ဝိညာဉ်ကလဲ့စား

အချိန်ကာလကား ပါလီမန် ဒီမိုကရေစီ ခေတ်၊ တစ်နည်းအားဖြင့် ကျေးရွာ ကာကွယ်ရေး တပ်ဖြစ်သော ပျူစောထီးများ ခေတ်စားတဲ့ခေတ် ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နှင့် လှည်းကူးပညာရေး ကောလိပ်ကျောင်းကြား၊ ရန် ကုန်-မန္တလေး ခြောက်လမ်းသွား လမ်းမကြီးတွင် ဒရယ်ဘိုရွာ ရှိပါသည်။ ၎င်းဒရယ်ဘိုရွာမှ မြောက် ဘက်သို့ ကျေးရွာချင်းဆက်လမ်းအတိုင်း မိုင်ဝက် ခန့်သွားသော် ခရောင်ရွာဟူ၍ ရှိ၏။

ခရောင်ရွာတွင် ခရောင်ကြီး၊ ခရောင်လေး၊ ခရောင်ကုန်းခေါ် ကုက္ကိုပင်ဟု သုံးရွာရှိခဲ့ပါသည်။

ယခုဖြစ်စဉ်မှာ ခရောင်လေးရွာမှ ဖြစ်၏။

တစ်ခုသော မိုးဦးကျကာလတွင် ခရောင် လေးရွာမှ ကျေးရွာ၏ သမီးပျိုတစ်ဦးမှ ဝမ်းရောဂါ ဖြစ်ပြီး ရောဂါဝေဒနာ၏ ဖိစီးမှုကြောင့် မေ့မြောသွား ခဲ့ပါသည်။ ထိုသို့ မေ့မြောသွားသည့် အမျိုးသမီး အား သေသွားပြီဆိုပြီး ပျူစောထီးအဖွဲ့ဝင်တစ်ဦး၏ အမိန့်ဖြင့် ချက်ချင်း ဖျာလိပ်ဖြင့်ပတ်ကာ မြေမြှုပ် ခဲ့သည်ဟု ဆိုပါသည်။ ပျူစောထီးအဖွဲ့မှာ လက်နက် ကိုင်အဖွဲ့အစည်းဖြစ်၍ မည်သူမှ စောဒက မတက် ရဲပါ။ အကြောင်းပြချက်မှာ ကာလဝမ်းရောဂါ ကူး စက်မြန်ရောဂါဖြစ်၍ ချက်ချင်းမြေမြှုပ်သည့်အပြင် သူနေခဲ့သည့် အိမ်ပတ်ဝန်းကျင်အားလည်း ထုံးများ ပတ်လည်ဖြူးကြပါသည်။ မြေမြှုပ်သည့် မြေပုံပေါ် ကိုလည်း ထုံးများဖြူကြပါသည်။

ထိုခေတ်၊ ထိုကာလတွင် ဆေးဝါးပစ္စည်းများ လည်း စုံစုံလင်လင် မရှိပါ။ ဆေးရုံ၊ ဆေးခန်းသို့ လည်း မသွားကြပါ။ ဆေးမြီးတိုများနှင့်သာ လက်လှမ်းမီသလောက် ကုသကြခြင်းဖြစ်ပါသည်။

ခုနစ်ရက်လည်သည့် ညတစ်ညတွင် သေ သွားသူ အမျိုးသမီးမှ သူ့အမေအား အိပ်မက်ပေး သည်ဆို၏။

သူမအား မသေသေးဘဲနှင့် မြေမြှုပ်ခံရခြင်း ဖြစ်ကြောင်း၊ သတိရလာသောအခါ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်းနေပြီး အသက်ရှူရတာလည်း ခက်ခဲကြောင်း၊ အင်အားရှိသမျှ အားထုတ်ပြီး လက် နှစ်ဖက်ဖြင့် မြေစာများကို ဖယ်ရှားခဲ့ကြောင်း၊ နေရာ အနည်းငယ်ချောင်လာသောအခါ ငုတ်တုတ်ထိုင် နိုင်ရန် ကြိုးစားကြောင်း လက်ချောင်းများမှာလည်း ပဲ့ရွဲ့ပြီး သွေးချင်းချင်းနီကာ သွေးယိုစီးကြောင်း၊ နောက်ဆုံး အားအင်ကုန်ခန်း၍ မတတ်နိုင်တော့ဘဲ သေဆုံးသွားကြောင်း၊ သူ့အား သေသူကို လုပ်သကဲ့ သို့ သံဃာတော်များ ပင့်ပြီး၊ သရဏဂုံတင်ကာ သူ့အလောင်းကို ပြန်ဖော်ပြီး အခြားတစ်နေရာတွင် မြှုပ်ပေးပါဟု အိပ်မက်ပေးသည်ဟု ဆိုပါသည်။

၎င်းအပြင် သူ့အား မသေသေးဘဲ မြှုပ်သည့် ရွာသူ/ရွာသားများကို စိတ်နာကြောင်း၊ လက်စား ချေမှာဖြစ်ပြီး ဒုက္ခအမျိုးမျိုးရောက်အောင် လုပ်မှာ ဖြစ်ကြောင်း၊ လက်စားချေရာတွင် မပါရအောင် အမေတို့ မိသားစု တခြားရွာသို့ ပြောင်းရွှေ့သွားကြ ပါဟုလည်း မှာသွားကြောင်း ဆိုပါသည်။

အိပ်မက်အကြောင်းကို မိသားစုအား ပြန် ပြောသော်လည်း မယုံကြည်ကြပါ။ သမီးစိတ်ကြောင့်  ကြောင်ပြီး စိတ်ထင်ရာ မက်တာသာ ဖြစ်မည်ဟု သူ့မိသားစုမှ ထင်ကြပါသည်။ သို့သော် ဟုတ်သော် ရှိ၊ မဟုတ်သော်ရှိဆိုပြီး ၎င်းမိသားစု တခြားရွာသို့ ပြောင်းရွှေ့သွားခဲ့ကြပါသည်။

ထိုအချိန်မှစပြီး ခရောင်ရွာလေးတွင် လူ/သူ   အသေအပျောက် များခဲ့ပါသည်။ နောက်ဆုံးရွာကို မီးလောင်သည်အထိ ဖြစ်သွားပါသည်။ မီးလောင်ရာတွင် ဘုန်းတော်ကြီးကျောင်းပါ ပါသွားပါ၏။

တစ်လကျော်ကျော်ခန့်အကြာတွင် ဒရယ်ဘို ရွာသား ဇာတ်မင်းသား ဦးရွှေဖုန်းသည် ဇာတ်နား ချိန်တွင် ရွာသို့ ခေတ္တပြန်လာ၏။ သူနှင့်အတူ ဇာတ်အဖွဲ့မှ အဖွဲ့သားနှစ်ဦးပါ ပါလာပါသည်။ ၎င်း နှစ်ဦးမှာ ပုဏ္ဏားမျိုးဆက်ဟု ဆိုပါသည်။ ပုဏ္ဏား များမှာ ဗေဒင်၊ ဟူးရားအတတ်၊ ရှေ့ဖြစ်၊ နောက် ဖြစ်ဟောတတ်သူများ၊ စုန်းပူး၊ နတ်ပူး၊ ပယောဂ များကိုလည်း ဖယ်ရှားတတ်ကြ၏။ အနှောင့်အယှက် ဟူသမျှကိုလည်း ဖယ်ရှားတတ်သည်ဟု ဆိုပါသည်။

ထို့ကြောင့် ခရောင်လေးရွာမှ လူကြီးများက ပုဏ္ဏားနှစ်ဦးအား ပင့်ဖိတ်ကာ ဟောစေရာ “ခင်ဗျား တို့ရွာ အနှောင့်အယှက်ရှိတယ်။ သိပ်မကြာသေးခင် က အသက်မသေသေးဘဲ မေ့မြောနေတဲ့ အမျိုး သမီး တစ်ယောက်ကို သေပြီဆိုပြီး ဖျာလိပ်ပတ်ကာ မြေမြှုပ်ခဲ့ကြတယ်။ အဲဒီအမျိုးသမီးက ခင်ဗျားတို့ ရွာကို ဒုက္ခပေးတာ ဖြစ်တယ်။ အဲဒီအမျိုးသမီး အလောင်းကို ပြန်ဖော်ပြီး သံဃာတော်များ ပင့်ကာ သရဏဂုံတင်ပါ။ ပြီးမှ တခြားနေရာသို့ ပြောင်းရွှေ့ မြှုပ်နှံပါ”ဟု ဟောပြသည်ဟု ဆိုပါသည်။

ထိုအခါ အမျိုးသမီးအလောင်းကို ပြန်ဖော် ကြ၏။ အလောင်းကောင်မှာ မြေကျင်းထဲတွင် ငုတ် တုတ်ထိုင်လျက်သား တွေ့ရပြီး ပတ်ဝန်းကျင်တွင်လည်း သွေးကွက်များ စွန်းထင်းနေ၏။ ဖျာလိပ်မှာ လည်း စုတ်ပြတ်ကာ တစ်ပိုင်းတစ်စစီဖြစ်နေ၏။

ပုဏ္ဏားများ၏ ဟောကြားချက်အရ သံဃာ တော်များ ပင့်ဖိတ်ကာ သင်္ချိုင်းကုန်းဇရပ်တွင် သရဏဂုံတင်ပြီး အလောင်းအားလည်း တခြား နေရာသို့ ပြောင်းရွှေ့မြှုပ်နှံပေးကြပါသည်။

ထို့အပြင် ပျူစောထီးဗိုလ်မှ အမိန့်ပြန်ပေး ပါသည်။ မိန်းကလေး မင်းဆန္ဒအတိုင်း အားလုံး လုပ်ပေးပြီး ဖြစ်၍ ကျေနပ်ပါတော့။ ရွာကိုလည်း ဒုက္ခမပေးပါနဲ့တော့။ မင်းလည်း မင်းနဲ့သင့်တော်တဲ့ နေရာကို သွားပါတော့ဟု အမိန့်ပြန်ပါသည်။

ထိုအချိန်ကစပြီး ခရောင်လေးရွာတွင် အသေ အပျောက်မရှိတော့ပါ။ ရွာမှာလည်း အိမ်ခြေနည်း နည်းကျန်ခဲ့ရာမှ ခုတော့ စည်စည်ကားကား ပြန် ဖြစ်နေပါပြီ။

အိပ်မက်နိမိတ်ရသည်ဆိုပြီး ဦးပဉ္ဇင်းလေး တစ်ပါး ခရောင်ဘုန်းတော်ကြီးကျောင်းသို့ ရောက် လာကာ ခုနစ်ရက်သားသမီးများကို ဗေဒင်ဟောခြင်း၊ ယတြာပေးခြင်းများပြုလုပ်ရာမှ ယခုအချိန်တွင် သစ်သားကျောင်းမှ တိုက်ကျောင်း ဖြစ်လာသည့်အ ပြင် ဘုရားလည်းတည်ပါသည်။ ကျောင်းတွင် ရေမီး အစုံအလင် ဖြစ်လာပါပြီ။ ကားလည်း နှစ်စီးထိရှိလာ ပါပြီ။ ၎င်းအပြင် ၎င်းဦးပဉ္ဇင်းလေးမှ ဒရယ်ဘိုရွာ အတွက် နာရေးကားတစ်စီးပါ လှူပါသည်။ ဦးပဉ္ဇင်း လေးထံသို့ အနယ်နယ်အရပ်ရပ်မှ ဒါယကာ/ဒါယိ ကာမများ ဗေဒင်လာတွက်ကြ၏။ လှူလည်းလှူကြ ၏။

ခုနစ်ရက်သားသမီးထံ ရသမျှ ဗေဒင်ဟောခ များ၊ ယတြာခများအားလုံးကို ကိုယ်ကျိုးအတွက် မသုံးဘဲ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းများ တွင်သာ သုံးပါသည်။

ယခုအခါတွင် ခရောင်ရွာလေးသည် အတော် လေး စည်ကားနေပါပြီ။ ကျေးရွာချင်းဆက်လမ်း လည်း မြေသားလမ်းမှ ကျောက်ချောလမ်းဖြစ်နေပါ ပြီ။ ကိုရီးယားမှ လှူသည့် ခန်းမကလည်း ထည် ထည်ဝါဝါရှိလှ၏။

စာရှုသူများကြုံကြိုက်ပါက ဝင်ရောက်လည် ပတ်နိုင်ပါကြောင်း။

လင်းမြတ်(မင်းတပ်)

မနောမယဝိုင်းတော်သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည် သုံးသပ်တင်ပြချက်

ဆရာလင်းမြတ်(မင်းတပ်)၏ ဝိညာဉ်ကလဲ့ စား စာမူသည် စိတ်ဝင်စားဖွယ်ဖြစ်၏။ ဖြစ်စဉ်မှာ ခရောင်လေးရွာအမည်ရှိသောရွာမှ မိန်းမပျိုလေး တစ်ဦးသည် ကာလဝမ်းရောဂါဖြစ်ရာမှ ရောဂါသည်း ၍ သတိလစ်မေ့မြောသွားသည်ကို သေပြီဟု ယူဆ လျက် ချက်ချင်းပင် ဖျာလိပ်ဖြင့် ပတ်၍ ရွာသင်္ချိုင်း  တွင် မြှုပ်နှံသြင်္ဂိုဟ်လိုက်သည်။

ကာလဝမ်းရောဂါဆိုသည်မှာ လွန်စွာ ကူး စက်မြန်၏။ ကာယကံရှင်များက အလောင်းပူပူ နွေးနွေးတွင် မသြင်္ဂိုဟ်ချင်သေးပေ။ ထိုစဉ်က ကျေးရွာများကို ပြူစောထီးတပ်ဖွဲ့ဝင်များ အုပ်ချုပ် ချိန်ဖြစ်၍ ပြူစောထီးတပ်ဖွဲ့ဝင်များက ကြာကြာ ထားရန် လက်မခံသောကြောင့်သာ ဆန္ဒမရှိဘဲ သြင်္ဂိုဟ်လိုက်ရခြင်း ဖြစ်သည်။

စင်စစ် ထိုမိန်းကလေးမှာ သေငယ်ဇောဖြင့် မြောနေခြင်းသာဖြစ်၏။ အမှန်တကယ် မသေသေး ပေ။ ထိုအကြောင်းကို အဆိုပါ မိန်းကလေးသေပြီး မိခင်ဖြစ်သူကို အိပ်မက်ပေးရာမှ သိရခြင်းဖြစ်သည်။ မိန်းကလေးမှာ မြေကျင်းထဲတွင် သတိပြန်ရသောအ ခါ မွန်းကျပ်မှုဒဏ်ကို မခံနိုင်ရှာဘဲ အတင်းရုန်းကန် ၏။ ဖျာနှင့်ပတ်၍ မြေဖို့ထားခြင်းမှ လွတ်မြောက်စေ ရန် ကုတ်ဖဲ့၍ကုန်းထ၏။ သို့သော် ကံဆိုးစွာဖြင့်ပင် နောက်ဆုံးတွင် ကြေကွဲဖွယ် သေဆုံးသွားရှာလေ သည်။

မိန်းကလေးသည် သူမသေသေးဘဲ မြှုပ်နှံ လိုက်သူများအား အခဲမကျေဖြစ်၍ ကလဲ့စားချေရန် စိတ်နာနာဖြင့် ဆုံးဖြတ်လိုက်၏။ မိဘများကို ရွာ ပြောင်းရန် အိပ်မက်ပေးလေ၏။ ထိုနေ့မှစ၍ တစ် ယောက်ပြီး တစ်ယောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးကြ၏။ ရွာသားအနည်းငယ် ကျန်သည်ထိပင်။ တစ်နေ့တွင် ရွာသို့ ပယောဂနှင့်ပတ်သက်၍ နိုင်နင်း တတ်ကျွမ်းသော ပုဏ္ဏားမျိုးဆက် ဆရာနှစ်ယောက် ရောက်လာ၏။ ရွာလူကြီးများက ပုဏ္ဏား ဆရာများကို ရွာတွင် အနှောင့်အယှက်တစ်စုံတစ်ရာ ရှိမရှိ စစ်ဆေး စေ၏။ ဆရာများက ဒီရွာမှာ အသက် မသေဘဲ မေ့မြောနေတဲ့ မိန်းမတစ်ယောက်ကို သေပြီအထင်နဲ့ ရွာသင်္ချိုင်းမှာ မြှုပ်နှံခဲ့ကြတယ်။ အဲဒီ မိန်းကလေး ဝိညာဉ်က ရွာကို ဒုက္ခပေးနေတာ၊ အလောင်း ပြန် ဖော်ပြီး သံဃာတော်များနဲ့ သရဏဂုံတင်ပါ။ အမျှ အတန်းပေးဝေပြီး နေရာပြောင်း ပြီး မြှုပ်နှံပါဟု ဟော ပြော၏။

အမျိုးသမီးအလောင်းကို ပြန်ဖော်သောအခါ အလောင်းမှာ မြေကျင်းထဲတွင် ငုတ်တုတ်ထိုင်လျက် တွေ့ရ၏။ သွေးများလည်း စွန်းပေနေလေသည်။ ရွာသားများသည် အလောင်းကို သံဃာတော်များ ပင့်၍ သရဏဂုံတင်၏။ အမျှအတန်းပေးဝေ၏။ ထို့နောက် နေရာပြောင်း၍ မြှုပ်နှံပေးလိုက်သည်။ ထိုနေ့မှစ၍ ခရောင်လေးရွာတွင် အန္တရာယ်မရှိတော့ ကြောင်း သိရ၏။ ဆရာလင်းမြတ်(မင်းတပ်)၏ ဝိညာဉ်ကလဲ့စားသည် ထူးခြားဆန်းကြယ်သည်ဟု ဆိုရမည်ဖြစ်သည်။

ဒိဗ္ဗာန်(ဂမ္ဘီရ)