ကိုယ့်သချိုင်းကိုယ်တူးသူများ

“ဒိုင်း”

“ဒိုင်း”

သေနတ်သံနှစ်ချက်ဆင့်၍ ကြားလိုက်ရတာနဲ့ အသက်လုပြေးလာတဲ့ အောင်မင်းနဲ့ ဘတိုးတို့နှစ်ယောက် ရုတ်တရက် မြေပြင်မှာ မှောက်ချလိုက်ရတယ်။

“ရွှီး”

“ရွှီး”

ကျည်ဆန်နှစ်တောင့် သူတို့ခေါင်းပေါ်ကနေ လေထုကို ဖြတ်သန်းသွားတယ်။

မှောင်ကြီးမည်းမည်း မီးစနှစ်စ ရှေ့က သစ်ပင်မည်းမည်းကြီးထဲ စိုက်ဝင်သွားပုံရတယ်။

ဒီသစ်ပင်ကြီးဟာ အုတ်ဖိုစုသင်္ချိုင်းက ရွာတည်ရပ်တည် ညောင်ပင်ကြီးပဲ။ ညောင်ပင်ကြီးရဲ့ နောက်မှာ အုတ်ဂူတွေ မြေပုံတွေ အထပ်ထပ်ရှိနေ တဲ့သင်္ချိုင်းကုန်းကြီးက အောင်မင်းနဲ့ ဘတိုးကို တစ် အားတက်သွားစေလေရဲ့။

သူ့ဘေးက မှောက်လျက် မြေပြင်မှာ ရင်ဘတ်အပ်ပြီး ကြောက်လန့်နေတဲ့ ဘတိုးကို အောင် မင်းက လေသံတိုးတိုးနဲ့ –

“နောက်ကလူတွေ လိုက်လာတာ မနည်း ဘူး။ သင်္ချိုင်းကုန်းထဲ ဝင်ပုန်းမှဖြစ်မယ်”

“အေး”

ဘတိုးက လေသံခပ်အုပ်အုပ်နဲ့ အေးလို့ အာလုပ်သံနဲ့ ပြောပြီး မှောက်ချထားလျက်က လေးဖက် ပြင်ထောက်တယ်။

ဒူးနဲ့ တံတောင်အသုံးပြုပြီး ရှေ့ကိုတိုးတယ်။

ရှေ့မှာ ညောင်ပင်ကြီးက အုပ်ဆိုင်းပြီး အမှောင်ထုက ကြီးစိုးထားတာကြောင့် ဒုစရိုက်သား နှစ်ကောင် လွတ်အောင်ပြေးဖို့ တအား တက်စေနေ လေရဲ့။

“ဓားပြနှစ်ကောင်ကို မိအောင်ဖမ်း။ မိရင် အဲဒီနေရာမှာတင် တံစို့ထိုးပြီး မီးမြှိုက်ပစ်မယ်”

နောက်ကလိုက်လာတဲ့ ရွာသားတွေရဲ့ ကြိမ်းမောင်းသံတွေက ကြောက်စရာလန့်စရာကြီး။

ဒါပေမဲ့ သူတို့နှစ်ယောက် ကြောက်လန့်ပြီး နောက်တွန့်နေလို့ မဖြစ်။

ရှေ့ကို လေးဖက်ထောက်ပြေးရင်းက ညောင်ပင်ကြီးဆီ အရောက်လာခဲ့တယ်။

စိမ်းစိုဝေမှောင်နေတဲ့ ညောင်ပင်ကြီးအောက်ရောက်တော့ ရွာသားတွေလိုက်လာရာဘက်နဲ့ တစ် ဖက်ဆီဖြစ်တဲ့ ညောင်ပင်ကြီးအနောက်ဘက် ပင်စည်ကြီးမှာ ခိုကပ်လိုက်ကြတယ်။

အောင်မင်းနဲ့ ကတိုးတို့ နှစ်ယောက်စလုံး မောဟိုက်နေကြပြီ။

နှစ်ယောက်စလုံး စစ်လွယ်အိတ် စလွယ် သိုင်း လွယ်ထားကြတယ်။

မှောင်ထဲမှာ တစ်ယောက်လွယ်အိတ် တစ်ယောက်လက်တစ်ဖက်ဆီနဲ့ စမ်းကိုင်ရင်း သူတို့ ဓားပြ တိုက်ရာက ပါလာတဲ့ ရွှေ၊ ငွေ၊ စိန်ကျောက်တွေအတွက် လောဘဇောက တက်လိုက်သေးတယ်။

“တော်သေးတာပေါ့ လွယ်အိတ်တွေ မကျန်ခဲ့လို့”

“အသက်နဲ့ရင်းပြီး တိုက်ခဲ့ရတာ ကျန်လို့ ဖြစ်မလား”

အန္တရာယ်ကြားထဲမှ ရမ္မက်မီးတောက်တွေ လောင်မြိုက်နေတာ မဆင်ခြင်နိုင်ဘူး။ နောက်က လိုက်လာတဲ့ သူကြီးနဲ့ ရွာသားအုပ်စုက လယ်ကန် သင်းရိုးတစ်ခုကို ကျော်ပြီး ချောင်းရိုးကို ဖြတ်တော့ မယ်။

ချောင်းက သင်္ချိုင်းကုန်းဘေးက ဖြတ်ပြီး စီးဆင်းနေတဲ့ တောင်ကျချောင်းဆိုတော့ မိုးရောနွေ ပါ ရေမပြတ်ဘူး။ မိုးရာသီမှာ ရေပြည့်နေပြီး နွေရာ သီမှာတော့ ရေစပ်စပ်စီးဆင်းနေတာပဲကွာတယ်။

ရွာလယ်ကွက်တွေနဲ့ သင်္ချိုင်းကုန်းကို အဲဒီ တောင်ကျချောင်းက ခြားထားလေရဲ့။ ချောင်းပေါ်က ဖြတ်ပြီး သစ်သားတံတားတစ်ခု ထိုးထားတာက လည်း ဟောင်းမြေ့လို့နွမ်းလှပြီ။ နှောင်းလူတွေ သဒ္ဓါ နည်းလှလို့ ဟောင်းနွမ်းနေတဲ့ အဲဒီတံတားအိုလေးကို ပြင်ရကောင်းမှန်း မသိကြ။ သူကြီးနဲ့ ရွာသားတွေ လက်နှိပ်ဓာတ်မီး ဟိုထိုးသည်ထိုးလုပ်ပြီး ဓားပြ နှစ် ယောက်ကို ချောင်းရိုးတစ်ဝိုက် ဟိုရှာဒီရှာ လုပ်နေ တုန်း ဓားပြနှစ်ယောက်က တံတားထိပ်ညောင်ပင် ကြီးအရိပ်ကနေ သင်္ချိုင်းထဲကို ဝင်ပြေးကြပြီ။

အုတ်ဖိုစုရွာက ရွာကြီးဆိုတော့ သင်္ချိုင်းက လည်း ကြီးတယ်။ လူမျိုးစုံ ဘာသာစုံနေထိုင်တော့ သင်္ချိုင်းကြီးတစ်ခုထဲမှာတင် အပိုင်းအခြားအမှတ် အသားလုပ်ထားပြီး ကုလားမသာ၊ တရုတ်မသာ အစုံ မြှုပ်နှံသြင်္ဂိုဟ်ကြတာမို့ တရုတ်၊ ကုလား၊ ဗမာ၊ အုတ်ဂူပေါင်းစုံ၊ မြေပုံပေါင်းစုံ အထပ်ထပ်အစီအရီ။

အောင်မင်းနဲ့ ဘတိုး မြေပုံတွေကြားကနေ အုတ်ဂူတွေဆီ တိုးဝင်လာခဲ့တယ်။ အဲဒီအချိန်မှာ သူကြီးနဲ့ ရွာသားတွေက ချောင်းရိုးတစ်လျှောက် လက်နှိပ်ဓာတ်မီးနဲ့ထိုးပြီး ဓားပြနှစ်ယောက်ကို သဲသဲ မဲမဲ ရှာနေကြပြီ။ ဘတိုးနဲ့ အောင်မင်းဂူကြီးတွေကြား ထဲမှာ ခိုကပ်ထားကြရာက အမောအပန်းဖြေရင်း စိုးရိမ်ကြောက်လန့်နေကြရာက မီးတွေတဝင်းဝင်း တလက်လက်ဖြစ်နေတဲ့ ရွာသားတွေဆီ လှမ်းကြည့် ပြီး တုန်လှုပ်ချောက်ချားနေကြလေရဲ့။

“ဟော ချောင်းရိုးကိုကျော်ပြီး ညောင်ပင်ကြီး ဘက်ရောက်လာပြီ။ ဆက်ပြေးကြမှတူတယ်”

“ဆက်ပြေးလို့ ဖြစ်မလားကွ၊ သင်္ချိုင်းထဲကို အချို့ရွာသားတွေဝင်လာပြီ”

“ဒါဆိုသင်္ချိုင်းစောင့် အမေ မဖဲဝါကြီးကို တိုင်တည်အားကိုးရမှာပေါ့”

“အေး အဲဒါကောင်းတယ်။ အမေ မဖဲဝါ ခင်ဗျား၊ မလိမ်မိုးမလိမ္မာ သားလေးနှစ်ယောက်ကို အမေ့ပိုင်နက် သင်္ချိုင်းထဲမှာ သူကြီးနဲ့ ရွာသားတွေ မမြင်အောင် ဝှက်ပေးပါခင်ဗျား။ သူတို့အန္တရာယ်က လွတ်ရင် အမေမဖဲဝါကို အုတ်ဖိုစုဈေးထိပ်က တရုတ် အလျှံဆိုင်က ခေါက်ဆွဲကြော်နဲ့ ပူဇော်ပသမယ်လို့ ကတိပြုပါတယ်” နှစ်ယောက်သား အားကိုးတကြီး တိုင်တည်ရေရွတ်ကြရင်း သင်္ချိုင်းထဲကို ရွာသားတွေ ဝင်ရောက်လာတာကို တွေ့လိုက်မှ လေသံမထွက်ရဲ အောင် ပါးစပ်ပိတ်လိုက်ရတယ်။ မပိတ်လို့လည်း မဖြစ်ဘူး သူတို့လက်ထဲမှာ ဓားတွေလှံတွေ ကိုယ်စီ ကိုယ်စီနဲ့ကိုး။

ရွာသားနဲ့သူကြီးတွေ သူတို့ပုန်းကွယ်နေရာ အုတ်ဂူတွေကြား လက်နှိပ်ဓာတ်မီး ဟိုထိုးသည်ထိုး လုပ်ပြီးရှာဖွေကြတယ်။ သူတို့နှစ်ယောက်ကို အလွယ် တကူ ရှာဖွေလို့ တွေ့မသွားကြဘူး။ အုတ်ဂူတွေထက် ကနေ သင်္ချိုင်းဇရပ်ကြီးဘက် ရောက်သွားကြတော့မှ ဓားပြနှစ်ကောင် ပြန်ခေါင်းထောင်လာနိုင်တယ်။ ဒါပေမဲ့ ရွာသားတွေ ဇရပ်ကြီးဘက်က ပြန်လှည့်လာ ပြန်တော့ သူတို့နှစ်ယောက် စိုးရိမ်သွားကြပြန်တယ်။ အုတ်ဂူတွေကို ကျော်ဖြတ်ပြီး သင်္ချိုင်းထဲက ထွက် သွားကြမှ စိတ်ချလက်ချ ဟင်းချနိုင်တော့တယ်။

သူတို့နှစ်ယောက် ချက်ချင်းအုတ်ဂူဘေးက ထမထွက်ရဲကြသေးဘူး။ စစ်လွယ်အိတ်ထဲမှာပါတဲ့ အရက်ပုလင်းကို ထုတ်ပြီး တစ်ယောက်တစ်ငုံစီ သောက်လိုက်ကြတယ်။ ဒုစရိုက်သမားအတွက် အရက်ဟာ ရဲဆေးပဲ မဟုတ်လား။

“တော်တော်လေးကြာရင် မင်းနဲ့ ငါနဲ့ သင်္ချိုင်း ဟိုဘက်ကနေ ကားလမ်းကိုကူးပြီး တို့ဆွေမျိုးတွေရှိ တဲ့ သရက်တောရွာကိုသွားပြီး တစ်လတန်သည် နှစ်လတန်သည် ခြေရာဖျောက်ခိုနေကြရအောင်”

“အဲဒီလိုခိုတာဟုတ်ပါပြီ။ စောစောက အမေ မဖဲဝါကို ရွာသားတွေ မမြင်အောင်ဝှက်ခိုင်းပြီး ခေါက် ဆွဲကြော်နဲ့ မနက်ကျရင်ပူဇော်ပသပါ့မယ်ဆိုတဲ့ ကတိ ဘယ်လိုဆပ်မလဲ”

ဘတိုးရဲ့ အမေးကို အောင်မင်းက သိပ်ပြီး အလေးအနက် ထားပုံမရဘဲ ပေါ့ပေါ့တန်တန်ပြန် ပြောလိုက်တယ်။ သူ့သဘောက ပြီးပြီးရော သဘော မျိုး။

“မင်းကွာ လူဆိုးဓားပြစကား အမှန်ထားလို့  ဖြစ်မလားကွ၊ ပြောမိပြောရာပြောလိုက်တာပဲ။ နောင် တစ်ချိန်နောက်ခါဈေးပေါ့ကွာ။ အား အမယ်လေး”

အောင်မင်းပြောရင်းက အလန့်တကြားအော် ဟစ်ပြီး ရုတ်တရက် ထခုန်လိုက်တယ်။ ကြောက်လန့် တကြားထခုန်လိုက်လို့ မြေကြီးပေါ်က မြင့်တက်သွား တဲ့သူ့ခြေထောက်ရဲ့ ခြေဖမိုးကို သဲသဲမဲမဲ ကိုက်ထား ပြီး ပါလာတဲ့ တစ်တောင်လောက်ရှိတဲ့ ေြွမပွေးကြီး ကို ဘတိုးမယုံနိုင်စရာ တွေ့လိုက်ရတယ်။

ေြွမပွေးအကိုက်ခံရတဲ့ အောင်မင်းကိုယ်လုံး ကြီး မြောက်တက်သွားရာက ဂူတွေကြားထဲ ဝုန်း ခနဲ ပြန်ပြုတ်ကျလာတော့ သင်္ချိုင်းထဲက ထွက်သွား တဲ့ ရွာသားတွေဆီက သူတို့အော်သံတွေ ကြားပြီး လက်နှိပ်ဓာတ်မီးရောင်တွေ ဖြာကျလာတာကို ရုတ် တရက် တွေ့လိုက်ရတယ်။

ဘတိုးလည်း ကြုံရာမရပြေးမလို့ အထမှာ ရွာသားတွေဆီက သေနတ်သံတစ်ချက်ကြားလိုက်ရ ပြီး မြွေပွေးအကိုက်ခံရတဲ့ အောင်မင်းအလောင်းပေါ် မှောက်ကျသွားတယ်။

“ဓားပြတွေမိပြီဟေ့။ တစ်ကောင်တော့ သေ နတ်မှန်သွားတယ်။ အသေလား အရှင်လားပဲ”

အဲဒီအသံတွေဟာ သေနတ်မှန်သွားတဲ့ဘတိုး နောက်ဆုံးကြားလိုက်ရတဲ့ ရွာသားတွေဆီက အသံ တွေ။

သူကြီးနဲ့ ရွာသားတွေ အုတ်ဂူတွေကြားထဲကို ရောက်လာတော့ ဓားပြနှစ်ကောင်ဖြစ်တဲ့ ဘတိုးနဲ့ အောင်မင်းတို့ နှစ်ယောက်ကို အသေတွေ့လိုက်ရတာ ပဲ။

အဲဒီမှာ ရွာသားတစ်ယောက်ဆီက –

“တစ်ယောက်ကသေနတ်ဒဏ်ရာနဲ့ အသက် ထွက်ပြီး၊ တစ်ယောက်က သေနတ်ဒဏ်ရာမရှိဘဲ အသက်ထွက်နေပါလား”

ထူးဆန်းအံ့ဩတကြီး ပြောလိုက်တဲ့ စကား သံကြီး အုတ်ဖိုသင်္ချိုင်းကုန်းထဲမှာ ထိတ်လန့် ချောက် ချားစရာကြီး ပေါ်ထွက်သွားလေရဲ့။

ဒါကို ရှေးလူကြီးပီပီ အယူသီးတဲ့သူကြီးက-

“ဒီနေရာက သင်္ချိုင်းကုန်းပဲ။ မကောင်းဆိုး ဝါး နာနာဘာဝတွေ ပြည့်နေတာ။ ဒီလို ဒုစရိုက် ကောင်တွေကို အချိန်မရွေး အပမှီနိုင်တာပဲ”

သူကြီးရဲ့ နောက်ဆုံးစကားကို ဘယ်သူကမှ ထပ်အတွန့်မတက်ရဲတော့ဘူး။ သူတို့ရွာလာတိုက်တဲ့ ဓားပြနှစ်ယောက်ကို အသေဖမ်းမိတဲ့ပွဲနဲ့ပဲ ရွာသား တွေအားလုံး အောင်ပွဲခံအော်ဟစ်နေကြတာ သင်္ချိုင်း တစ်ခုလုံး ခြိမ့်ခြိမ့်ကို ညံနေလေရဲ့။

ကျော်မင်းနိုင်