အကျွတ်အလွတ်

ကျွန်တော်သည် ကျွန်တော်တို့မြို့၏ နာရေး ကူညီမှုအသင်းတွင် ပရဟိတယာဉ်မောင်း ဝင်လုပ်ခဲ့သည်မှာ သုံးနှစ်ကျော် လေးနှစ်နီးပါး ရှိလေပြီ။

လူသေအလောင်းများ သယ်ယူပို့ဆောင်ပေးရသည့် နိဗ္ဗာန်ယာဉ်များ၊ အရေးပေါ်လူနာများကို ဆေးရုံများသို့ ပို့ဆောင်ပေးရသော အရေးပေါ်ကားများကို အလှည့်ကျ တာဝန်ယူ ဆောင်ရွက်သယ်ယူပို့ဆောင်ပေးခဲ့ရသော အကြိမ်အရေအတွက်မှာလည်း မနည်းတော့ချေ။

ကျွန်တော်တို့မြို့ရှိ နာရေးကူညီမှုအသင်းရုံးမှာ မြို့၏ သုသာန်အနီးတွင် ရုံးစိုက်ထားလေသည်။  အချို့တို့သည် ကျွန်တော်တို့မြို့၏ သုသာန်တွင် သရဲ၊ သဘက်၊ နာနာဘာဝများ တွေ့ရကြောင်းထို့ အပြင် နာရေးကူညီမှုရုံးတွင် သရဲတစ္ဆေများရှိနေကြောင်း တစ်ခါတစ်ရံ၌ မြင်တွေ့ရကြောင်း စသည်ဖြင့် ပြောဆိုကြ၏။ သို့သော်လည်း ကျွန်တော် ဝင်ရောက်တာဝန်ထမ်းဆောင်နေသည့် ကာလတစ်လျှောက်တွင် တစ်ခါတစ်ရံမျှပင် ရိုးတိုးရိပ်တိပ်မျှ မတွေ့ဖူးခဲ့ပါ။ နေ့နေ့ ညညဆိုသလို အရေးကိစ္စ ကြီးငယ်ပေါ်လျှင် ပေါ်သကဲ့သို့ ကျွန်တော်တစ်ယောက်တည်းလည်း သွားလာနေကျဖြစ်လေသည်။ ကျွန်တော့်ကို သရဲမကြောက်သော သတ္တိကောင်းသည့် လူစားဟု ပြောကြ၏။ တချို့ကမူ ကံမြင့်နေ၍ သရဲခြောက်မခံရခြင်း၊ လူကြမ်းသဖြင့် ပရလောကသားများက ကြောက်နေခြင်း ဖြစ်မည်ဟုလည်း ထင်ကြေးပေးကြသည်။

ကျွန်တော် ဖြတ်သန်းလာခဲ့သည့် အသက်လေးဆယ်အချိန်များအတွင်း စာထဲ၊ ပေထဲ၊ ရုပ်ရှင် ဇာတ်လမ်းများထဲတွင်သာ တွေ့ရသော နာနာဘာဝ၊ ပရ ဝိညာဉ်လောကသားများကို ပြင်ပလက်တွေ့တွင် တစ်ခါမျှ မတွေ့ဖူးခြင်းကြောင့် ယုံရခက်ခက်၊ မယုံရခက်ခက် ဝိဝါဒဖြစ်လိုနေလေသည်။ ကျွန်တော်က    အရေးကြီးလျှင် ကြီးသကဲ့သို့ နာရေးနိဗ္ဗာန်ယာဉ်ကို မောင်းပေးခဲ့ရာ တစ်ခါတစ်ရံ ညကြီးအချိန်မတော်တွင် လူသေအလောင်းကောင်နှင့် ကျွန်တော်တစ်ဦးတည်း ကားပေါ်တွင်ရှိနေပြီး ကာယကံရှင်တို့ အိမ် ရှိရာ တောကြို၊ အုံကြားအထိ မောင်းပို့ခဲ့ရသည်လည်းရှိ၏။ ကျွန်တော်အဖို့ ကုသိုလ်ရခြင်း၊ ကုသိုလ် လိုခြင်းကြောင့်ပင်လား မသိ၊ စိတ်မချမ်းမြေ့စရာမရှိ။ ကာယကံရှင်တို့အဖို့ ငိုကြွေးမြည်တမ်းပူဆွေးနေကြသော်လည်း ကျွန်တော့်အလုပ်၊ ကျွန်တော်တာဝန်ကို ကိုယ်ဖိ၊ ရင်ဖိ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက် ပြီးစီးမှသာ ကျွန်တော် ပြန်လာခဲ့တော့သည်။ ကာယကံရှင်များမှာ ပူဆွေးသောကဗျာပါဒများကြားမှ ကျွန်တော့်ကို ကျေးဇူးတင်စကားပြောသောအခါ ကျွန်တော့်မှာ ကြိတ်၍ ပီတိဖြစ်ရလေ၏။ ကျွန်တော်၏ လုပ်အား ကုသိုလ်၏ အရှိန်ပီတိပင်တည်း။

ကျွန်တော်တို့၏ နာရေးကူညီမှုအသင်းရုံးသို့  မြို့ပေါ်မှ လူကြီး၊ လူလတ်၊ လူငယ်များလည်း လာရောက်၍ အာလာပသလ္လာပ ပြောတတ်ကြသည်။ နေ့အချိန်များတွင် အစားအသောက်များ ဝယ်ယူ ဒါနပြုသူ၊ တစ်ခါတစ်ရံ အသင်းရုံးတွင် စုပေါင်း ချက်ပြုတ်စားသူ၊ ဇယ်တောက်သူ၊ ကျားထိုးသူ၊ ဘာသာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ လူမှုရေး ရောက်တတ်ရာရာများ ပြောဆို၍ တာဝန်ကျသူများကို ဝန်းရံပေးကြလေသည်။ ကျွန်တော်တို့ရုံး၏ နောက်ဘက်တွင် ငါးကန်ကြီးရှိသည်။ ထိုငါးကန်တွင် ရွှေငါး၊ ငွေငါးကလေးများစွာ မွေးမြူထားရှိသည်။ မြို့တွင်းမှ ငါးကုသိုလ်ဖြစ် လာရောက် ကျွေးမွေးကြသူများလည်းပေါ၏။ ထိုငါးများမမွေးမြူခင် အချိန်က ရေကူးလာကြသူများလည်း ပေါများသည်ဟု သိရလေသည်။ ထို့နောက် ရေနစ်သူများရှိသဖြင့် တာဝန်ရှိသူများက ရေကူးခြင်းခွင့်မပြုတော့ဟုဆို၏။

တစ်နေ့သ၌ ကျွန်တော်တို့၏ မြို့မှ စာရေး ဆရာအောင်စိန် ရောက်လာပြီး ရောက်တတ်ရာရာ စကားဝိုင်းဖြစ်လို့ နေသည်။ ဆရာအောင်စိန်သည် စိတ်၊ ဒဿန အတွေးအမြင်၊ ဂမ္ဘီရ၊ ပရလောက ရသစာပေများကို ရေးလေ့ရှိ၏။ သူသည် စာရေး ဆရာဖြစ်သောကြောင့် သူစကားလာပြောဆိုလျှင် ဟုတ်သည် မဟုတ်သည်၊ ယုတ္တိတန်သည်၊ မတန် သည်မသိ၊ စိတ်ဝင်စားစရာတော့ ကောင်းလှသည်။  ကိုအောင်စိန်က –

“ဒီလိုဗျ ဒီရုံးနောက်က ငါးကန်ကြီးမှာ ငါးတွေ မမွေးမြူခင်တုန်းက ကျွန်တော်ညနေ မှောင်ရီ ပျိုးဆို ကျန်းမာရေးအရ ရေလာလာ ကူးတယ်။ တစ်ခါတစ်ရံ နိဗ္ဗာန်ယာဉ်တွေထားတဲ့ ကားရုံထဲက လိုလို၊ ဘေးကလိုလို တောက်ခေါက်သံတစ်ခုကို ပီပီပြင်ပြင် ကြားနေရတယ်။ ကျွန်တော်ကတော့ ရုံးထဲကလူတွေ တစ်ခုခုကြောင့် စကားစမြည်ပြောရင်း တောက်ခေါက်တယ်ပဲပေါ့။ ဒါပေမဲ့ တစ်နေ့ ညနေ ကျွန်တော်ရေကူးဖို့ ပြင်ဆင်နေတုန်း ဘယ်သူ တစ်ဦးတစ်ယောက်မှ မရှိဘဲ တောက်ခေါက်သံအကျယ်ကြီးကို ကျွန်တော်ကြားလိုက်မိတယ်။ လူလည်း ခေါင်းနားပန်းကြီးပြီး ကြက်သီးမွေးညင်းတွေ တဖြန်း ဖြန်းထလာတာပေါ့။ ဒါပေမဲ့ စိတ်ထဲမှာ မထားတော့ဘဲ ရေကူးနေကြအတိုင်း ကုန်းပေါ်ကနေ ဒိုင် ဗင်ထိုးချလိုက်တဲ့အခါ ရေထဲက လူတစ်ယောက်က  ဒူးခေါင်းနဲ့ ထောင်တိုက်လိုက်သလိုမျိုး ခံလိုက်ရ တယ်။ တော်သေးတာပေါ့။ ရင်ခေါင်းတည့်တည့် မဟုတ်ဘဲ ပေါင်ကိုထိလို့။ ကျွန်တော်လည်း လန့်ဖျတ်ပြီး ကုန်းပေါ် အမြန်ပြန်တက်လိုက်ရတယ်။ ရေလည်း ဆက်မကူးရဲတော့ဘူး။ ကန်ရေပြင်ကို ကြည့်တော့လည်း ဘာမှ မတွေ့ရဘူး။ ဒါနဲ့ ကျွန်တော်လည်း သုတ်ချေတင်ပြန်ခဲ့ရရော ဆိုပါတော့”

စာရေးဆရာအောင်စိန်ရဲ့ စကားကို မယုံတစ်ဝက်၊ ယုံတစ်ဝက် ဟုတ်သော်ငြား မဟုတ်သော်ငြား နားထောင်နေကြသော လူတစ်စုမှာလည်း စိတ်ဝင်တစားတော့ဖြင့် ရှိနေလေသည်။

ကျွန်တော်တို့ မြို့၏နာရေး ကူညီမှုအသင်းရုံးသည် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် အကျွတ်အလွတ်ပွဲ လုပ်လေ့ရှိသည်။ မြို့မိမြို့ဖများနှင့် အသင်းလူကြီးများဦးဆောင်၍ သုသာန်တွင်း၌ အကျွတ်အလွတ် စေတီနှင့် သုသာန်တန် ဆောင်းဇရပ်ကိုလည်း ဆောက်လုပ်တည်ထား ကိုးကွယ်ကြ၏။

တစ်နေ့သော သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့တွင် နေ့လယ်ပိုင်းအချိန်၌ ကားမတော်တဆမှု ဖြစ်လေသည်။ ကျွန်တော် တာဝန်ကျသည့်နေ့ဖြစ်သဖြင့် အရေးပေါ် လူနာတင်ယာဉ်ဖြင့် အခင်းဖြစ်နေရာသို့ ရောက်သွားခဲ့သည်။ မြင်ကွင်းမှာ အဝေးမှ မြင်ယုံဖြင့်ပင် ကားနှင့် ကား ပေါ်ပါသူများမှာ မြင်မကောင်း ရှုမကောင်း၊ လမ်းမပေါ်တွင်လည်း သွေးများ ကလီစာများ၊ အရိုးအ သားများမှာ တစစီဖြစ်လို့နေ၏။ သစ်ပင်ကို ဝင်ဆောင့်ထားသည့် ကားမှာလည်း ရှေ့ခေါင်းပိုင်း တစ်ခုလုံး ရစရာမရှိ၊ ကြေမွနေလေသည်။ ကျွန်တော် တွေးထင်ထားသည့်အတိုင်းပင် ယာဉ်မောင်းသူမှာ   လွတ်ဖွယ်ရာမရှိ။ ရွာနီးချုပ်စပ်မှ လူများလည်း ဝိုင်းအုံလုပ်ကိုင်ကူညီပေးနေကြသည်။ ယာဉ်မောင်းသူ၏ လက်ကိုင်တယ်လီဖုန်းမှ လောလောဆယ် ဆက်သွယ်ထားသော တယ်လီဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ တစ်ဖက်မှ အမျိုးသမီးအသံပေါ်လာ၏။

“ဟဲလို မောင်လား အိမ်ပြန်ရောက်နေပြီလား။ ခဏစောင့် လမ်းထိပ်မှာ ဈေးဝယ်နေတယ်။ ခု ပြန်လာပြီ”

ကျွန်တော် စကားပြန်မပြောတော့ဘဲလျက် ထိုယာဉ်မောင်း၏ အိမ်ရှိရာသို့ လူနာတင်ကားနှင့်ပင် သွားလိုက်တော့၏။ သူ၏အိမ်သို့ ရောက်သောအခါ အကျိုးအကြောင်း ပြောဆိုပြီး သူ၏ဇနီးကို အချင်းဖြစ်ရာနေရာသို့ ကားဖြင့် တင်ခေါ်လာလေသည်။ ထူးဆန်းနေသည်မှာ အချင်းဖြစ်ပွားချိန်နှင့် ကျွန်တော်တို့၏ သွားချိန်လာချိန်များသည် အနည်းဆုံး နှစ်နာရီနီးပါးခန့်ရှိလေသည်။ သို့သော် သေဆုံးသူ ယာဉ်မောင်း၏ ဇနီး ပြောပြချက်အရ သူနှင့် စကားပြောဆက်သွယ်နေသည်မှာ လွန်ခဲ့သည့် ဆယ် မိနစ်ခန့်ကပင် ရှိနေကြောင်းပင်ဖြစ်သည်။ ကျွန်တော်၏ အတွေးများပင် ဇဝေဇဝါဖြစ်သွားခဲ့၏။ သေသူ ယာဉ်မောင်း၏ ဖုန်းကို တစ်ဦးတစ်ယောက် ယူ၍ ဆက်သွယ်နေခြင်းလည်း မဖြစ်နိုင်။ ကျွန်တော် ရောက်မှသာ သူ၏ တယ်လီဖုန်းကို ရှာဖွေဆက်သွယ်ရန် အကြံရမိခြင်းဖြစ်လေသည်။ ထိုကိစ္စမှာလည်း ကျွန်တော်၏ အလုပ်အတွေ့အကြုံများက သင်ပေးထား၍ဖြစ်သည်။

ကျွန်တော်အဖို့ စဉ်းစားရခက်နေသည်။ သို့သော် အလုပ်က မပြီးသေး။ ဆက်လက်လုပ်ဆောင် ရမည့်ကိစ္စများက ရှိနေသေးသည်။ လူနာတင်ယာဉ်အပြင် နာရေးယာဉ်များလည်း ဆက်သွယ်ရောက်ရှိ လာပြီး ဆေးရုံ ပို့ကြရလေတော့သည်။ ထပ်မံ၍ ထူးခြားနေသည်မှာ သေသူ၏ ဇနီးသည်၏ တည် ငြိမ်မှုပင်ဖြစ်သည်။ သူ့ယောကျာ်းသေဆုံးသွားခြင်းကို ယခုထိ မယုံကြည်နိုင်သေးခြင်းလား၊ အပူဗျာပါဒများ အားကြီး ဖိစီးနေခြင်းလား။ တရား သံဝေဂ သဘောတရားများ ကိန်းအောင်းနေခြင်းလား မသိ။ တည်ငြိမ်လွန်းလှသည်။ ငိုလည်း မငိုကြွေး၊ သူမ၏ ဆန္ဒအရပင် ဆေးရုံမှ စစ်ဆေးချက်ယူပြီး  ကျွန်တော်တို့ မြို့၏ သုသာန်တွင်ပင် နေ့ချင်း သြင်္ဂိုဟ်လိုက်လေတော့သည်။ သြင်္ဂိုဟ်ခါနီး ခေါင်းဖွင့်ပြသည့်အခါ၌လည်း သူ၏ခင်ပွန်း ရုပ်ကလာပ်မျက်နှာကို မမှိတ်မသုန် တည်တည်ငြိမ်ငြိမ်ဖြင့် အသုဘရှုနေခြင်းမှာလည်း အံ့ဩစရာဖြစ်လို့ နေမိသည်။

နောက်နေ့ သီတင်းကျွတ်လပြည့် နံနက်ပိုင်းအချိန်တွင် ရပ်မိရပ်ဖများနှင့် အသင်းအလုပ်အမှု ဆောင်အဖွဲ့များသည် ထုံးစံအတိုင်း လုပ်နေကျ အကျွတ်အလွတ်ပွဲ လုပ်ကြလေတော့သည်။ မြို့ပေါ် ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများပင့်၍ အကျွတ်အ လွတ်စေတီတန်ဆောင်းဇရပ်တွင် လှူဒါန်း၊ သီလယူ၊  အမျှဝေ၊ သာဓုခေါ်ဖြင့် အကျွတ်အလွတ် ကိစ္စအတွက် ရွတ်ဖတ် သရဇ္ဈာယ်ကြလေသည်။ ကြွရောက်လာသည့် ဧည့်ပရိသတ်များကိုလည်း၊ စားသောက်ဖွယ်ရာ၊ အစားအစာ မုန့်ပဲသရေစာများနှင့် ဧည့်ခံ ကျွေးမွေးကြသည်။ ထိုနေ့ နံနက်ပိုင်းတွင် ယမန်နေ့က ကားမတော်တဆမှုဖြင့် ကွယ်လွန်သွားသော ယာဉ်မောင်းသူ၏ ဇနီးကိုလည်း တွေ့ရပြန်၏။ သူသည် တည်တည်ငြိမ်ငြိမ်ပင် ပရိသတ်ကြား၌ ရို့ရို့ကလေး နေရှာသည်။ နံနက်ပိုင်း အစီအစဉ်များ ပြီးသောအခါ သူမက နှုတ်ဆက်၍ ပြန်သွားလေတော့သည်။

ကျွန်တော်တို့အဖွဲ့သည် ညပိုင်းတွင် အကျွတ်အလွတ်ပွဲ၌ မကျွတ်မလွတ်နိုင်ကြသေးသော ဝိညာဉ်များကို ထမင်း၊ အမဲသားတို့ဖြင့် ကျွေးမွေးဒါနပြု၍ သူတို့ကို အမြန်ဆုံး ကျွတ်လွတ်နိုင်ရန် ဆုတောင်းပေးရသော အစီအစဉ်ဖြစ်သလို ကျွန်တော်တို့အဖွဲ့သည် ညရှစ်နာရီခန့်မှစတင်၍ ထမင်း၊ အမဲသားတို့ကို ပြင်ဆင်လျက် တစ်ပုံစီ ခွဲဝေ၍ သုသာန်သင်္ချိုင်း နေရာအနှံ့ဘက်သို့ သတင်းစာ စက္ကူခင်း၍ ဝိညာဉ်များကို လာရောက် စားကြသောက်ကြပါရန် ဖိမန္တက ပြု၍ ကျွေးမွေးရလေသည်။ ထိုစဉ် ကျွန်တော်၏ မျက်စိကိုပင် ကျွန်တော် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရလေတော့သည်။ အမှောင်ထဲ ချောင်ကျကျနေရာတွင် အမျိုးသမီးတစ်ဦးသည် ဆံပင်ဖားလျားဖြင့် အကျွတ်အလွတ် ထမင်းဟင်းများကို မြိန်ရှက်စွာ စားသောက်နေခြင်းကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သတည်း။

ဋ္ဌေးအောင်စိန်(အင်းမ)