မေခ၊ မလိခ၊ ဧရာဝတီ မြစ်ဆုံဒေသ

မေခ၊ မလိခ၊ ဧရာဝတီ မြစ်ဆုံဒေသ

မေခ၊ မလိခ၊ ဧရာဝတီ မြစ်ဆုံဒေသ

ကျွန်တော့်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်များမှာ  အဓိကတာဝန်က အင်းတော်ကြီးဘုရားသွားရောက်ပြီး ကန်တော့ပွဲနှင့် ဆွမ်း၊ ပန်းရေချမ်းများ ကပ်လှူ တာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူကနေ ငါးဖြစ်၊ ငါးဘဝက ကျွတ်လွတ်တော့ နတ်ငါးဖြစ်နေကြတဲ့ နတ်ငါး ၇၃ ကောင်ကို အမျှအတန်းဝေ ကျွတ်လွတ်အောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ အဲဒီကိစ္စလည်း ၈-၅-၂၀၁၆ ရက်က ဆောင်ရွက်ပြီးဖြစ်ပါတယ်။

၉-၅-၂၀၁၆ ရက်မှာတော့ မြစ်ကြီးနား ရောက်တုန်းရောက်ခိုက် ဧရာဝတီမြစ်ဆုံကို သွားရောက်လေ့လာဖို့ ဦးစိုင်းအေးကျော်နဲ့ ဒေါ်ဆွေဆွေ မိသားစုက စီစဉ်ပေးပါတယ်။ မနက် ၉ နာရီ ၃၀ မှာ ကားနှစ်စင်းနဲ့ ဦးစိုင်းအေးကျော်တို့ မိသားစုဝင်တွေပါ ဧရာဝတီမြစ်ဆုံကို သွားကြပါတယ်။ မြို့က ထွက်ကတည်းက ကွန်ကရစ်လမ်းကို မောင်းရပါတယ်။ လမ်းက ရန်ကုန်-မန္တလေး အမြန်လမ်းထက်  မျက်နှာပြင် ညီညာတဲ့အတွက် ကားစီးရတာ သက်သာပါတယ်။ ချောင်းတွေကို ဖြတ်တဲ့အခါမှာလည်း တံတားကို အသွားအပြန် နှစ်စင်း ပြုလုပ်ထားတဲ့အတွက် အဆင်ပြေပါတယ်။ ဒီတံတားက မြစ်ဆုံရေကာတာ ဆောက်လုပ်မည့် တရုတ်ကုမ္ပဏီက တည်ဆောင်ပေးထားတဲ့အကြောင်း၊ မြစ်ဆုံမှာရှိတဲ့ ၎င်းတို့ကုမ္ပဏီစခန်းအတွင်းထဲအထိ ဖောက်လုပ် ပေးထားကြောင်း သိရပါတယ်။ မြစ်ကြီးနားနဲ့ မြစ်ဆုံ က ၂၇ မိုင်ဝေးပါတယ်။ ကျွန်တော့်အထင် တရုတ်ကုမ္ပဏီ ဆောက်လုပ်ထားတဲ့လမ်းက မိုင် ၂၀ ကျော်လောက် ရှိမည်ထင်ပါတယ်။ လမ်းက မြစ်ကြီးနားနဲ့ ပူတာအိုသွား ကားလမ်းကို ပြုပြင်ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။ လမ်းမှာ ပူတာအိုကို သွားတဲ့ ကုန်ကားအချို့နဲ့ အိမ်စီးဟိုက်လပ်ကားအချို့ကို တွေ့ ရပါတယ်။ ပူတာအိုကားလမ်းက မိုးရွာလျှင် အသွားရခက်ကြောင်းလည်း သိရပါတယ်။ လမ်းမှာ မြစ်ဆုံ ရေကာတာအတွင်းကျတဲ့ ရွာတွေကို တရုတ်ကုမ္ပဏီက ရွှေ့ပြောင်းနေခိုင်းထားရာ လမ်းဘေးဝဲယာမှာ  တွေ့ရပါတယ်။ အဲဒီရွှေ့ပြောင်းနေတဲ့အခါ ခရစ်ယာန်ဘုရားကျောင်း၊ မြန်မာဘုန်းကြီးကျောင်းတွေပါ စနစ်တကျ ရွှေ့ပေးထားတာ တွေ့ရပါတယ်။

ကျွန်တော်တို့သွားတဲ့ ကားလမ်းက တောင်ကြားတွေမှာ ဖြတ်သွားပြီး တောင်စောင်းတွေမှာ ကပ်ပြီး ဖောက်လုပ်ထားပါတယ်။ ဘေးမှာ သစ်ပင်ဝါးပင်တွေနဲ့ စိမ်းလန်းစိုပြည်တဲ့ မြင်ကွင်းပါပဲ။ ဒါပေမဲ့ သစ်ကြီးဝါးကြီးတွေကတော့ မတွေ့ရတော့ပါဘူး။

၈-၅-၂၀၁၆ ရက်က အင်းတော်ကြီးသွား တဲ့လမ်းတလျှောက် မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့ နယ် လမ်းဘေးတလျှောက် သစ်ပင်ကြီးကြီးတွေ မတွေ့ရတော့ပါဘူး။ တောင်ကတုံးတွေပဲ တွေ့ရပါတယ်။ ကျွန်တော်က ကချင်ပြည်နယ်မှာတော့ သစ်တောတွေရှိနိုင်တယ်လို့ မူလက ထင်မိခဲ့တာပါ။

လမ်းမှာ တောင်ကြားတွေ ဖြတ်သွားရင်း တော်တော်မြင့်တဲ့ ကြီးတဲ့ တောင်ကြီးတစ်လုံးတွေ့ လို့ မေးကြည့်တော့ အင်ကိုင်ဗွန်တောင်လို့ သိရပါ တယ်။ ဒီတောင်ရဲ့ နာမည်ကို ကျွန်တော်မှတ်မိနေတာ လွန်ခဲ့တဲ့ လေးနှစ်ခန့်ကတည်းက မှတ်မိနေတာပါ။ မှတ်မိနေတဲ့အကြောင်းက ကျွန်တော့် ဗိုလ်ကြီးဟောင်းတစ်ယောက်နဲ့ ပတ်သက်ပြီးတော့ မှတ်မိနေတာပါ။ ဗိုလ်ကြီးက သူ့မှာ မိသားစုလေးယောက် ရှိတယ်။ သားနှစ်ယောက်က လူပျိုတွေပါ။ သူတို့က ဗေဒင်လည်းဟောတယ်။ စီးပွားရေးကတော့ အဆင်မပြေပါဘူး။ ကျွန်တော့်ဆီကိုလည်း မကြာခဏလာ ပြီး ဗေဒင်မေးပါတယ်။

တစ်ရက်တော့ သူတို့ သားအဖ ထိုင်းနယ်စပ် တာချီလိတ်ကို ဆင်းသွားပြီး ဗေဒင်ဟောချင်တယ်။ အဆင်ပြေမလား မေးပါတယ်။ ကျွန်တော်က ထိုင်းနိုင်ငံ မသွားဘဲ မြစ်ကြီးနားသွားပါ။ မြစ်ကြီးနားမှာ အင်ကိုင်ဗွန်တောင်စောင့် နတ်မင်းကြီးက တစ်ခုသော ဘဝက ညီအစ်ကိုတော်တယ်။ သူက စောင့် ရှောက်ပါလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ ဗိုလ် ကြီးက မြစ်ကြီးနားကို သွားပါတယ်။ မြစ်ကြီးနားမှာ သူနဲ့ တစ်ပတ်စဉ်တည်း ပုဂ္ဂိုလ်က အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်။ သူက အစိုးရအဆောက်အအုံတစ်ခုမှာ နေရာပေးတဲ့အတွက် မြစ်ကြီးနားကို ပြောင်းတော့မယ့်အကြောင်း ကျွန်တော့်ဆီ လာပြောပါတယ်။ ကျွန်တော်က မြစ်ကြီးနားရောက်လျှင် အင်ကိုင်ဗွန်တောင် ဘိုးဘိုးကြီးကို ကန်တော့ပွဲတစ်ပွဲပေးပြီး စောင့်ရှောက်ဖို့ ပြောပါလို့ မှာလိုက်ပါတယ်။ ဒါနဲ့ သူတို့ မြစ်ကြီးနားကို ပြောင်းသွားကြပါတယ်။ နှစ်လလောက်နေတော့ ကျွန်တော့်မိတ်ဆွေ ဗိုလ်ကြီး ရန်ကုန်ပြန်ရောက်လာတော့ ကန်တော့ပွဲ ကပ်လှူ ပြီးပြီ။ အဆင်တော့ မပြေသေးဘူးလို့ ပြောပါတယ်။

နောက်တစ်နှစ်လောက်နေတော့ အဲဒီဗိုလ်ကြီး ကျွန်တော့်ဆီ ပြန်ရောက်လာပါတယ်။ သူတို့ အင်ကိုင်ဗွန်တောင်မှာ ရွှေတူးတာ ရွှေပိဿာချိန် ၆၀ ကျော်ရကြောင်း ကျွန်တော့်ဘဝမှာ ဘယ်တော့မှ မဆင်းရဲနိုင်တော့ဘူးလို့ ထင်ခဲ့ကြောင်း ယခုတော့ အဲဒီရွှေတွေလည်း ကုန်သွားပြီဖြစ်ကြောင်း ဘာလုပ်ရမလဲဆိုတာ ဟောပါဦးလို့ ပြောပါတယ်။

ကျွန်တော်က ရွှေပိဿာချိန် ၆၀ ရတော့ ဘာလုပ်သလဲမေးတော့ မိန်းမကလည်း နတ်ကန္နားတွေ ခဏခဏပေးတယ်၊ သားနှစ်ယောက်ကလည်း စားလိုက်သောက်လိုက် ပျော်လိုက်ပါးလိုက်နဲ့ နောက်ပိုင်းမှာ ရွှေကလည်း မထွက်တော့ဘဲ ဆက်တူးရင်း ဒီဇယ်ဖိုးတွေ၊ အလုပ်သမားစရိတ်တွေနဲ့ ပြန်ကုန်သွားကြောင်း ပြောပါတယ်။ ကျွန်တော်က ခင်ဗျား ဘုန်းကြီးတွေ ဘာတွေ ဆွမ်းတွေဘာတွေ မကျွေးဘူးလားမေးတော့ မကျွေးမိကြောင်း ပြောပါတယ်။

မရခင်ကတော့ အဓိဋ္ဌာန် ပုတီးစိပ်ရတာနဲ့ ဘယ်လိုလှူလိုက် တန်းလိုက်မယ်၊ သာသနာပြုချင်လို့ပါဆိုပြီး ပြောနေတယ်။ တကယ်လည်းရရော ဘုန်းကြီးသုံးပါးတောင် ဆွမ်းမကျွေးဘူးဆိုတော့ ခင်ဗျားနောက်ကို ကျွန်တော့်ဆီ မလာပါနဲ့တော့လို့ အပြတ်ပြောလိုက်ပါတယ်။ သူလည်း မလာတော့ပါဘူး။ အခုအချိန် ဘယ်သောင်တင်လို့ ဘယ်ကမ်း ရောက်နေလဲဆိုတာ မသိတော့ပါဘူး။ ဒါကြောင့်မို့ အင်ကိုင်ဗွန်တောင်ခြေက ကားဖြတ်မောင်းနေတဲ့ အချိန် အဲဒီဗိုလ်ကြီးရဲ့ အဖြစ်ကို သတိရနေပါတယ်။

ကျွန်တော်တို့ကား ပူတာအိုသွားတဲ့ လမ်းကနေပြီး မြစ်ဆုံသွားတဲ့လမ်းထဲ ချိုးဝင်လိုက်တော့ မြစ်ဆုံဒေသ ရောက်ပါတယ်။ လူနေအိမ်တွေကော၊ ဘုန်းကြီးကျောင်းတွေကော၊ ဗုဒ္ဓဘုရားတစ်ဆူပါ အဝင်ဝမှာ ဖူးတွေ့ရပါတယ်။ ဘုရားအဝင်ပေါက် ရောက်တော့ ကျွန်တော်တို့ဆင်းပြီး ဘုရားအရင် ဝင်ဖူးကြပါတယ်။ စေတီပုံက အောက်ခြေအဝိုင်းပုံ၊  လိုဏ်စေတီဖြစ်ပြီး အပေါ်မှာ စေတီပေါက်ထားပါတယ်။ ပထမဘုရားဝင်းထဲ လျှောက်နေရင်း မြစ်ကမ်းနံဘေးမှာ အမှတ်တရ ဓာတ်ပုံများ ရိုက်ပါတယ်။ မြစ်ထဲမှာ လူအချို့ ရေချိုးနေတာ တွေ့ရပါတယ်။ လှေနှစ်စင်းလည်း သွားနေတာ မြင်ရပါတယ်။ ပတ်ဝန်းကျင်က စိမ်းစိုသာယာနေတဲ့ တောင်တွေ ဝိုင်းထားပါတယ်။ ရေက တက်နေတဲ့အတွက် ကျောက်ဆောင်ကျောက်တုံးတွေတော့ မတွေ့ရပါဘူး။ လေ အေးလေးက တိုးခွေ့နေပါတယ်။ ပူပြင်းတဲ့နေရာက လာတဲ့ ကျွန်တော်တို့အတွက် စိတ်အေးချမ်းမှုရပါတယ်။ မြစ်ဆုံမှာ စားသောက်ဆိုင်တွေလည်း တော်တော်များပါတယ်။ ဆိုင်တချို့က မြစ်ဆုံမြစ် ကမ်း နံဘေးမှာ မြစ်ကမ်းပေါ်မေးတင်ပြီး ဆောက်ထား ကြပါတယ်။ ရောက်လာတဲ့ဧည့်သည်တွေ အနေနဲ့ ကချင်ရိုးရာ စားသောက်ဖွယ်ရာများ၊ စားသောက်ရင်း မြစ်ဆုံရဲ့ လှပတဲ့ ရှုခင်း အရသာ ခံစားရင်း စားသုံးလို့ ရပါတယ်။

ကျွန်တော်တို့ စေတီတော်ရဲ့ လိုဏ်ဂူအတွင်း ဝင်ပြီး ရုပ်ပွားတော်တစ်ဆူကို ငွေ ၅၀ဝ၀ ကျပ် ကပ်လှူပြီး ပုတီးစိပ်ပါတယ်။ ပုတီးစိပ်ပြီးလို့ အမျှဝေတဲ့အခါ ရုပ်ပွားတော်ကို စောင့်ရှောက်နေတဲ့ ဝတ်ရုံက အစိမ်းရောင်၊ အသားအရေတော်က ဆင်စွယ်ကဲ့သို့ ဖွေးဆွတ်နေတဲ့ တန်ခိုးရှင်ကြီးတစ်ပါး ပေါ်လာပါတယ်။

တန်ခိုးရှင်ကြီးက ဤမြစ်ဆုံဒေသမှ မိုင် ၃၀ဝ အတွင်း တရုတ်တွေ မဝင်နိုင်အောင် တားမြစ်နေတာ သုံးနှစ်ရှိပြီဖြစ်ကြောင်း နောက်လည်း ဆက်ပြီး တားမြစ်သွားမည်ဖြစ်ကြောင်း ဤဒေသကို ဗုဒ္ဓဘာသာ ထွန်းကားအောင် ဆောင်ရွက်နေကြောင်း ကျွန်တော်နဲ့အတူ ပါလာတဲ့ ဒေါ်ဆွေဆွေကိုလည်း တစ်နှစ် တစ်ကြိမ် ဘုရားကို ဆွမ်းလာကပ်ဖို့၊ ဆွမ်းကပ်တဲ့အခါ အခြားဟင်းလျာများအပြင် ငှက်ပျောဖူးသုပ်လည်း ပါစေချင်ကြောင်း မိန့်ပါတယ်။ တန်ခိုးရှင်ကြီးက မြစ်ဆုံဒေသအောက်တွင် နဂါးတိုင်းပြည်ရှိကြောင်း၊ နဂါးကောင်ရေ ၃၆၀ဝ ရှိကြောင်း နဂါးများက မြစ်ဆုံအတွင်း အမျိုးသမီးများ ရေချိုးတာ  မကြိုက်ကြောင်း မိန့်ပါတယ်။

ကျွန်တော် ဘုရားရှိခိုးပြီးတဲ့အခါ ကျွန်တော့်အနီးမှာ တစ်စုံတစ်ဦး ရောက်နေတာ ခံစားသိရှိ၍ မေးရာ အင်ကိုင်ဗွန်တောင်မှ နဂါး ၂၇ ကောင် ရောက်နေကြောင်း သိရပါတယ်။

ကျွန်ုပ်။ ။ အသင်နဂါးတို့တွေက ဘာကိစ္စရှိ လို့ဒီကိုလာကြတာပါလဲ။

နဂါးမင်း။ ။ အင်ကိုင်ဗွန်တောင်မှာ အလွန်ကြီးတဲ့ နဂါးကြီးတစ်ကောင် ရောက်နေပါတယ်။ နဂါးကြီးရန်က ကာကွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

ကျွန်တော်က အင်ကိုင်ဗွန်တောင် ရောက်နေတဲ့ နဂါးကြီးကို ပင့်ဖိတ်လိုက်ပါတယ်။ အလွန်ကြီးတဲ့ နဂါးကြီးတစ်ကောင် ရောက်လာပါတယ်။

ကျွန်ုပ်။ ။ နဂါးကြီးက ဘယ်လိုကိစ္စနဲ့ အင်ကိုင်ဗွန်တောင်ကို ကြွရောက်လာတာပါလဲ။

နဂါးကြီး။ ။ ဧရာဝတီမြစ်ဆုံဒေသမှ နဂါးရုံ ဘုရားတစ်ဆူတည်ချင်လို့ အင်ကိုင်ဗွန်တောင်ကို ရောက်လာတာပါ။ နှစ်နှစ်အတွင်း နဂါးရုံဘုရားတစ်ဆူ တည်ပြီးလျှင် ပြန်ကြွသွားမှာပါ။ နဂါးတွေကို အန္တရာယ်မပြုပါဘူး။

ကျွန်ုပ်။ ။ ဒီမှာလည်း နဂါးရုံဘုရားတစ်ဆူရှိနေတာပဲ ထပ်တည်ဦးမှာလား။

နဂါးကြီး။ ။ အခုရှိနေတဲ့ နဂါးရုံဘုရားက ငယ်လွန်းပါတယ်။ ယခု ဘုရားထက်ကြီးတဲ့ နဂါးရုံဘုရားကို တည်မှာပါ။

ကျွန်ုပ်။ ။ နဂါးကြီးက နဂါးရုံဘုရားကို ဘယ်လိုတည်မှာပါလဲ။

နဂါးကြီး။ ။ မြစ်ကြီးနားမြို့ အမှတ်(၂)ဈေးက ဈေးသူဈေးသားတွေကို မနောရိုက်ပြီး တည်ခိုင်းပါမည်။ အမှတ်(၁)ဈေးက ဈေးသူဈေးသားတွေလည်း ပါဝင်နိုင်ပါတယ်။

နဂါးကြီးပြန်သွားတဲ့အခါ ကျွန်တော်တို့လည်း ကချင်ရိုးရာ စားသောက်ဆိုင်မှာ ကချင်ငါးကင်၊ ဝက်သားကင်၊ ကချင်ရိုးရာ ဟင်းသီးဟင်းရွက်ကြော်၊ ငါးပေါင်း၊ ဆတ်သားခြောက်ကြော်များကို ကချင် ထမင်းထုပ်များနှင့် အားပါးတရ မြိန်ရေရှက်ရေစားကြပါတယ်။ ကျွန်တော်တို့ကဲ့သို့မြစ်ဆုံကို လေ့လာကြတဲ့သူတွေရော မြစ်ဆုံကိုရေချိုးဖို့ ပျော်ဖို့ပါးဖို့ လာတဲ့လူငယ်တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့အဖွဲ့က နေ့ လယ် ၁ နာရီမှာ ဝါရှောင်ဆည်နဲ့ ကြိုးတံတားကို သွားဖို့ မြစ်ကြီးနားကို ပြန်ခဲ့ကြပါတယ်။ မြစ်ကြီးနား ရောက်တဲ့အခါ ဗလမင်းထင် တံတားဖြတ်ပြီး ဝိုင်းမော်မြို့ကို သွားကြပါတယ်။ ဝိုင်းမော်မြို့လည်း တော်တော်စည်ကားတဲ့မြို့ ဖြစ်ပြီး အဆောက်အအုံတွေက အဆင့်မီ အဆောက်အအုံတွေ များပါတယ်။   မြို့ကလည်း သန့်သန့်ရှင်းရှင်း ရှိပါတယ်။ ဝါရှောင်ဆည်က ဝိုင်းမော်မြို့ကနေ နာရီဝက်ခန့် မောင်းရပါတယ်။

ကျွန်တော်တို့ ဝိုင်းမော်မြို့ကို ဖြတ်နေစဉ် ကျွန်တော့်အသိဥာဏ်ထဲကို ဝိုင်းမော်မြို့က အစား အသောက်နှစ်မျိုးကိုစားပါလို့ အသိ အာရုံထဲ ဝင်ရောက်နေပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ကားရပ်ခိုင်းပြီး လမ်းဘေး မုန့်ဆိုင်တစ်ဆိုင်က မုန့်နှစ်မျိုးကို ဝယ်စားပါတယ်။ စားပြီးတော့ ဒီလို ကျွန်တော့်ကို အစားအသောက်နှစ်မျိုးစားခိုင်းတာ ဘယ်ပုဂ္ဂိုလ်ပါလဲလို့ ကျွန်တော့်ကို ဗေဒင်ကူညီဟောပေးတဲ့ မဟာအနန္တ တန်ခိုးရှင်ကြီးကို မေးကြည့်တော့ ဝိုင်းမော်မြို့ကို ရောက်နေတဲ့ နဂါးကြီးက စားခိုင်းတာပါလို့ ပြောပါတယ်။ ဝိုင်းမော်မြို့ပေါ် ရောက်နေတဲ့ နဂါးကြီးက ဘယ်လောက်ကြီးပါသလဲလို့ မေးတော့ နဂါးကြီးရဲ့ အရွယ်ပမာနက ဝိုင်းမော်မြို့ထက် သုံးဆလောက်ကြီးကြောင်း၊ အမြင့်ပေ ၆၀ဝ လောက်ရှိကြောင်း နဂါးကြီးရောက်နေတာ တစ်လနဲ့ ၁၉ ရက် ရှိကြောင်း မင်းလာမယ်ဆိုတာနဂါးကြီးက ကြိုတင် သိနေကြောင်း ကချင်ပြည်နယ်ကို ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာအောင် ဆောင်ရွက်စေချင်ကြောင်း ပြောပါတယ်။

ကျွန်တော်တို့အဖွဲ့ ဝါရှောင်ဆည်ရောက်တဲ့အခါ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပါတယ်။ ဆည်အတွင်းမှာ ရေချိုးနေကြတဲ့ ကလေးအချို့လည်း တွေ့ရပါတယ်။ ဝါရှောင်ဆည်က တစ်ဆင့် ကြိုးတံ တားဘက်ကို ဆက်သွားကြပါတယ်။ ကြိုးတံတားက ဝါရှောင်ဆည်ထဲဝင်တဲ့ ချောင်းကို ကျော်ဖြတ်ထားတဲ့ တံတားဖြစ်ပါတယ်။ ချောင်းကြမ်းပြင်ကနေ ဆိုလျှင် ကြိုးတံတားက ပေ ၂၀ လောက်မြင့်မည် ထင်ပါသည်။ တံတားပေါ်မှာ ဆိုင်ကယ်တွေရော၊ လူတွေပါ ဖြတ်သွားနေကြပါတယ်။ ချောင်းနံဘေးမှာတော့ တဲလေးတွေ ရှိပါတယ်။ အဲဒီတဲလေးတွေမှာ ကိုယ့်အဖွဲ့နဲ့ကိုယ် စားကြသောက်ကြ၊ ချောင်းရေထဲ ဘောကွင်းတွေစီးပြီး ချောင်းရေအစုန် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ တွဲမျောပြီး ရေကစားကြနဲ့ ဘေးက ကြည့်ရတဲ့ကျွန်တော်ပင် ပျော်ရွှင်နေပါတယ်။ ချောင်းရေကလည်း ကြည်ပြီးအေးနေပါတယ်။ ကျွန်တော်တော့ ချောင်းသာကမ်းခြေ ရေချိုးတာထက် ပိုသဘောကျပါတယ်။ အနီးမှာက    စားသောက်ဆိုင်တွေက ကိုယ်စားချင်တာ သောက်ချင်တာ မှာလို့ရပါတယ်။ လူငယ်တစ်ဖွဲ့က အသံချဲ့ စက်ရော တူရိယာပစ္စည်းတွေပါ သယ်လာပြီး အဖွဲ့လိုက် သီချင်းဆိုနေကြတာ တွေ့ရပါတယ်။

အဝေးကနေ ခန့်မှန်းကြည့်တော့ မြစ်ကြီးနား ကချင်ပြည်နယ်ဟာ မအေးချမ်းဘူးလို့ ထင်ရပေမဲ့  ကျွန်တော် လက်တွေ့ ကွင်းဆင်း ရောက်ရှိတဲ့အခါ မိုးကောင်း ဟိုပင်ဘက်မှာရော မြစ်ကြီးနားမြို့ပေါ်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အေးချမ်းနေပြီး ပြည်သူ တွေနဲ့ လူငယ်လူရွယ်တွေဟာ အေးချမ်းပျော်ရွှင်စွာ  သွားလာနေထိုင်လုပ်ကိုင်လျက်ရှိတာ တွေ့ရပါတယ်။ ညနေ ၃ နာရီလောက်မှာ ကြိုးတံတားကနေ ကျွန်တော်တို့ ပြန်လာကြပါတယ်။

၁၀-၅-၂၀၁၆ ရက် မနက် ၅ နာရီမှာ ဝိုင်းမော်မြို့ကို ရောက်နေတဲ့ နဂါးကြီးကိုကျွန်တော် ပင့်ဖိတ်လိုက်ပါတယ်။ ရွှေရောင်အဆင်းရှိတဲ့ နဂါး ကြီးတစ်ကောင် ကြွရောက်လာပါတယ်။ ကျွန်တော့်ဆီ ရောက်လာတဲ့ နဂါးအရွယ်ကတော့ သာမာန် နဂါးအရွယ်တွေထက် အနည်းငယ်ပဲ ပိုပြီး ကြီးပါ တယ်။

ကျွန်ုပ်။ ။ နဂါးကြီးက ကချင်ပြည်နယ်ကို ဗုဒ္ဓဘာသာဝင်တွေ ဖြစ်စေချင်တာလား။

နဂါးကြီး။ ။ ဟုတ်ပါတယ် ကချင်ပြည်နယ် တစ်ခုလုံးကို ဗုဒ္ဓဘာသာထွန်းကားစေချင်ပါတယ်။ မင်းက ထူးခြားတဲ့ ပါရမီရှင်ဖြစ်တယ်။ မေတ္တာစွမ်းအင်လည်းကြီးမားပါတယ်။ မင်းမေတ္တာအပို့ခံရတဲ့သူဟာ ကျန်းမာရေးကောင်းတယ်။ အပူသောက အမျိုးမျိုးလည်း ကင်းဝေးစေတယ်။ ပြီးတော့ တန်ခိုးရှင်ကြီးတွေရဲ့ စောင့်ရှောက်မှုကိုလည်း ခံရတဲ့သူဖြစ်တယ်။

ကျွန်ုပ်။ ။ နဂါးကြီးပြောလို့သာပါ။ ကျွန်တော်ကတော့ အဲဒီလောက် စွမ်းတယ်မထင်ပါဘူး။ ဝိုင်းမော်မြို့လာစဉ်က ကျွန်တော့်ကို အစားအသောက် နှစ်မျိုးစားခိုင်းတာ ဘာအတွက် စားခိုင်းတာလဲ။

နဂါးကြီး။ ။ ဝိုင်းမော်မြို့နဲ့ မင်းနဲ့ ဓာတ်ချင်း ဆက်နေအောင်၊ ပတ်သက်နေအောင် အစားခိုင်းတာပါ။ ပြီးတော့ မင်းဟာ ယခုတိုင်းနဲ့ ပြည်နယ် ၁၄ ခု အနက် ၁၃ ခု ရောက်ရှိသွားပါပြီ။ ကျန်တဲ့ရခိုင်ပြည်နယ်ကို နှစ်လအတွင်း သွားရောက်စေချင်ပါတယ်။

မင်းနဲ့တိုင်းနဲ့ ပြည်နယ်အားလုံး ဓာတ်ချင်း ဆက်နေအောင်လို့ပါ။

နောက်နဂါးကြီးက ကချင်ပြည်နယ်မှာ သာသနာပြုရမည့် လုပ်ငန်းများ မြန်မာနိုင်ငံမှာ သာသနာပြုရမည့် တာဝန်များကို မိန့်ကြားပါတယ်။   ကျွန်တော်က ကျွန်တော့်ကို အနီးကပ်စောင့်ရှောက်နေတဲ့ မဟာအနန္တတန်ခိုးရှင်ကြီးများရဲ့ အမိန့်ရလျှင် ဆောင်ရွက်ပါမည်ကို ပြန်လည်ဖြေကြားခဲ့ပါသည်။

သတ္တဝါများအားလုံး ကျန်းမာချမ်းသာကြပါစေ။

ဆရာဝင်း(သာကီနွယ်)