လောကကြီးမှာ အပေါဆုံးက ငွေပဲ

လွန်ခဲ့တဲ့ မနှစ်ကတုန်းက တောင်ဥက္ကလာ ၁၃ ရပ်ကွက်မှာရှိတဲ့ ကိုယ့်ရဲ့ လိုတရ နေလ ဣစ္ဆာသယဓာတ်နန်းမှာ လောကဟိတဂမ္ဘီရ အမည်ရတဲ့  လောကီသမထ သင်တန်းတစ်ခု ဖွင့်ခဲ့တယ်။ ၁၀ လတိတိကြာပါတယ်။ တစ်ပတ်မှာ စနေနေ့ တစ်ရက်တည်း မနက် ၉ နာရီမှာ စသင်တယ်။ ၁၂ နာရီထိ သုံးနာရီ သင်ပါတယ်။ ဗေဒင်သင်တန်း မဟုတ်ပါ။ လောကကြီးမှာ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးတာပါ။

အချို့ ရှားပါးတဲ့ ကျင့်စဉ်တွေလည်း ဖောက်သည်ချပေးပါတယ်။ လောကမှာ ဆရာလုပ်မယ်ဆိုရင် ချိန်ချိန်ဆဆ ပြောဆိုလုပ်ကိုင်ဖို့၊ အကူအညီ တောင်းသူများကို ညှာညှာတာတာ ဆက်ဆံ(သူဋ္ဌေးဖြစ်မကြံဖို့) သတိပေးစကားများလည်း ပြောကြားပေး ခြင်းဖြစ်ပါတယ်။ သင်တန်းဆိုပေမယ့် ဝင်ကြေးမရှိ၊ လစဉ်ကြေးမရှိ။ လိုအပ်တာများကို အိတ်စိုက် သင်ကြားပေးခြင်းပါ။

သင်တန်းသူ သင်တန်းသားများအနေနဲ့ အသက်သုံးဆယ်လောက်ကနေ ခေါင်းဖြူစွယ်ကျိုး အဘိုးကြီး၊ အဘွားကြီးများအထိ ပါပါတယ်။ သင်တန်းပြီးချိန် နေ့လယ် ၁၂ နာရီကျတော့ တပည့်တွေ ဗိုက်ဆာမှာ ဖြစ်တဲ့အတွက် သက်သတ်လွတ် ထမင်းဟင်းနဲ့ တည်ခင်းကျွေးမွေးပါတယ်။ အိမ်သူနဲ့ တူမတို့ရဲ့ လက်ရာကောင်းကောင်းနဲ့ ကျွေးတော့ အတော်စားမြိန်ကြပါတယ်။ ထမင်းစားပျက်နေသူတွေတောင် ကိုယ့်ရဲ့ သက်သတ်လွတ်ထမင်းဝိုင်းမှာ နှစ်ပန်းကန်၊ သုံးပန်းကန် စားနိုင်ကြတဲ့သူတွေတောင် ရှိပါတယ်။

နယ်အဝေးကလာတဲ့ သင်တန်းသူ၊ သင်တန်းသားတွေလည်း ရှိတဲ့အတွက် အချို့ပျက်ကွက်ကြတဲ့အတွက် နောက်ဆုံး သင်တန်းသား ၁၅ ယောက်လောက်တော့ ဆန်ခါတင် ကျန်ခဲ့ပါတယ်။ သူတို့က လောကဟိတ ဂမ္ဘီရသင်တန်းသားတွေလို့ ပြောရင်တော့ သိပ်သဘောမကျလှဘဲ လောကဟိတဂမ္ဘီရ မိသားစုလို့ ပြောပါ အဘရယ်လို့ တောင်းဆိုကြတယ်။ အဲဒီအထဲမှာ ကင်ဆာရောဂါနဲ့ သေမင်းလက်မခံတွေ နှစ်ယောက်လောက် ပါသေးတယ်။

သင်တန်းသားတွေဆိုပေမယ့် များသောအားဖြင့် ဗေဒင်ဆရာ၊ ဆရာမတွေနဲ့ အကြောပြင် ဆရာမ၊ ဆရာဝန်၊ ကျူရှင်ဆရာ၊ ဆရာမတွေလည်း ပါကြတယ်။ တပည့်တွေထဲက ဆရာဦးသန်းညွန့်နဲ့ ဆရာမ ဒေါ်တင်မြင့်နွယ်တို့က ဆန္ဒပြုတဲ့အတွက် ကိုယ့်ရဲ့ ဂမ္ဘီရဆောင်းပါးတွေကို ရှာဖွေစုဆောင်းပြီး ထုတ်လိုက်တဲ့ ဂမ္ဘီရလက်ဆောင် စာအုပ်လေးတောင် မကြာခင်က ထွက်ပြီးသွားပါတယ်။ သူတို့နှစ်ယောက် စပ်တူငွေနဲ့ ထုတ်ဖြစ်သွားတာပါ။

လောကဟိတ ဂမ္ဘီရသင်တန်းပြီးသွားပြီဆိုပေမယ့် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ မေတ္တာခံယူ၊ မေတ္တာပို့သတဲ့ ကျင့်စဉ်ကို လူစုပြီး လုပ်ကြတယ်။ (မနောမယမှာ ဆောင်းပါးရေးပြီးပါပြီ) မေတ္တာပို့ သက်သက်ကျတော့ လူနည်းသွားတယ်။ ဆယ်ယောက်ဝန်းကျင်ပဲ လာနိုင်ကြတယ်။ စနေနေ့ မအားတဲ့လူက တနင်္ဂနွေနေ့ လာကြတယ်။ အဲဒီအခါမှာလည်း နေ့ခင်းစာ သက်သတ်လွတ် မုန့်ဟင်းခါးတို့၊ အကြော်စုံတို့ လက်ဖက်ရည်တို့ တိုက်ကျွေးဖြစ်ပါတယ်။ စိတ်ကူးရတဲ့ တပည့်တွေကလည်း စားစရာတွေ အသီးသီး ဝယ်လာကြလို့ ပျော်ပျော်ပါးပါး စားရင်း၊ သောက်ရင်း မေတ္တာပို့ကြတာ ပုံမှန်ပါပဲ။ တချို့လည်း သင်တန်းမတက်ခဲ့ပေမယ့် မေတ္တာလာပို့ကြသူတွေ တိုးလာပါတယ်။ ဝမ်းသာစရာပါပဲ။

အဲဒီအထဲမှာ တပည့်မတစ်ယောက်ကတော့  အတော်လေး ထူးခြားတယ်။ အရပ်အမောင်းကလည်း အတော်မြင့်မားတယ်။ ခန္ဓာကိုယ်ကလည်း တောင့်တောင့်တင်းတင်း ရှိတယ်။ လောကဓံကို ကြံ့ကြံ့ခံနိုင် တဲ့ သတ္တိလည်းရှိတယ်။ သေသေချာချာ စကားစပ်ကြည့်မိတော့ သူကြီးပြင်းခဲ့ရတဲ့နေရာက ရန်ကုန်မြို့ ကျိုက္ကစံရပ်ကွက်က ပုလဲလမ်းမှာ နေခဲ့တာ။ ကိုယ်ကလည်း ကပ်လျက်လမ်း စိန်ချယ်လမ်းမှာပဲ မွေးဖွား ခဲ့တဲ့သူဖြစ်နေတော့ ငယ်စဉ်က တစ်ရပ်ကွက်တည်း နေခဲ့ကြပေမယ့် မသိခဲ့မခင်ခဲ့ကြဘူး။ ကိုယ်ကလည်း ကျောင်းနေစ အရွယ်ကတည်းက အစ်မကြီး မိသားစုနဲ့ အတူနေခဲ့ရတာဆိုတော့ ရန်ကုန်မှာ သိပ်မနေရဘူး။ သူတို့မိသားစု ပြောင်းရွှေ့တဲ့ နေရာမှာ လိုက်ပြီး နေရတာကိုး။ ဒါကြောင့်လည်း ပုလဲလမ်းမှာ နေခဲ့တဲ့ တပည့်နဲ့ မတွေ့ခဲ့ကြတာကိုး။

သူ့နာမည်ရင်းက တင်မြင့်နွယ်၊ ရင်းနှီးတဲ့ လူတွေက ဂျေဂျေလို့ ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ ဂျေဂျေ အဝေးပြေး ဟီးနိုးကြီးတွေ စီးပြီး မကြာခဏ ခရီးထွက်လို့တဲ့။ သူက အခုအခါမှာတော့  စိန်တောင်ဆရာဘုန်းရဲ့ မြန်မာဗိန္ဓောဆေးနည်းတွေနဲ့ ဆေးလည်း ကုတယ်။ အကြောပြင် ဆရာမလည်း လုပ်တယ်။ သူက လူကောင်ကြီးသလောက် စကားပြောရင် အသံကျယ်တယ်။ သူ သဘောကျလို့ ရယ်မောရင်လည်း သူတစ်ပါး နားတွေကွဲမတတ် ရယ်တတ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်။ စိတ်ညစ်တာလည်း မတွေ့ဖူးဘူး။

ပေးချင်ကမ်းချင်၊ ကျွေးချင်မွေးချင်တဲ့ စိတ်တွေလည်း ကြီးမားတယ်။ စည်းကမ်းကြီးသူတွေကျတော့ သူ့ကိုလက်ဖွာတယ် ထင်ချင်လည်း ထင်နိုင်တဲ့ အနေအထားမျိုးပါပဲ။ ဒါပေမဲ့ သူ့မိသားစု စားဝတ်နေရေးကို အလွယ်လေးနဲ့ ထိန်းထားနိုင်တယ်။ လှူစရာ၊ တန်းစရာရှိရင်လည်း ထိုက်ထိုက်တန်တန် လှူပါတယ်။ ကိုယ့်မွေးနေ့မှာဆိုရင် ပုဆိုးအဖြူ ခုနစ်ထည်၊ အင်္ကျီခုနစ်ထည်၊ ခုနစ်ရက် တစ်ပတ်လုံး တစ်နေ့ တစ်ထည် လဲနိုင်အောင်တဲ့။

ပြီးတော့ ဖိနပ်ဝယ်လှူတော့လည်း နှစ်ရံတစ်ခါတည်း လှူတယ်။ အားမနာဘဲ စီးနိုင်အောင်လို့တဲ့။ ကိုယ့်ဘုရားကျောင်းဆောင်အကြီးကြီးမှာ ပန်းအိုး ခုနစ်လုံးထိုးရတယ်။ ကိုယ်တိုင် ပန်းလဲတာ တွေ့သွား ပြီးနောက်ပိုင်း –

“အဘတို့ အမေလဲ့တို့က အသက်ကြီးသွား ပြီ။ ဘုရားပန်းအိုးလဲတာလည်း ပင်ပန်းတာပဲ။ အဘ မလဲနဲ့တော့။ ကျွန်မ တစ်ပတ်နှစ်ခါ လာပြီးလဲပေးမယ်”

အဲဒီနေ့ကစပြီး သူ့ကတိအတိုင်း တစ်ပတ် နှစ်ခါ ဘုရားပန်းတွေ ဝေနေအောင် လာထိုးတယ်။ သူ ဆန်ကောင်းကောင်းစားရရင် အဲဒီဆန်ဝယ်လာပြီး ဆန်ပုံးထဲထည့်တယ်။ ဆပ်ပြာ၊ ဆီ၊ သက်သတ်လွတ်၊ ဘာလချောင်ကြော်၊ အသားတုကြော်တွေလည်း ကိုယ်တိုင်ကြော်ကြော်ပြီး လာပို့တယ်။ တစ်ကြိမ်နှစ်ကြိမ် မဟုတ်ဘူး။ လျော့သွားတာနဲ့ လုပ်လာခဲ့တာ။ သာမန် သားသမီးတောင် သူ့လို တာဝန်ယူနိုင်မှာ မဟုတ်ဘူး။

ကိုယ့်အိမ်ထောင်ကို တာဝန်ကျေအောင် ထမ်းဆောင်နိုင်ရုံမက ဆရာသမား၊ မိဘများကိုလည်း တာဝန်ကျေအောင် ထမ်းဆောင်တဲ့ မိန်းကလေးပါ။ ကိုယ့်တင်မကဘူး။ စိန်တောင်ဆရာဘုန်းတို့၊ ဆရာကြီး ဦးအုန်းမြင့်တို့အပေါ်မှာလည်း ဒီလိုပဲ တာဝန်ယူခဲ့၊ တာဝန်ကျေခဲ့တယ်လို့ ပြောတယ်။ သူ့ရဲ့ လက်သုံးစကားကတော့ လောကကြီးမှာ အပေါဆုံးက ငွေပဲ။ အဲသလို မကြာခဏ ရယ်ရယ်မောမော ပြောလေ့ရှိတယ်။ ရယ်သောသူ အသက်ရှည်တယ်ဆိုတဲ့ စကားမှန်မယ်ဆိုရင်တော့ ဒီဆရာမ အသက် တော်တော်ရှည်မှာပဲ။ လူတွေအများစုက ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ရှာရဖွေရတာ မလွယ်ကူတဲ့အတွက် ညည်းညူတဲ့လူတွေက များတယ်။ အထူးသဖြင့် ကိုယ့်ဆီလာပြီး အကူအညီတောင်းတဲ့သူ အများစုဟာ ငွေကြေးအခက်အခဲတွေ တင်ပြကြ။ မျက်နှာသေလေးတွေနဲ့ ခိုငှက်တွေလိုပဲ ညည်းညူကြတယ်။ အဲဒီလိုလူတွေ တွေ့ပါများပြီး ငြီးငွေ့နေတော့ တင်မြင့်နွယ်ရဲ့ ရယ်မောပြောဆိုလေ့ရှိတဲ့ လောကကြီးမှာ အပေါဆုံးက ငွေပဲဆိုတဲ့ စကားကို  သဘောကျမိသလို ရှိလာမိတယ်။ သူက ပြောတဲ့အတိုင်း ငွေနဲ့ ပတ်သက်ပြီး ညည်းညူလေ့မရှိဘူး။ လူကလည်း မနားမနေ အလုပ်လုပ်လေ့ရှိတော့ ငွေကလည်း အမြဲမပြတ်ဆိုသလို ဝင်လာနေတယ်။

“ကဲ ငါလည်း ငါ့သမီး တင်မြင့်နွယ်ပြောသလို လောကကြီးမှာ အပေါဆုံးဟာ ငွေပဲဆိုတဲ့ စကားကို ပြောကြည့်ဦးမယ်။ ဒီစကားက နိမိတ် ကောင်းတယ်။ စကားနောက် တရားပါ။ ငွေများများ ဝင်လာနိုင်တဲ့ လာဘ်ခေါ် စကားကောင်းပဲ”

အဲသလိုပြောပြီး မကြာခင်မှာ အခွင့်သင့်ရင် သင့်သလို “လောကကြီးမှာ အပေါဆုံးကငွေပဲ” ဆိုတဲ့ စကားကို ပြောဖြစ်ပါတယ်။ အဲဒီနောက်မှာ သိသိသာသာ ထူးထူးခြားခြား အံ့သြဖွယ်ကောင်းလောက်အောင် ဝင်ငွေတွေရလာတာ တွေ့ရတယ်။  ဇမ္ဗူဒီပါလကျာ်တောင်ကျွန်း နိမိတ်ထွန်းလို့ ပြောရမှာလား။ စကားနောက် တရားပါတယ်လို့ ပြောရမှာလား။ ထူးခြားတာကတော့ အမှန်ပဲ။ ထီတွတ်လည်း နှစ်ခါဝင်ပြီးပြီလေ။

ပြောကြည့်ပါလား။

“လောကကြီးမှာ အပေါဆုံးကငွေပဲ”

“လောကကြီးမှာ အပေါဆုံးကငွေပဲ”

 

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

အရာရာအောင်မြင်စေတဲ့ ရတနာဒီပံ ရွှေဖယောင်းတိုင်ကိစ္စ ကျန်းမာရေးနှင့် အခြားကိစ္စတွေ အတွက် ဆွေးနွေးလိုပါက တိုက်အမှတ် ၁၀၆၀၊ ယဿဝတီ၁၆လမ်း တောင်ဥက္ကလာ ၁၃ရပ်ကွက်၊ ရန်ကုန်မြို့။ ဖုန်း ဝ၉၄၂၀ဝ၁၄၆၁၄