာ သူတို့ပါ လိုက်လံ လေ့လာမည် ဖြစ်ကြောင်း ပြောပြသည်။ လူငယ်တွေဆိုတော့လည်း ဒီလိုကိစ္စ စိတ်မဝင်စားတဲ့သူ ဘယ်ရှိပါ့မလဲလေ…..။

ဒီလိုနဲ့ လပြည့်ည ရောက်တော့ ည ၁၁း၀၀ နာရီလောက် ရွာထိပ်က သချိုၤင်းကုန်းကို သူငယ်ချင်း ၄ ယောက် ထွက်ခဲ့တော့သည်။ တခြားနေရာမှာ ဆို သရဲ မမြင်မှာ စိုးတာကြောင့် သချိုၤင်းကုန်းထိကို စမ်းသပ်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ လပြည့်ညမို့ လရောင်ထိန်ထိန် အောက်မှာ အုတ်ဂူ ဖြူဖြူများက ညီညာစွာ ရှိနေကြသည်။ တစ်ချက် တစ်ချက် ကြားလိုက်ရသော ခွေးအူသံ ကလည်း ကျွန်တော့်ရဲ့ သိချင်စိတ်ကို ပိုတိုးမြှင့်ပေးနေသလို စိတ်ကြောက်ကိုလည်း ဖြစ်ပေါ်စေနေတော့သည်။

“ဟရောင်တွေ..တစ်ခုခုဖြစ်ရင်..ထွက်မပြေးကြနဲ့အုံးနော်…” ကိုယ့်သူငယ်ချင်းတွေကိုလည်း ပြောထားရ သေးသည်။ ဒီကောင်တွေက ပြေးဟေ့ဆို ထိပ်ဆုံးကချည်းနေခဲ့တဲ့ ကောင်တွေလေ…။

“အေးပါ..မင်းသာ..သရဲ မြင်ရင် မေ့လဲမသွားနဲ့အုံး.. သရဲက ဘယ်လိုဘယ်ပုံဆိုတာ… သေချာပြောပြ…”

“အေးပါဟ…”

သခိၤျုင်းကုန်းတွင်ရှိနေတတ်သော ခွေးလေခွေးလွင့် တစ်ကောင်ကို အစာ ပြ မျှားပြီး ခေါ်လိုက်သည်။ ပြီးတော့ ခွေးမျက်လုံးနှစ်ဘက်က ခွေးမျက်ချေးကို အသာသုတ်ယူလိုက်သည်..။

“ဟရောင်….ဖြစ်ပါ့မလား.. မလုပ်ရင် မလုပ်ပါနဲ့တော့ကွာ…”

သူငယ်ချင်းတစ်ယောက်က ကြောက်သံပါတဲ့လေသံနဲ့ပြောသည်။

ကျွန်တော် ဘာမှ မပြောပဲ ကျွန်တော့် မျက်စိ နှစ်ဖက်ကို ခွေးမျက်ချေး သုတ်လိုက်သည်….။ ပြီးတော့………………………………………

“ဟရောင်တွေ…ငါဘာ သရဲမှ မတွေ့ဘူးဟ…”

“ဟုတ်လား… ဟိုဟိုဒီဒီ ကြည့်ကြည့်ပါအုံး….”

“မတွေ့ဘူးဟ… တစ်ကယ်မဟုတ်ဘူးနဲ့တူပါတယ်ကွာ….”

“အေး ပုံပြင်တွေဖြစ်မှာပါကွာ..၊ ကဲ..မင်းသိရလို့ ကျေနပ်ပြီ မဟုတ်လား…ပြန်ရအောင်.. ညနက်နေပြီ..”

သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး အိမ်ထဲ ပြန်ဝင်တော့ ည (၁း၀၀) နာရီထိုးနေပြီ..။ ခြံတံခါးပိတ်… အဖေ..အမေ..မနိုးအောင် သူခိုးခြေလှမ်းမျိုးနဲ့ အိမ်ထဲကို ပြန်ဝင်ခိုက်….. တွေ့လိုက်ရတာက… ဧည့်ခန်းထဲမှာ ခန့်ခန့်ကြီးထိုင်ပြီး မျက်လုံးပြူးကြီးနဲ့ ကျွန်တော့်ကို ကြည့်နေသော အဖိုး…

“ဟာ…..အဖိုးးး…”

ကျွန်တော် ပါးစပ်က ရေရွတ်မိသည်ထင်သည်။ မဖြစ်နိုင် အဘိုးဆုံးသွားခဲ့တာ အခုဆို ၇ နှစ်တောင်ကျော်ပြီ..။ ကျွန်တော် မျက်လုံးမိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်သည်။ မျက်တောင် မခတ်ပဲ မျက်လုံးနီကြီးနဲ့ စူးစိုက်ကြည့်နေသော.. အဖိုးကို ထပ်တွေ့လိုက်ရသည်…။

“အားးးးးးးး….”

ကျွန်တော် ကြောက်လန့်စွာ မျက်လုံးမိတ်ပြီး အသံနက်ကြီးဖြင့် အော်မိလိုက်သည်။ ကျွန်တော့် အသံကြောင့် အဖေနဲ့ အမေ အိပ်ခန်းထဲက ထွက်လာကြသည်။

“သား…ဘာဖြစ်လို့လဲ…”

“အမေ….သား အဖိုးကိုတွေ့နေရတယ်…”

“ဘယ်မှာတွေ့တာလဲ… ဘယ်တုန်းကတွေ့တာလဲ.. သားဖြစ်လာတာလဲ…”

ကျွန်တော် ပြန်ကြည့်လိုက်သည်။ အဖိုးကတော့ ဧည့်ခန်းထဲမှာ ကျွန်တော့်ကို မျက်တောင်တစ်ချက်မှ စိုက်ကြည့် နေတာကို ထပ်တွေ့လိုက်ရသည်။

“အမေ…..အဖိုးကို သားတွေ့နေရသေးတယ်..ဧည့်ခန်းထဲမှာ..ထိုင်ပြီး သားကို စိုက်ကြည့်နေတယ်..”

“မင်းဘယ်တွေသွား…ဘာတွေလုပ်ခဲ့လဲ…အဖေ့ကို မှန်မှန်ပြောစမ်းး..”

ကျွန်တော် အဖေ့ကို ဖြစ်ကြောင်းကုန်စဉ် ပြောပြလိုက်သည်။

“ဟာ…ဒီကလေးတော့ ဒုက္ခပါပဲ…လာလာ… ဘုရားဂုဏ်တော်ကို ပါးစပ်က အဆက်မပြတ်ဆိုနေ… ပြီးရင် ဘုရားသောက်တော်ရေ…သောက်လိုက်…”

ကျွန်တော် မျက်စိမှိတ်ထားလိုက်ပြီး ပါးစပ်ကနေ ဘုရားဂုဏ်တော်ကို အဆက်မပြတ်ဆိုနေလိုက် သည်။ ခဏနေတော့ အမေယူပေးတဲ့ ဘုရားသောက်တော်ရေ သောက်ပြီး မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည်။ ဧည့်ခန်းထဲတွင် ဘယ်သူမှ ရှိမနေတော့…။ ကျွန်တော် မျက်နှာသစ် ဘုရားရှိ ခိုးပြီး အိပ်ယာဝင်ခဲ့လေတော့သည်။

(မှတ်ချက်။   ။ မစမ်းသပ်သင့်ပါ…။ ခွေးများကြောင်များအား ချစ်ပြီး တအားနမ်းတတ်သောသူများ သတိထားပါ..။ သင်ကံနိမ့်သော အခါနှင့်ကြုံလျှင် ၎င်းတို့၏ မျက်ချေးသည် ပရလောကကို မြင်နိုင် စွမ်းသည်။ တစ်ခါတစ်ရံ ခွေး၊ကြောင်များ သခင်မှန်းသိပါလျက်နဲ့ သင့်အား ထိုးဟောင်နေခြင်းသည် သင့်ကို ဟောင်ခြင်းမဟုတ်….. သင်မမြင်နိုင်သော ပရလောကသားအား ဟောင်ခြင်း ဖြစ်လေတော့ သည်။)

Credit : အောင်ထွန်းဦး