အရှင်သာရိပုတ္တရာ၏နောက်ဆုံးခရီး

အခါကား ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးတော်မူစဉ်ဖြစ်ပေသည်။ အရှင်သာရိပုတ္တရာသည် ဖလသမာပတ်မှ ထတော်မူပြီးသောအချိန်တွင် အောက်ပါအတိုင်း အကြံဖြစ်တော်မူ၏။

“ဘုရားသခင်တို့သည်တည်း ရှေးဦးစွာ နိဗ္ဗာန်ဝင်ကုန်သလော။ အဂ္ဂသာဝကတို့သည်တည်း ရှေးဦးစွာ နိဗ္ဗာန်ဝင်ကုန်သလော”

ထိုအခါ အဂ္ဂသာဝကတို့သည် ရှေးဦးစွာ ပရိနိဗ္ဗာန်ပြုကုန်သည်ဟုသိ၍ မိမိ၏ အာယုသင်္ခါရ  ကို ကြည့်တော်မူသည်။ “ခုနစ်ရက်အတွင်း၌သာ လျှင် ငါ၏ အာယုသင်္ခါရသည် ဖြစ်လတ္တံ့”ဟု သိ၍ “အဘယ်အရပ်၌ ပရိနိဗ္ဗာန်ပြုရအံ့နည်း” ဟု ကြံပြန်သည်။

ထိုသို့ကြံပြီးနောက် “ငါ၏ အမိသည် ရဟန္တာ ခုနစ်ယောက်တို့၏ မယ်တော်ဖြစ်လျက် ဘုရား၊ တရား၊ သံဃာတို့၌ မကြည်ညို၊ ထိုမယ်တော်၏ မဂ်ဖိုလ်ရခြင်းအကြောင်း ရှိပါသလော”ဟု စူးစမ်း ဆင်ခြင်ပြန်သည်။ သောတပတ္တိဖိုလ်၌ ဥပနိဿယကို မြင်သဖြင့် “ငါ့မိခင်အား ငါမှတစ်ပါး အမြိုက်တရားကို ပေးအံ့သောသူ မရှိပြီ။ ဤကိစ္စ၌ ငါကြောင့်ကြမဲ့ ဖြစ်ချေအံ့။ အရှင်သာရိပုတ္တရာသည် တစ်ပါးသောသူတို့၏ ကိုးကွယ်ရာသာ ဖြစ်နိုင်သည်။ မယ်တော်၏ မှားသော အယူဝါဒကို ပယ်ခြင်းငှာ  မတတ်နိုင်လေဟု အများပင်ထင်ကြကုန်လတ္တံ့။ ထို့ကြောင့်မယ်တော်၏ မိစ္ဆာဝါဒကို ကင်းစိမ့်သောငှာ ငါဖွားရာ တိုက်ခန်း၌ပင် ပရိနိဗ္ဗာန်ပြုအံ့” ကြံစည် ဆုံးဖြတ်လေသည်။

“ယနေ့ပင်လျှင် ဘုရားရှင်ကို ခွင့်တောင်း၍ ထွက်တော့အံ့”ဟု နှလုံးပြုလျက်၊ ညီတော် စုန္ဒကို ခေါ်၍ အောက်ပါအတိုင်း ဆိုသည်။

“ငါ့ရှင်စုန္ဒ …မိဘတို့ရွာသို့ သွားကြကုန်အံ့။ ရဟန်းငါးရာတို့အား အမှတ်သညာကို ပေးလော့” အရှင်စုန္ဒလည်း အရှင်သာရိပုတ္တရာ၏ တပည့်ငါးရာ တို့အား “အရှင်တို့ သပိတ်၊ သင်္ကန်းတို့ကို ဆောင်၍ လာလတ်ကုန်လော့၊ အရှင်သာရိပုတ္တရာသည် နာဠကရွာသို့ ကြွတော်မူလို၏”ဟု နှိုးဆော်လိုက်လေသည်။ ငါးရာသော ရဟန်းတို့သည်လည်း သပိတ် သင်္ကန်းပြင်ဆင်လျက် အရှင်သာရိပုတ္တရာ၏ထံတော်သို့ ကပ်ကြကုန်၏။

အရှင်သာရိပုတ္တရာလည်း ထိုရဟန်းငါးရာ ခြံရံလျက် ဘုရားရှင်ထံသို့ကပ်ပြီးသော် အောက်ပါ အတိုင်း လျှောက်တော်မူ၏။

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား … တပည့်တော်အား ခွင့်ပြုတော်မူပါ။ တပည့်တော်သည် အာယုသင်္ခါရလွှတ်ချိန်တန်ပါပြီ”

ဘုရားရှင်က “ချစ်သား သာရိပုတ္တရာ သင် အဘယ်အရပ်၌ ပရိနိဗ္ဗာန်ပြုအံ့နည်း”ဟု မေးတော်မူ၏။ “အရှင်ဘုရား …မာဂဓရာဇ်တိုင်း နာဠကရွာ၌ ကျွနု်ပ်ကို ဖွားမြင်ရာဖြစ်သော တိုက်ခန်း၌  ပရိနိဗ္ဗာန်ပြုပါအံ့”ဟု လျှောက်လေသည်။ ဘုရားရှင်က လည်း အောက်ပါအတိုင်း မိန့်တော်မူလေသည်။

“ချစ်သား သာရိပုတ္တရာ၊ သင်၏ ပရိနိဗ္ဗာန် ဝင်ရာကို သင်သာ သိနိုင်သည်။ သင်၏တပည့်ကြီး တပည့်ငယ်တို့သည် သင်ကဲ့သို့သော ဆရာကို ဖူး မြင်ရခြင်းငှာလည်းကောင်း၊ ဆည်းကပ်ရခြင်းငှာ လည်းကောင်း အလွန်ရခဲ၏။ ထို့ကြောင့် တရား ဟောဦးလော့”

ထိုအခါ အရှင်သာရိပုတ္တရာသည် အထူးထူးသော တန်ခိုးဖန်ဆင်းခြင်းကိုပြု၍ လူရဟန်းအပေါင်းတို့အား တရားဟောပြလေသည်။ ထိုအခါ သာဝတ္တိ ပြည်အလုံးသည် ရုန်းရင်းခတ်မျှ စည်းဝေးကြကုန်၏။

အရှင်သာရိပုတ္တရာသည် ကောင်းကင်မှ ဆင်းသက်၍ ဘုရားရှင်၏ ခြေတော်ရင်း၌ ဦးတိုက်ပြီးလျှင် “အရှင်ဘုရား …တပည့်တော်သွားပါတော့အံ့”ဟု လျှောက်လေသည်။ မြတ်စွာဘုရားရှင်သည်   ဂန္ဓကုဋိတိုက်၏အပါး ပတ္တမြားစီသော အင်းပျဉ် ထက်၌ ရပ်တော်မူစဉ် အရှင်သာရိပုတ္တရာလည်း လက်ယာရစ်သုံးကြိမ်လည်၍ ရှိခိုးပြီးသော် အောက်ပါ အတိုင်း လျှောက်ထားတော်မူသည်။

“ဘုန်းတော်ကြိးသော မြတ်စွာဘုရား … ဤကမ္ဘာမှ ပြန်၍ ရေသော်၊ တစ်သင်္ချေနှင့် ကမ္ဘာ တစ်သိန်း၏ အထက်၌ မနောမဒဿီ ဘုရားရှင်၏ စက်ပြင်တော်ရင်း၌ ဝပ်၍ ကိုယ်တော်မြတ်ကို ဖူးမြင်   ရကြောင်းဖြင့် တပည့်တော် ဆုတောင်းခဲ့ဖူးပါသည်။ ကောင်းသောဆုသည် ယခုပြည့်ဝ၍ အရှင်မြတ်ကို ဖူးမြင်ရပေပြီ။ တရားရသကို သောက်ရပေပြီ။ ဤ ယခု ဖူးမြင်ရခြင်းသည်ကား၊ အဆုံးစွန်သော ဖူးမြင် ခြင်းပါတည်း။ ယနေ့မှ ခုနစ်ရက်လွန်လျှင် လေးလံ စွာသော ခန္ဓာဝန်ကို တပည့်တော် ချပါတော့မည်”

ထို့နောက် ဘုရားရှင်မြင်လောက်သမျှ ဌာနတိုင်အောင် နောက်ဆုတ်သာ ကြွလေ၍ နာဠကရွာသို့ ရှုြွကတော်မူ၏။ ထိုအခါ မဟာပထဝီမြေကြီး သည် ပြင်းစွာ တုန်လှုပ်လေပေသည်။ ဘုရားသခင်၏ မိန့်ကြားချက်အပေါ် ရဟန်းတို့သည်လည်း ဟစ်ကြွေးငိုယိုကာ အရှင်သာရိပုတ္တရာ၏ နောက်တော်သို့ လိုက်ပါကြ ကုန်၏။

အရှင်သာရိပုတ္တရာလည်း မြို့၏ ဥပစာ အလွန်၌ရပ်တော်မူ၍ လူ၊ ရှင်၊ ရဟန်းအပေါင်းတို့အား “သင်တို့သည် ဘုရား သခင်ကိုလည်း မမေ့ကုန်လင့်၊ သင်္ခါရတရား တို့၏ ဖြစ်တတ်ပျက်တတ်သော သဘောရှိ သော အဖြစ်ကိုလည်း မမေ့စေကုန်လင့်” ဟု ဩဝါဒ ပေး၍ ပြန်ကြစေ၏။ အစဉ်သဖြင့် ကြွတော်မူ၏။ ခရီးအကြား၌ လူတို့အား တရားဟောတော်မူ၏။ ခုနစ်ရက်ကြာသော် ညချမ်းအခါ၌ နာဠကရွာသို့ ရောက်၍ ရွာတံခါးအနီး၊ ပညောင်ပင်ကြီး၏အရင်း၌ ရပ်တော်မူ၏။

ထိုအချိန်တွင် အရှင်သာရိပုတ္တရာ၏ တူဖြစ် သော ဥပရေဝတသည် ရွာ၏အပသို့ ထွက်လာ သည်နှင့် အရှင်သာရိပုတ္တရာကို မြင်တွေ့လေသည်။  အရှင်သာရိပုတ္တရာကိုမြင်လျှင် ရှိခိုးလျက် ရပ်၏။ အရှင် သာရိပုတ္တရာသည် ဥပရေဝတကို ခေါ်၍ မိခင်၏ သတင်းကို စုံစမ်းပြီးနောက် “မိခင်၏ အိမ်၌ ညဉ့်ကျိန်းဝပ်လို၍ လာသည်။ ဖွားရာတိုက်ခန်းကို သုတ်သင်ပြင်ဆင်လော့။ ငါးရာသော ရဟန်းတို့၏ နေရာကိုလည်း ပြင်ဆင်လော့”ဟုဆို၍ စေလိုက်လေသည်။

ဥပရေဝတသည် အဘွားအိမ်သို့ သွား၍ အကျိုး အကြောင်း ပြောကြားလေသည်။ အဘွားဖြစ်သော ရူပသာရီပုဏ္ဏေးမလည်း အောက်ပါအတိုင်း တွေးတောမြည်တမ်းလေသည်။

“ဤမျှလောက်သော ရဟန်းတို့၏ နေရာ ကို ဘယ်မှာ သုတ်သင်ရအံ့နည်း၊ ငယ်ရွယ်ပျိုမျစ်သောအခါက ရဟန်းပြု၍ ယခုကြီးရင့်သောအခါမှ လူထွက်ခြင်းကို အလိုရှိပြန်လေသလော” ယင်းသို့ မြည်တမ်းသော်လည်း ဖွားရာတိုက်ခန်းကိုလည်း ကောင်း၊ ငါးရာသော ရဟန်းတို့၏နေရာကိုလည်း ကောင်း ပြုပြင်၍ ဆီမီးတိုင်များကို ထွန်းညှိထား သည်။ အရှင်သာရိပုတ္တရာ ြွကလာသောအခါတွင် အရှင်သာရိပုတ္တရာသည် ဖွားရာတိုက်ခန်းသို့ဝင်၍ ရဟန်းငါးရာတို့ကို အသင့်ပြင်ထားသောနေရာ များသို့ လွှတ်လိုက်၏။ မိမိ၏အနီး၌ ညီတော်စုန္ဒနှင့် မယ် တော် ပုဏ္ဏေးမတို့သာလျှင် ရှိစေသည်။

ရဟန်းတို့သွား၍ မကြာမီပင် အရှင်သာရိ ပုတ္တရာသည် ကြမ်းတမ်းကြောက်မက်ဖွယ်ရာ သွေး အန်သောဝေဒနာကို ခံစားရတော့သည်။ ညီတော် စုန္ဒသည် ခွက်ကြီးခွက်ငယ်တို့ဖြင့် အလဲလှယ်ခံ၍ သွန်၏။ ခံသော ခွက်နှင့် မဆန့်နိုင်အောင် ရှိချေတော့သည်။ ဝေဒနာကို အာရုံမပြုဘဲ သည်းခံပါသော်လည်း ရေပွက်မှုတ်သကဲ့သို့ တရှုပ်ရှုပ် ပျို့အန်တော်မူသည်။

“ငါ့သား၏ဖြစ်အင်ကို မိခင် မမြင်ဝံ့ပြီ” ဟု ပြောဆိုပြီး ရင်ကို တီးလျက် မယ်တော်ပုဏ္ဏေးမသည် တံခါးကို မှီ၍ ရပ်နေရသည်။

စတုမဟာရာဇ်နတ်မင်းတို့သည်လည်းကောင်း၊ သိကြားမင်းသည်လည်းကောင်း၊ သုယာမနတ်မင်း၊ စူဠရသနတ်မင်း၊ ဗြဟ္မာမင်းတို့သည်လည်းကောင်း၊ အရှင်သာရိပုတ္တရာအနီးအနားသို့ လုပ်ကျွေးခြင်းငှာ လာကြကုန်၏။ အရှင်သာရိပုတ္တရာလည်း “ငါ့အား လုပ်ကျွေးသူရှိပြီ။ သွားကြကုန်လော့”ဟုဆို၍ လွှတ် လိုက်လေတော့သည်။ မယ်တော် ပုဏ္ဏေးမမှာမူ အရှင်စုန္ဒ၏ ပြောပြချက်အရ အကျိုးအကြောင်း သိရှိရပြီး တအံ့တဩဖြစ်လျက် ရှိတော့သည်။ ထို့နောက် သားတော် အရှင်သာရိပုတ္တရာအနီးသို့ သွား၏။ ချစ်သားကို ဖူးမြင်ခြင်းငှာနှင့် ရောဂါအခြေ အနေကို သိရှိရန် ဖြစ်ပေသည်။ ကိုယ်အရောင်အဝါဖြင့် တင့်တယ်စွာဖြင့် ရောက်လာသူတို့၏ အကြောင်းကို သိလိုသောကြောင့်လည်း ဖြစ်ပေသည်။ အကျိုး အကြောင်း လျှောက်ထားမေးမြန်း၍ သိလေသောအခါ “ငါ့သား၏ ဘုန်းအာနုဘော်သည် ကြီးမြတ်လေစွ။ ငါ့သား၏ ဆရာဖြစ်သော ဘုရားသခင်၏ တန်ခိုးအာနုဘော်မှာ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း”ဟု ကြံမိ၏။ ငါးရပ်သော ပီတိတို့သည်၊ ကိုယ်အလုံးကို ပျံ့နှံ့လေတော့သည်။ အရှင်သာရိ ပုတ္တရာလည်း အောက်ပါအတိုင်း ကြံ၏။

“ငါ၏မယ်တော်အား များစွာသော နှစ်သက်  ဝမ်းမြောက်ခြင်း ဖြစ်ပြီ။ ဤယခုအခါ၌ တရားဟော ခြင်းငှာသင့်ပြီ”

ထို့နောက် အရှင်သာရိပုတ္တရာသည် မိခင် ဖြစ်သူ ရူပသာရီမယ်တော် (ပုဏ္ဏေးမကြီး) အား အောက်ပါအတိုင်း ဆက်၍ ဟောတော်မူသည်။

“မယ်တော် … ငါ၏ဆရာမြတ်စွာဘုရားသည် ဖွားတော်မူသော အခါ၌လည်းကောင်း၊ ဓမ္မစကြာ တရားဟောတော်မူသောအခါ၌လည်းကောင်း၊ တစ်သောင်းသော လောကဓာတ်ကို ပဲ့တင်ထပ်မျှ တုန်လှုပ်သည်။ သီလ၊ ပညာ၊ သမာဓိအရာ၌လည်း ဘုရားသခင်နှင့် တူသူမရှိပြီ။ ဣတိပိသောအစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံတော်မူ၏။

မယ်တော်ရူပသာရီပုဏ္ဏေးမသည် ချစ်လှစွာသော သား၏တရားဒေသနာအဆုံး၌ သောတာ ပတ္တိဖိုလ်၌ တည်လေသည်။ ထို့ပြင် “ချစ်သား အဘယ်ကြောင့် ဤသို့သဘောရှိသော အမြိုက်တရားမည်သည်ကို ငါ့အားဤမျှသော ကာလတိုင် တိုင် မဟောကြားဘဲ နေဘိသနည်း”ဟု ဆိုလေ၏။

အရှင်သာရိပုတ္တရာလည်း “ယခုအခါ ငါ၏  အဆင်းအသရေကို ဆောင်တတ်သော မယ်တော် အား နို့ဖိုးကျေးဇူးကို ဆပ်အပ်လေပြီ။ ဤမျှဖြင့် ပြီးစေတော့အံ့”ဟုကြံ၍ “ဒကာမကြီး သွားဦးတော့” ဟုဆို၍ မယ်တော်ကို လွှတ်လိုက်၏။

ထို့နောက် “ငါ့ညီ၊ စုန္ဒ အခါတန်ပြီလော”ဟု    မေး၏။ “အရှင်ဘုရား မိုးသောက်အားကြီးရှိပြီ”ဟု    လျှောက်လေသော် “ငါ့ညီစုန္ဒ ငါ့ကိုထူလော့”ဟု မိန့်တော်မူ၏။ အရှင်စုန္ဒသည် အရှင်သာရိပုတ္တရာ ကို ထိုင်လျက်နေစေ၏။ အရှင်သာရိပုတ္တရာလည်း ရဟန်းတို့ကို ခေါ်တော်မူ၍ အော်ပါအတိုင်း မိန့် တော်မူ၏။

“ငါ့ရှင်တို့ လေးဆယ့်လေးနှစ်ပတ်လုံး ငါနှင့် အတူတကွ သွားလာကြကုန်သော သင်တို့အား ငါ၏ ကိုယ်၌ဖြစ်သော အမှု၊ ဝစီကံကြောင့်ဖြစ်သော အမှုကို မနှစ်သက်ကုန်အံ့။ ထိုအမှုကို သည်းခံကြပါကုန်လော့”

တပည့်တို့ကလည်း အောက်ပါအတိုင်း လျှောက်ထားကြကုန်၏။

“အရှင်ဘုရား ဤမျှလောက်သော ကာလ ပတ်လုံး အရှင်၌ အကျွနု်ပ်တို့ မနှစ်သက်ဖွယ် မည် သည်မရှိ။ အရှင်ဘုရားသာ တပည့်တော်တို့အား သည်းခံတော်မူပါ။ ကံသုံးပါးဖြင့် ကန်တော့ပါ၏”

အရှင်သာရိပုတ္တရာသည် တန်ဆောင်မုန်း လပြည့်နေ့ညချမ်းအချိန်တွင် မယ်တော်အိမ်ခန်းတိုက် သို့ ရောက်တော်မူ၍ ထိုညဉ့်၌ ပြင်းပြစွာသော ရောဂါ ဝေဒနာကို ခံစားရ၏။ ထိုညဉ့်မိုးသောက်ယံတွင် ခေါမ သင်္ကန်းကို ဝတ်ရုံတော်မူ၍ လက်ယာနံပါးဖြင့်လျောင်းလျက် ဈာန်သမာပတ်၊ ဖလသမာပတ် တို့ကို မပြတ်ဝင်စားတော်မူလျက် စတုတ္ထဈာန်၏ အထွက်၌ ဝိပါတ်ကမ္မဇရုပ် အကြွင်းမရှိသော နိဗ္ဗာန်ဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏”

မယ်တော်ရူပသာရီလည်း မဟာပထဝီ လှုပ် သောအခါ အနီးသို့လာ၏။ “ငါ့သားကြီး ဥပတိဿသည် တစ်ခွန်းသောစကားကိုမျှ မဆိုပြီတကား” ဟု ညည်းတွား၏။ သားဖြစ်သူ အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန်ခံယူပြီးဟူသော အပြစ်ကို သိရှိသော အခါ သည်းစွာသော အသံကိုဟစ်၍ အောက်ပါအတိုင်း ငိုေြွကးလေတော့သတည်း။

“ချစ်သား ဥပတိဿ …ရှေးကာလငါ့အား ကျေးဇူးဂုဏ်အင်ကို မိခင်မသိရပါ။ ယခုမှသာ သိ လိုက်ပါတော့သည်။ စည်းစိမ်ဥစ္စာ၊ များစပါလျက် သားရဟန်းကို အမွန်ထား၍ ဘုရားသခင်နှင့်တကွ  အသိန်းမကသော ရဟန်းသံဃာတို့ကို မိခင်အိမ်မှာ တစ်ကြိမ်မျှ စည်းဝေး၍ မလုပ်ကျွေး မလှူဒါန်းရပါလေ တစ်ထည်သော သင်္ကန်းတစ်ဆောင်သော ရိပ်ဝှမ်းကိုမျှ မလှူဒါန်းရပါလေ။

မောင်ဉာဏ်စိန်

ကျမ်းကိုးစာရင်း

၁။ မာလာလင်္ကာရဝတ္ထုတော်ကြီး (ဒုတိယ  မဲထီး ဆရာတော်)

၂။ဇိနတ္တပကာသနီကျမ်း(ကျီးသဲလေးထပ်ဆရာတော်)