စကားစကားပြောပါများ စကားထဲက ဇာတိပြ

ဂေါတမမြတ်စွာဘုရားရှင်သည် လွန်လေပြီး သောဘဝတစ်ခု၌ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ် မင်းအား ဆိုဆုံးမရသော အမတ်တစ်ဦးဖြစ်ခဲ့ဖူးပါ သည်။ ထိုမင်းသည် စကားအလွန်များ၏။ အလောင်း တော်အမတ်သည် စကားအလွန်များသော ထိုမင်း အား တစ်ခုခုသော ဥပမာကိုပြ၍ ဆိုဆုံးမရန်စဉ်းစား တွေးတောလျက်ရှိနေပါသည်။

တစ်နေ့တွင် မင်းသည် ဥယျာဉ်သို့သွား၍ ကျောက်ဖျာ၏အထက် ထိုင်နေပါသည်။ ထိုကျောက် ဖျာ၏ အထက်၌ သရက်ပင်တစ်ပင်ရှိသည်။ ထို သရက်ပင်ပေါ်တွင် ကျီးအသိုက်ရှိသည်။ ထိုကျီး အသိုက်တွင် ဥဩငှက်မသည် မိမိ၏ဥကို ဥချပြီး ပျံထွက်သွားသည်။ ကျီးမသည် အသိုက်တွင်ရှိသော ဥဩဥကိုကိုယ်ငွေ့ပေး၍စောင့်ရှောက်ခဲ့သည်။ အချိန် ကျသောအခါထိုဥမှ ဥဩငှက်ငယ် ပေါက်လာခဲ့ပါ သည်။

ကျီးမသည် ထိုဥဩငှက်ပေါက်အား မိမိ၏ ရင်ဝယ်သားဟု ထင်မှတ်ခဲ့သည်။ ထို့ကြောင့် ကျီးမ သည် နေ့စဉ်အစာရှာထွက်၍ ရရှိခဲ့သောအစာများကို နှုတ်သီးဖြင့်ကိုက်ချီကာ ထိုဥဩငှက်ငယ်အား ကျွေး မွေးပြုစုခဲ့သည်။ ဤသို့ဖြင့် အချိန်အတန်ကြာသော အခါ အတောင်အလက်မစုံလင်၊ မပေါက်ရောက် သေးသော ထိုဥဩငှက်ငယ်သည် အချိန်အခါမဟုတ် မီတွင် ‘ဥဩ’ဟူသော မြည်သံကိုပြု၏။ ထိုအသံကို ကြားသော ကျီးမသည် “ဤငှက်ငယ်ကား ယခုက ပင်လျှင် တစ်မျိုးသော အသံကိုမြည်၏။ အကယ်၍ အကောင်ကြီးထွားလာသည်ရှိသော် အဘယ်သို့ပြု လာမည်နည်း”ဟုတွေးတော ပူပန်မိ၏။ ထို့ကြောင့် ကျီးမသည် ထိုဥဩငှက်ငယ်အား နှုတ်သီးဖြင့် ထိုး သတ်၍ အသိုက်မှ အပြင်သို့ ပစ်ချခဲ့ပါသည်။ ထို ဥဩငှက်သေသည် သရက်ပင်အောက် ကျောက်ဖျာ ပေါ်တွင် ထိုင်နေသော မင်း၏ခြေရင်းသို့ကျရောက်ခဲ့ ပါသည်။

ထိုအခါမင်းသည် အလောင်းတော် အမတ် ကို ခေါ်၏။ အနီးသို့ရောက်ရှိလာသော အလောင်း တော်အမတ်အားမင်းမှ ငှက်သေကိုပြ၍ အကျိုး အကြောင်းကို မေး၏။ ထိုအခါ အလောင်းတော် အမတ်က ဥဩငှက်သေငယ်ကို ကြည့်လျက် “ငါ သည် စကားများသော မင်းကို ဆိုဆုံးမရန် တစ်ခုခု သော ဥပမာကိုရှာနေ၏။ ယခု ထိုဥပမာကို ငါရချေ ပြီ”ဟု တွေးဆမိခဲ့ပါသည်။ ထို့ကြောင့် အလောင်း တော်အမတ်က –

“မြတ်သောမင်းကြီး …အလွန်နှုတ်ကြမ်း သော၊ အချိန်အခါမဟုတ်သည်၌ စကားများကုန် သော သူတို့သည် ဤသို့သဘောရှိသော ဆင်းရဲခြင်း ကို ရကုန်၏”

“မင်းမြတ် … ကျီးမသည် မိမိရင်ဝယ်သား အထင်ဖြင့် ဤဥဩငှက်ငယ်ကို မွေးမြူခဲ့၏။ အတောင်အလက် မပေါက်သေးသော ဤဥဩငှက် ငယ်သည် အချိန်အခါ မဟုတ်မီကပင် ဥဩငှက်သံကို မြည်၏။ ထို့ကြောင့် ကျီးမသည် ဤငှက်ကား ငါ့၏ သား မဟုတ်ဟုသိ၍ နှုတ်သီးဖြင့် ထိုးသတ်ကာ အသိုက်မှ ပစ်ချ၏”

“မြတ်သောမင်းကြီး …လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ အချိန်အခါမဟုတ်သည်၌ စကားများလွန်း သောသူတို့သည် ဤသို့သဘောရှိသော ဆင်းရဲခြင်း ကိုခံရတတ်၏”ဟု လျှောက်တင်ပါသည်။

အလောင်းတော်အမတ်၏ တရားစကားကို နာကြားလိုက်ရသော မင်းသည် သတိ၊ သံဝေဂရရှိ သွား၏။ ဆင်ခြင်တုံတရားနှင့်လည်း ပြောဆိုနေထိုင်ခဲ့ ၏။ အလောင်းတော်အမတ်ကိုလည်း များစွာသော ဥစ္စာစည်းစိမ်တို့ကို ချီးမြှင့်ခဲ့ပါတော့သည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် တစ် ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံပြောဆိုကြရာတွင် အချိန်ကျသောအခါ၌ ပြောသင့်ပြောထိုက်သော စကားကို နှစ်လိုဖွယ်ရှိသော (ပီယဝါစာ)စကားဖြင့် အပိုအလိုမရှိအောင် ပြောဆိုသင့်သည်။ ထိုသို့ပြော ဆိုရာတွင်လည်း “စကားကြီးခြောက်ခွန်း လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းကြွယ်” ဆိုသကဲ့သို့ စကား အရာ အင်္ဂါလေးတန်နှင့်အညီ ပြုမူပြောဆိုဆက် ဆံသင့်ပါသည်။ ဤသို့မဟုတ်ဘဲ ထင်တိုင်းပြော၊ မြင်တိုင်းပြော၊ စကားပြောများလွန်းလျှင် “စကား စကားပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုသလို မိမိ သူတစ်ပါး ဆင်းရဲပွားတတ်ပါကြောင်း။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး ။ ငါးရာ့ငါးဆယ်နိပါတ်တော်၊ ကောကိလဝဂ်မှ ကောကိလဇာတ်။