ကိုယ်တွေ့တစ္ဆေမ

စာရေးသူမှာ ယခုအသက်အရွယ်အားဖြင့် အတော်ကြီးရင့်နေပြီ။ ၇၅ နှစ်ဟူသော သက်တမ်းအရ ယခုကာလ လူ့သက်တမ်းတွင် အဘိုးအရွယ်၊ အဘအရွယ် ရောက်နေတာတော့ သေချာသည်။

ပြီးတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းပြု နေသော၊ ပြုခဲ့သော အလုပ်အကိုင်က စာရေးဆရာ တစ်ယောက်ဖြစ်နေ၍ ရပ်ကွက်နှင့် မြို့နယ်မှာရာထူး ဌာနန္တရမရှိသော်ငြားလည်း လူရိုသေ ရှင်ရိုသေဆိုသော အကန်တော့ခံပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်၏။ အသက်အရွယ် ကြီးရင့်သည်နှင့်အမျှ အတွေ့အကြုံ တော်တော်များများလည်း ရခဲ့သည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အတွေ့အကြုံတွေ များမြောင်လှသည်တွင် စာရေးသူသည် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်း စာများတွင် သင့်ရာလိုက်ဖက်ရာ ရေးသားခဲ့သူဖြစ် ၏။ ထိုကြားထဲတွင် တစ္ဆေ၊ သရဲနှင့် ပတ်သက် ယှက်နွှယ်သော ဂမ္ဘီရဝတ္ထု ဆောင်းပါးများ၊ လျှို့ဝှက် ဆန်းကြယ်များကို အလျဉ်းသင့်လျှင် သင့်သလို ရေးသားခဲ့သည်။

ထို့ကြောင့်လားမသိ စာဖတ်ပရိသတ်များက တစ္ဆေ၊ သရဲ တကယ်ရှိ မရှိဆိုသော မေးခွန်းကို စာရေးသူအား မေးမြန်းလေ့ရှိကြသည်။

ထိုအမေးကို ပြောရမှာက မေးမြန်းသူနှင့် ဖြေဆိုသူ နှစ်ဦး၏ ကိုယ်တွေ့ အတွေ့အကြုံရှိထားမှု  ရှိခဲ့မှုအပေါ် အများကြီးမူတည်နေကြောင်း ကျွနု်ပ်၏ အတွေ့အကြုံအရ လုံးဝလက်ခံယုံကြည်ထားလိုက် သည်။

တစ္ဆေ၊ သရဲ တကယ်ရှိ မရှိ မေးမြန်းသူက မေးမြန်းလျှင် ထိုမေးမြန်းမှုကို အဖြေပေးမည့်သူက  မေးမြန်းသူမှာ တစ္ဆေသရဲ တကယ်အခြောက်အလှန့် ခံရဖူးလျှင် တစ္ဆေ၊ သရဲ တကယ်ရှိသည်ဟု ယုံကြည် သွားပါလိမ့်မည်။ တစ္ဆေ၊ သရဲ တစ်ကြိမ်တစ်ခါမှ အခြောက်မခံရသူဖြစ်ပါမူ တစ္ဆေ၊ သရဲ တကယ်ရှိမရှိ ဆိုတာကို ဒွိဟဖြစ်ကာ ယုံသလိုလို မယုံသလိုလို သံသယစိတ်နှင့်သာ တွေဝေနေမည်ဖြစ်သည်။

စာရေးသူအနေဖြင့်မူ တစ္ဆေ၊ သရဲ တကယ် ရှိမရှိ ယုံကြည်ခြင်း လက်ခံခြင်းမှာ သူ၏ကိုယ်ပိုင် အခွင့်အရေးဖြစ်ပြီး စာရေးသူအနေဖြင့် တစ္ဆေသရဲ  တကယ်ရှိကြောင်း၊ မရှိကြောင်း စာရေးသူ ငယ်စဉ်ဘဝက အတွေ့အကြုံကို အမှတ်တရပြန်၍ ပြောဆို  ပြရန် အကောင်းဆုံးဟုပဲ ရည်သန်ရင်းစွဲရှိခဲ့လေသည်။

စာရေးသူ ယခုအသက် ၇၅ နှစ်အထိ ပရလောက ဂမ္ဘီရဖြစ်စဉ်အကြောင်းများ ရေးသားနေသော်လည်း စာရေးသူ စိတ်ထဲစွဲမြဲနေကာ မျက်စိ ထဲမြင်မြင်နေသော ဖြစ်ရပ်ပင်တည်း။ ဟုတ်သည် မဟုတ်သည် စာဖတ်သူများ ဆုံးဖြတ်ရန်ပင် ဖြစ်၏။

စာရေးသူ ငါးနှစ်သားအရွယ်က ဖြစ်ခဲ့သော  အဖြစ် ဖြစ်ရပ်မှန် ဝတ္ထုတစ်ပုဒ်အဖြစ် ရေးရန်သော် လည်းကောင်း၊ ဆောင်းပါးတစ်ပုဒ်အဖြစ် တင်ပြရန် လည်းကောင်း ထိုအကြောင်း ရေးမည်ဟု ကြံစည် တိုင်း ငါးနှစ်သားအရွယ်မှာ တွေ့ကြုံခဲ့ရသော အဖြစ်မှာ ကလေးဘဝဖြစ်နေ၍ ကလေးတစ်ယောက်အနေနှင့် ကလေးတွေးကလေးမြင်ပဲ ဖြစ်သည်ဟု ယူဆကြမည်ကိုတွေးပြီး ထိုအဖြစ်ကို ကျွနု်ပ် စာရေးသက်တစ်လျှောက်လုံး တစ်ခါဖူးမျှ ရေးသားဖော်ပြခဲ့ခြင်း မရှိသေးပါ။

ကျွန်ုပ်ငယ်စဉ် ကာလမှာ ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် နေထိုင်ခဲ့ပါသည်။ ဒလမြို့သည် ဧရာဝတီသင်္ဘောကျင်းဟု ခေါ်သော အရှေ့ဘက် ကမာအောင်ချောင်းမှ အနောက်ဘက် ယခင် မသာချောင်း ယခု ဒေါ်သာချောင်းဟု အမည်သစ်ပေးထားသော သင်္ဘောကျင်း ပြည်တွင်းရေကြောင်း ဝယ်ယူ ပို့ဆောင်ရေး သင်္ဘောကျင်းတစ်ဝိုက်သာ လျှပ်စစ် မီးမှိန်ပျပျသာ ရှိပြီး တကယ့်တောမြို့ကလေးသဖွယ် သာ ဖြစ်ပါသည်။

ယခု ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ နေ့စဉ် မှန်မှန် ခုတ်မောင်းပေးနေသော သင်္ဘောတွေပင် မရှိသေးပါ။ ပန်းဆိုးတန်းမှ ကမာအောင်ချောင်း ဒလမြို့မဘက်သို့ ခရီးသည်ပို့ပေးနေသော လက်ခတ်သမ္ဗန်အချို့သာရှိသည်။ ဒလမြို့ဟု သတ်မှတ်ထားသော ထိုသင်္ဘောကျင်း၏ တောင်ဘက်ပိုင်းတွင် ဒလမြို့မ ရပ်ကွက်ကြီးရှိပြီး ကျန်နေရာများမှာ တောလက်ကျေးရွာများမှ ပြောင်းရွှေ့လာကြသော အိမ်မြေအချို့ ဟိုနေရာတစ်စု သည်နေရာ တစ်စု ခပ်ကျဲကျဲရှိနေသည်။

သင်္ဘောကျင်း၏ အနောက်ဘက် ယခု အောင်မင်္ဂလာရပ်ကွက် နေရာမှာ ကွမ်းခြံကုန်းဘက်မှ စစ်ဘေးစစ်ဒဏ်ကြောင့် ပြောင်းပြေးလာကြရသော ကျွန်ုပ်ဆွေမျိုးအုပ်စု၏ခြံနှင့် အိမ်များရှိကြပြီး လယ်တောခရာချုံ၊ လမုချုံများကို ခုတ်ထွင်ရှင်းလင်း ရွာတည်၊ ရပ်ကွက်တည်လုပ်ကြ၍ ခြံတွေမှာ တစ်ခြံ နှင့်တစ်ခြံ အော်ခေါ်ရမတတ် လူဦးရေနည်းပါး အိမ် ခြေကျဲပါးလှ၏။

ကျွန်ုပ်တို့ဘိုးဘွားတွေနေသော ခြံတောင်ပိုင်း တွင် မသာချောင်း ခြားထားပြီး ချောင်းတစ်ဖက်ကမ်းတွင် သင်္ချိုင်းကြီး ရှိလေသည်။ ဒလမြို့သည် ရန်ကုန် တစ်ဖက်ကမ်း၏ အနီးဆုံးမြို့ဖြစ်နေ၍ မြို့ဟောင်း အနေဖြင့် လူဦးရေ အထိုက်အလျောက်များသဖြင့် ဒလသင်္ချိုင်းမှာလည်း ရှေးဗမာသင်္ချိုင်းအဖြစ် သင်္ချိုင်း အင်္ဂါရပ်နှင့် ပြည့်စုံသည်။

သင်္ချိုင်းအဝင်မှစ၍ နားနေဇရပ်ရှိကာ လျှောက်လမ်းမှ အတွင်းသို့ ဝင်သွားလျှင် သရဏဂုံတင်၊ သီလပေး ဇရပ်ကြီးသီးသန့်ရှိနေကာ ကြေးရတတ် လူချမ်းသာတို့၏ အုတ်ဂူကြီးတွေလည်း အစီအရီ ရှိနေလေသည်။

ဒလမြို့မလမ်းမှနေ၍ သင်္ချိုင်းကုန်းသို့ မသာ ချသွားရာ လမ်းကိုလည်း သီးသန့်နာမည်ပေးထားသည်မှာလည်း ကြည့်ပါဦး။

“ငိုသံကြားလမ်း”

ဆိုရလျှင် –

ကျွန်ုပ်တို့ နေထိုင်ရာ ဘိုးဘွားများ နေထိုင်သည့် အိမ်နှင့်ခြံကြီးမှာ ဒလမြို့ သင်္ချိုင်းကုန်း၏ မြောက်ဘက်ခြမ်းမှာရှိပြီး ချောင်းကမ်းပါးတွင် အမြဲစိမ်း တောစိုများနှင့် မသာချောင်းက ခြားထား လေသည်။ တစ်ခါ သင်္ချိုင်းကုန်း၏ တောင်ဘက် အဆုံးတွင် လယ်ကွက်အချို့နှင့် ညောင်ကုန်းရပ်ကွက် ရှိပြီး ဒလမြို့၏ အရှေ့မြောက်ဘက်ခြမ်း စီးဝင်ပြီး သပြေကုန်းရွာဘက်တွင် ဆုံးသော ကမာအောင်ချောင်းက နယ်နိမိတ် သတ်မှတ်ထားလေသည်။

ဒလ ညောင်ကုန်းရွာ ကမာအောင်ချောင်းပေါ် တွင် သ နံပါတ် ဆန်စက်ကြီးက ခေါင်းတိုင် မည်း မည်းကြီးနှင့် လယ်ကွင်းတောရပ် အိမ်မြေများပေါ်မှ အထင်းသားကြီး ပေါ်ထွက်နေလေသည်။ ညတစ်ညတွင် ဗိုက်နာ၍ ဝမ်းသွားလိုသဖြင့် ကျွန်ုပ်ကို ထိန်းသည့် အဒေါ်နှင့်အမေ့ကို နှိုး၍ နောက်ဖေးဘက်မှာ ရှိသော အိမ်သာသို့ လာခဲ့သည်။

အဒေါ်ကတော့ ငယ်ရွယ်သူမို့ “ညကြီးသန်းခေါင် အချိန်မတော်ကြီးမှာ တော်တော် ဒုက္ခပေးတဲ့ ကလေး” ဘာပဲညာပဲ ဗျစ်တောက်ဗျစ်တောက် ပြော ပြီး လိုက်လာခဲ့သည်။ ကျွန်ုပ်တို့အိမ်သာမှ ဆန်စက် ကြီးကို ညအချိန်ပင်ဖြစ်သော်လည်း ထီးထီးထင်းထင်းကြီး မြင်နေရလေသည်။

ဆန်စက်ကြီး၏ခေါင်းတိုင်မှ မီးခိုးမည်းမည်းကြီးတွေ လိပ်၍လိပ်၍ တက်နေ၏။ ထိုအချိန်က ပြုတ်ဆန်နှင့် ကြိတ်ခွဲရသော ခေတ်မို့ စပါးအထွက် ကောင်းသော မြန်မာနိုင်ငံမှာ ဆန်စက်တွေ နေ့မီးညမီး မပြတ်ဘဲ ဘွိုင်လာမီးထိုးပြီး လည်ပတ်နေရချိန်ဖြစ် ၏။ ဆန်စက်ကြီး၏ မီးခိုးခေါင်းတိုင် မည်းမည်းကြီး ထဲမှ မီးခိုးတွေနှင့်အတူ မိန်းမတစ်ယောက် ဆံပင် ဖားလျားချကာ အလျားလိုက်ကြီး လဲလျောင်းလျက် အနေအထား ထွက်လာသည်ကို ကျွန်ုပ်တွေ့လိုက်ရသည်။

မီးခိုးခေါင်းတိုင် အပေါက်ဝမှ မီးခိုးတွေနှင့် ထွက်လာပြီး အိပ်နေသလို အလျားလိုက် ခေါင်းတိုင် တစ်ပြန်လောက် ခေါင်းနှင့်စ၍ ထွက်လာလိုက်၊ နောက်ခဏအကြာ ထိုမီးခိုတွေကြားကပင် ခြေတောက်ကြီးဘက်ကနေ မီးခိုးခေါင်းတိုင်ထဲ ဝင်သွား လိုက် လုပ်နေသည်မှာ အတော်ကြီးကိုကြာသည်။ အခေါက်ခေါက် အခါခါ လုပ်နေခြင်းဖြစ်၏။

ကျွန်ုပ်ငါးနှစ်သားအရွယ်မို့ တစ္ဆေသရဲ ဆိုတာကိုတော့ ကြားထားသိထားသည်။ အလောင်းပုံသဏ္ဌာန်နှင့် မီးခိုးထဲကနေ မီးခိုးခေါင်တိုင်ထဲ မသာကြီးလို ခြေမလှုပ်လက်မလှုပ် တောင့်တောင့်ကြီး အနေအထား ခေါင်းဘက်က ထွက်လာလိုက်၊ ဦး ခေါင်းနှင့် ဆံပင်ဖားလျား လေထဲရောက်သွားပြီး ခြေထောက်တွေ လွတ်အောင် ခပ်ဝေးဝေးရောက်၊ နောက်တစ်ခါ ခြေထောက်ဘက်ကနေ တောင့် တောင့်ကြီး မီးခိုးခေါင်တိုင်ထဲပြန်ဝင် လူတစ်ကိုယ် လုံး ခေါင်းတိုင်ထဲရောက်၊ ပျောက်သွား။

နောက်တစ်ခါ မီးခိုးခေါင်းတိုင်ထဲက ထို မိန်းမကြီး ထိုပုံစံအတိုင်းပြန်ထွက်လာ။ ကျွန်ုပ်တစ္ဆေ၊ သရဲချောက်နေသည်လို့မထင်။ ကြည့်လို့ပင် ကောင်းနေ၏။ “မေမေနဲ့ ဒေါ်ဒေါ် မီးခိုးခေါင်းတိုင်ကြီးထဲ မိန်းမကြီးတစ်ယောက် ဆံပင်ဖားလျားကြီးနဲ့ မီးခိုး တွေနဲ့ အတူ ထွက်လာလိုက်၊ နောက်ပြီး အိပ်လျက် သား ပြန်ဝင်သွားလိုက်နဲ့ ဘာလုပ်နေလဲ မသိဘူး”

“ဟဲ့ အို”

ဒေါ်ဒေါ်က ထိတ်လန့်တကြား ရေရွတ်သည်။ အမေကတော့ ကြောက်ကြောက်လန့်လန့်ဖြင့် ကျွန်ုပ်လက်ကိုဆွဲယူ၍ အိမ်သာဘက်ကနေ အိမ်ဘက်ကို ဆွဲပြေးသည်။ အိမ်ထဲသို့ ရောက်သည်နှင့် မီးဖို ချောင်တံခါးကို ကမန်းကတမ်း ပိတ်ပစ်သည်။

“ကလေးကို နေ့လယ်က ဆန်စက်ပြုတ်ကန်ထဲ ပြုတ်ကျပြီးသေတဲ့ မိတာ သရဲခြောက်ပြီနဲ့တူ တယ်။ အဖေတို့ကို နှိုးမှ”

ကျွန်ုပ်မှာ အမေ အလန့်တကြား ရေရွတ် ပြောဆိုနေ၍ သရဲခြောက်သည်ဆိုသော စကားကို မဝေခွဲနိုင်ဘဲ ကြားလိုက်ရသည်။

တကယ်ပဲ ဆန်စက်ပြုတ်ကန်ထဲ ပြုတ်ကျ သေဆုံးခဲ့သော မိန်းမက တစ္ဆေသရဲဖြစ်၍ ခြောက်သလား၊ ကျွန်ုပ်ထိုအချိန်က ဂဃနဏမသိသော် လည်း ကျွန်ုပ်သည် တစ္ဆေသရဲ၊ တကယ်ရှိမရှိ ပြော ရန် အဖြေကိုမူ ယခုအသက် ၇၅ နှစ် အရွယ်အထိ စွဲမြဲစွာ သိရှိသွားလေပြီ။

တစ္ဆေသရဲ တကယ်ရှိသည်။ တစ္ဆေသရဲ သည် သူချောက်ရမည့်သူကို ချောက်မည်။ လှန့်မည်။ ကိုယ်ထင်ပြမည်။

ကံနိမ့်၊ ကံမြင့်နှင့်လည်း ဆိုင်သည်ဟု ဗုဒ္ဓဘာသာ အယူအဆနှင့် ဆိုကြရမည်ဖြစ်၏။

ကျော်မင်းနိုင်