အဘမင်းသိင်္ခ၏ ဈေးရောင်းကောင်းစေသော၊ ရောင်းလိုသမျှ ရောင်းထွက်စေသော နာမည်ကျော်ယတြာ

ကျွန်ုပ်သည် မြို့ထဲတွင် ဗေဒင်မဟောတော့ပဲ မိဘနေအိမ်၌ပင် ဗေဒင်ဟောပြောရလေ၏။ ကျွန်ုပ်၌ အလုပ်တစ်ခုလုပ်ရန်အတွက် ငွေအရင်းအနှီး လိုနေ၏။

ထိုအချိန်၌ ကျွန်ုပ်သည် “ဆားပုလင်းနှင်းမောင်” ဝတ္ထုများကို တွင်တွင်ကျယ်ကျယ်ကြီး ရေးသားနေပြီဖြစ်၏။ ဆေးရုံတက်နေစဉ်အတွင်း “ပုဏ္ဏားဘကွန်း” ပထမတွဲ၊ ဒုတိယတွဲပင် ရေးသားနေပြီဖြစ်၏။ ထိုဝတ္ထုသည် ကျွန်ုပ်၏ စာရေးဆရာ ဘဝကို အောင်မြင်စေသော ဝတ္ထုဖြစ်၏။ စာရေးဆရာဘ၀ အောင်မြင်သော်လည်း ငွေကြေးမှာ ပြောပလောက်အောင် မရသေးပေ။

ဗေဒင်လက္ခဏာ ဟောပြောခကိုလည်း ၁၀ မှ ၂၅ ကျပ်သို့ တိုးမြင့်လိုက်ပြီ ဖြစ်၏။ ကျွန်ုပ်သည် မော်တော်ကားစီးချင်သော စိတ်များ ပြင်းထန်လာသောကြောင့် ဟီလမင်ကား တစ်ပတ်ရစ်ကလေးကို ဝယ်၍ စီး၏။ ထိုကားသည် ကျွန်ုပ်အား လွန်စွာဒုက္ခပေး၏။ မကြာခဏ ပျက်လေသောကြောင့် ဗေဒင်ဟောခသည် ကျွန်ုပ်စားရသည် မရှိပဲ ကားပြင်သည်ထဲသို့သာ ဝင်သွားတတ်၏။ ကျွန်ုပ်၏ မိတ်ဆွေ တစ်ဦးကမူ….

“ဆရာမင်းသိင်္ခ၊ မော်တော်ကားအပျက်တစ်စီး ဝယ်စီးတာ မယားငယ်တစ်ယောက်ယူတဲ့ စရိတ်ထက် ကြီးတယ်ဗျ။ မယားငယ်တစ်ယောက် ယူမိရင်လည်း ရှာလို့ဖွေလို့ရသမျှ သူ့လက်ထဲကို ရောက်ကုန်တော့တာ။ ကားအပျက်စီးရင်လဲ အဲဒီလိုပဲဗျ။ အကောင်းဆုံး အကြံပေးချင်တာကတော့ ရောင်းပစ်လိုက်ပါဗျာ” ဟု ပြောလေ၏။

ကျွန်ုပ်သည် ထိုဟီလမင်ကားလေးအား ပွဲစားအမျိုးမျိုးကို ရှာဖွေကာ စပ်၍ ရောင်ခိုင်း၏။ သို့ရာတွင် ရောင်း၍ မထွက်ပဲ ရှိလေ၏။ ထိုအခါ ကျွန်ုပ်သည် အောက်ပါအတိုင်း စိတ်၌ ပြောမိလေ၏။

“အရေးကြုံရင် သက်လုံကောင်းရမယ်ဆိုတဲ့ စကားမှာ အခုငါတွေ့နေတဲ့ အခက်အခဲလည်းပါတယ်။ ငါ့ရဲ့ ကားလေးကို ငါကရောင်းပစ်ချင်တယ်။ ဒါပေမယ့် မထွက်ပဲ ဖြစ်နေတယ်။ အဲဒီတော့ ငါ့မှာ အဲဒီအခက်အခဲကို ကျော်လွန်နိုင်တာ ဘာရှိသလဲ။ ပညာပဲ ရှိတယ်။ အဲဒီ ပညာဟာ ဘာလဲဆိုတော့ အင်္ဂဝိဇ္ဇာပညာပဲ” ဟု အထက်ပါအတိုင်း ရေရွတ်ပြီးနောက် ကျွန်ုပ်သည် အင်္ဂဝိဇ္ဇာပညာကို ပြန်၍ စဉ်းစားလိုက်ရာ အောက်ပါ ခေါင်းစဉ်ကို သတိရလိုက်မိတော့၏။

#”ရောင်းလိုကြပြန် ဆပွတ်ကြံ အမှန်ဆပွတ်ရိုက်”

ထိုခေါင်းစဉ်သည် မိမိရောင်းလိုသော ပစ္စည်းအား “ ဆပွတ် ” ကြံစည်ရမည်ဟု ဆိုထား၏။ ထို့ကြောင့် ကားဟူသော တနင်္လာနံ၏ ဆပွတ်မှာ စနေဖြစ်၏။ ထို့ကြောင့် စနေနေ့တွင် စနေသား မောင်ထွန်းကြည်အား မော်တော်ကား နောက်မြီးကို “ ထွက်ထွက် ” ဟုဆိုကာ ရိုက်ခိုင်း၏။ ရိုက်ခိုင်းသော အချိန်မှာလဲ စနေအခါဖြစ်သော စနေနေ့ ၄-နာရီခွဲမှ ၆-နာရီ အတွင်းဖြစ်၏။

ထိုသို့ ရိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ၃- ရက်အတွင်း၌ပင် ကျွန်ုပ်၏ မိတ်ဆွေကြီး သခင်ကြည်ရှိန်ကို အကြောင်းပြု၍ ကျွန်ုပ်၏ ဟီလမင် ကားစုတ်ကလေးသည် ရောင်း၍ ထွက်သွားလေ၏။ ကျွနိုပ်သည် လွန်စွာ ပျော်သွား၏။ နောက်နှစ်ရက်လောက်ကြာသောအခါ၌ ဟင်္သာတဘက်မှ မိန်းမကြီးတစ်ဦးသည် သူ၏ ဆန်စက်ကို ရောင်းလိုသဖြင့် ကျွနိုပ်အား လာရောက် အကူအညီတောင်းရာ ကျန်ုပ်သည် ဤနည်းနှင့်ပင် ဓာတ်ရိုက်ပေးလိုက်၏။

 

 

စက်ဟူသောကြောင့် ဆပွတ်ဖြစ်သည့် တနင်္ဂနွေနေ့ ၊ တနင်္ဂနွေ အခါဖြစ်သော ညနေ (၄)နာရီ ခွဲမှ (၆)နာရီ အတွင်း တနင်္ဂနွေသားကို တနင်္ဂနွေနံ ဖြစ်သော အုန်လက်ဖြင့် စက်ကို (၆)ချက် ရိုက်ခိုင်းလိုက်၏။

ထိုစက်လည်း ထွက်သွား၏။

ထို့ကြောင့် ထိုမိန်းမကြီးသည် ကျွန်ုပ်အား.. “ အသက်ငယ်ပေမယ့် . ပညာကို ကန်တော့တာပါ ” ဟုဆိုကာ ငွေများ ပစ္စည်းများ လာကန်တော့လေ၏။

ကျွန်ုပ်သည် ဤနည်းဖြင့် တိုက်များ၊ ခြံမြေများ၊ စက်များ၊ မော်တော်ကားများ၊ သင်္ဘောများ၊ စီဘီသမ္ဗန်ကြီးများကို ရောင်းချပေးခဲ့၏။ ထို့ကြောင့် ကျွနိုပ်၏ ဗေဒင်လက္ခဏာဆရာ သက်တန်းတစ်လျှောက်တွင် ဤနည်းသည် ကျွန်ုပ်အားထမင်းကောင်းစွာ ကျွေးခဲ့သော နည်းဖြစ်၏။ ထိုဓာတ်ရိုက်ဓာတ်ဆင်ကြောင့်ပင် ကျွန်ုပ်၏ နာမည်ဂုဏ်သတင်းသည်လည်း ကြီးမားခဲ့ရလေတော့သတည်း။

မှတ်ချက် ။…..။ မိတ်ဆွေ သင်သည် ဤနည်းကလေးကို စဉ်းစားထားပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤနည်းကလေးသည် သင့်အား များစွာ အကျိုးပြုလိမ့်မည်။ ထိုကြောင့် အောက်တွင် ဖော်ပြသော ဇယား ကလေးကို ဆယ်မိနစ်ခန့် မှတ်သားထားရုံမျှဖြင့် နောင်တစ်ချိန်တွင် ခက်ခက်ခဲခဲ ရောင်းချရမည့် သင်၏ ပစ္စည်များအား လွယ်လင့်တကူ ရောင်ချနိုင်ပေလိမ့်မည်။ ထိုအခါ၌ သင်သည် ကျွန်ုပ်အား ကျေးဇူးတင်ပေလတ္တံ့။