မေတ္တာမပို့မီ ပြည့်စုံစေရာသော မေတ္တပုဗ္ဗဘာဂ ပဋိပဒါတရား (၁၅) ပါး

မေတ္တာဘာဝနာပွားများနည်းနှင့် ပတ်သက်၍ အဓိကအားဖြင့် နည်းနှစ်နည်းရှိပါသည်။ ပဋိသမ္ဘိ ဒါမဂ်ပါဠိတော်လာ ဒိသာဖရဏမေတ္တာပွားနည်း (အရပ်ဆယ်မျက်နှာဖြစ်၍ မေတ္တာပွားနည်း)နှင့် မေတ္တသုတ်ပရိတ်တော်လာ မေတ္တာ ဘာဝနာပွား နည်း ၁၁နည်းတို့ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးများအတွက် ယင်းနှစ်နည်းလုံးကို မြန်မာဘာသာဖြင့် ပွားများတတ်ရန် တိပိဋက၊ ဓမ္မဘဏ္ဍာ ဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု အရှင် ဝိစိတ္တသာရာဘိဝံသ ဆရာတော်ဘုရားကြီးက အကျယ်တဝင့် ဟောပြောခဲ့ပြီးဖြစ်ပါသည်။

ဤနေရာတွင် ကျွန်တော်သည် မေတ္တာမပို့မီ ရှေးအဘို့၌ ပြည့်စုံစေရာသော မေတ္တာပုဗ္ဗဘာဂ ပဋိပဒါတရား ၁၅ပါးကို ရေးသားတင်ပြလိုပါသည်။ ယင်းတရား ၁၅ပါးမှာ မေတ္တာပွားသူတို့တွင် ရှေးဦးစွာ ရှိရမည့် ကျင့်ဝတ် ၁၅ပါးဖြစ်၍ မေတ္တာပွားများသည့် လူတစ်ယောက်တွင် ထိန်းသိမ်းစောင့်ရှောက်သည့် ကိုယ်ကျင့်တရားများလည်း ဖြစ်ပါသည်။

မေတ္တာပုဗ္ဗာဘာဂ ပဋိပဒါ တရား၁၅ပါးကား

  • ၁။ သက္ကော-ပြုနိုင်စွမ်းရမည်
  • ၂။ ဥဇု-ဖြောင့်မတ်ရမည်
  • ၃။ သုဟုဇု-အလွန်ဖြောင့်မတ်ရမည်
  • ၄။ သုဝစော-ဆိုဆုံးမလွယ်ရမည်
  • ၅။ မုဒု-နူးညံ့သိမ်မွေ့ရမည်
  • ၆။ အနတိ မာနီ-မာနမကြီးရ
  • ၇။ သန္တုဿကော-နှစ်သက်ရောင့်ရဲရမည်
  • ၈။ သုဘရော-အမွေးအမြူလွယ်ရမည်
  • ၉။ အပ္ပကိစ္ဆော-အမှုကိစ္စနည်းရမည်
  • ၁၀။ သလ္လဟုကဝုတ္တိ-ပေါ့ပါးသောအဖြစ် မျိုးရှိရမည်
  • ၁၁။ သန္တိန္ဒြိယော-ငြိမ်သက်သော ဣန္ဒြေ ရှိရမည်
  • ၁၂။ နိပကော-ရင့်သန်သော Óာဏ်ပညာရှိရ မည်။
  • ၁၃။ အပ္ပဂမ္ဘော-ကြမ်းတမ်းသော အမူအရာ များ မရှိစေရ။
  • ၁၄။ ကုလေသွနနုဂိဒ္ဓေါ-အမျိုးတို့၌ စွဲလမ်း ခြင်း မရှိစေရ။
  • ၁၅။ နစခုဒ္ဒမာစရေကိဉ္စိ ယေနဝိညူပရေ ဥပဝဒေယျုံ-ပညာရှိများ ကဲ့ရဲ့ကြမည့် အမှုမှန်က အနည်းငယ်မျှ မပြုကျင့်ရဟူသော ၁၅ ပါးသော တရားတို့ ဖြစ်ကြသည်။

ဤ မေတ္တာပုဗ္ဗဘာဂ ပဋိပဒါတရားရှိကြ သော သူတို့မှာ မေတ္တာတရား ပွားများပို့သရန် လွယ်ကူ၍ ဒေါသတရားဖြစ်ပွားရန် ခဲယဉ်းပေသည်။   ထို့ကြောင့် မေတ္တာ ဘာဝနာပွားများသူတိုင်းသည် မေတ္တာမပို့မီ ဤ မေတ္တာပုဗ္ဗဘာဂ ပဋိပဒါတရား တို့နှင့် ပြည့်စုံအောင် ကျင့်ဆောင်ကြရန် ဖြစ်ပေ သည်။

ဤတရား ၁၅ ပါးကို အနည်းငယ်မျှ ရှင်းလင်းတင်ပြအပ်ပါသည်။

သက္ကော – ပြုစွမ်းနိုင်မည်ဟု ဆိုရာတွင် မိမိ ပြုလုပ်မည့်အလုပ်ကို မဖြစ်ဖြစ်အောင် အားထုတ် လုပ်ကိုင်နိုင်သူဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ဥဇု – ဖြောင့်မတ်ရမည်ဟုဆိုရာတွင် ကိုယ် နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

သုဟုဇု – အလွန်ဖြောင့်မတ်ရမည်ဟု ဆိုရာ တွင် အရာရာမှာ သိတတ်စွာနှင့် အတွင်းစိတ် သဘော ရိုးသားဖြောင့်မတ်ရမည်ဟု ဆိုလိုခြင်း ဖြစ် ပါသည်။ သုဟုဇုဂုဏ်နှင့် ပြည့်စုံသော သူတို့မှာ မိမိ၏ အပြစ်များကိုပင် ဖုံးဖိ၍ထားလိုသော စိတ် ဆန္ဒမျိုး မရှိချေ။

သုဝစော – ဆိုဆုံးမလွယ်ရမည်ဟူသည်ကား တရားသဖြင့် ဆိုဆုံးမသည်ကို အလွယ်တကူ နာယူ လျက်၊ ဆိုဆုံးမသည့်အတိုင်း တစ်သဝေမတိမ်း လိုက်နာ ကျင့်ကြံပြုလုပ်ရမည်ဟု ဆိုလိုခြင်းဖြစ်ပါ သည်။ ဆိုဆုံးမခက်သူတို့မှာ လောကီ၊ လောကုတ္တရာ နှစ်ဖြာအကျိုး မတိုးပွားခြင်းဖြစ်တတ်လေသည်။

မုဒု – နူးညံ့သိမ်မွေ့ရမည်ဆိုသည်ကား ကောင်းသောအရာဌာနတို့၌ တောင့်တင်းခက်မာ၍ မနေဘဲ ကိုင်းညွှတ်လိုက်ပါနိုင်သောသဘော၊ ပြုပြင် လွယ်သော သဘောရှိရမည်ဟု ဆိုလိုခြင်းဖြစ်ပါ သည်။ မေတ္တာတရားပွားများမည့်သူသည် “သံချောင်းကို မျိုထားသော စပါးကြီးမြွေကဲ့သို့” တောင့် တင်းခက်ထန် မာန်မူခြင်း မရှိသင့်ပေ။

အနုတိမာနီ – မာနမကြီးရဆိုသည်ကား မာန် မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းတို့မှ လွတ် ကင်းရမည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။ “မာနထောင်လွှား အများလူမုန်း မေတ္တာတုံး” ဖြစ်တတ်ပေသည်။ အသီးအနှံစည်ကားလေလေ အောက်သို့ ညွှတ်ကိုင်းလေလေသာ ဖြစ်သော သစ်ပင်ကြီးများပမာ၊ သီးနှံ ပင်များပမာ ကျင့်ကြံကြရာသည်။

သန္တုဿကော – နှစ်သက်ရောင့်ရဲရမည်ဟု ဆိုရာတွင် ကြောင့်ကြဗျာပါရ မများဘဲ အသင့်ရှိသည့် ပစ္စည်းဖြင့် ရောင့်ရဲနိုင်သောတရားနှင့် ပြည့်စုံရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ တင်းတိမ်လျှင် မြိန်ရှက်၊ ရောင့်ရဲတင်းတိမ် လူ့စည်းစိမ်ဟူသော စကားတို့ကို မှတ်သားလိုက်နာရာသည်။

သုဘရော – အမွေးအမြူလွယ်ရမည်ဟု ဆိုရာ၌ မည်သူ့ကိုမျှ ဒုက္ခမပေးဘဲ အလိုနည်း၍ အလိုက် သိတတ်ခြင်းကို ဆိုလိုပေသည်။ “မီးပုံကြီးသည် ထင်းဖြင့် မရောင့်ရဲနိုင်သကဲ့သို့ မဟာသမုဒ္ဒရာကြီး သည် ရေဖြင့် မရောင့်ရဲနိုင်သကဲ့သို့” မေတ္တာပွား များသူသည်လည်း ထိုကဲ့သို့ မဖြစ်ရန် အရေးကြီးပေသည်။

အပ္ပကိစ္ဆော – အမှုကိစ္စနည်းရုမည်ဟု ဆိုခြင်း  မှာ အကျိုးမများသည့်အလုပ်ကို ပယ်ရှား၍ အကျိုးများမည့် အလုပ်ကိုသာ ပြုလုပ်ရမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

သလ္လဟုကဝုတ္တိ – ပေါ့ပါးသော အဖြစ်မျိုးရှိ ရမည်ဟုဆိုသည်ကား အသွားအလာ၊ အဝတ်အ စား၊ အနေအထိုင်ဟူသမျှ၌ သင့်လျော်ရုံမျှသာ ဖြစ်စေရမည်ဟု ဆိုလိုပေသည်။

သန္တိန္ဒြိယော – ငြိမ်သက်သောဣန္ဒြေရှိရမည် ဟု ဆိုရာတွင် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ ဟူသမျှ၌ တုန် လှုပ်ဖောက်ပြန်ခြင်းမရှိဘဲ ငြိမ်သက်စွာ နေရမည် ဟု ဆိုလိုပေသည်။

နိပကော – ရင့်သန်သော  ဉာဏ်ပညာရှိရမည် ဟုဆိုရာ၌ လောကီရေးမှာဖြစ်စေ၊ လောကုတ္တရာ ရေးမှာဖြစ်စေ၊ သမ္ပဇဉ်တရား လက်ကိုင်ထားရမည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။

အဗ္ဗဂဗ္ဘော – ကြမ်းတမ်းသော အမူအရာများ မရှိစေရဟူသည်ကား ကိုယ်ကြမ်း၊ နှုတ်ကြမ်း၊ စိတ် ကြမ်းဟုဆိုအပ်သော ရိုင်းစိုင်းသည့် အမူအရာမျိုးမှ ကင်းလွတ်ရမည်ဟုဆိုလိုခြင်း ဖြစ်ပေသည်။

ကုလေသွနနုဂိဒ္ဓေါ – အမျိုးတို့၌ စွဲလမ်းခြင်းမရှိစေရဟု ဆိုခြင်းမှာ ရဟန်းတော်များနှင့် အထူးသက် ဆိုင်လေသည်။ ဒါယကာ၊ ဒါယိကာမတို့၌ ပစ္စည်း လေးပါးကို တပ်မက်သောအားဖြင့် အစွဲအလမ်း ထားခြင်း၊ ရောယှက်ခြင်းတို့ မပြုကြရန် ဖြစ်ပေသည်။ “လသည် မင်းအိမ်၊ ဒွန်းစဏ္ဍာအိမ် ခွဲခြား ခြင်းမရှိ၊ အိမ်တိုင်းသာ၍ သွားဘိသကဲ့သို့” အလုံးစုံသော သတ္တဝါတို့အပေါ် ထားရာသည်။

မေတ္တာမပို့မီ ပြည့်စုံစေရမည့် နောက်ဆုံး တရားကား နစ္စခုဒ္ဒမာစရေကိဉ္စိ၊ ယေနဝိညူပရေ ဥပဝဒေယျံ ပညာရှိများကဲ့ရဲ့ကြမည့် အမှုမှန်က အနည်းငယ်မျှ မပြုကျင့်ရဟူသော တရားပင်ဖြစ်ပေသည်။ “ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင် နေ” ဟူသော ဆရာတော်ဦးဗုဓ်၏ စကားကို လက် ကိုင်ထားကြရာသည်။

ဤသည်တို့ကား မေတ္တာမပို့မီ ရှေးအဆို၌ ပြည့်စုံစေရာသော မေတ္တာပုဗ္ဗဘာဂ ပဋိပဒါတရား  ၁၅ ပါးကို အကျဉ်းမျှ တင်ပြခြင်းဖြစ်ပေသည်။

မောင်ဉာဏ်စိန်