သရဲတွေ့တဲ့ကလေး …

စနေသားတစ်ယောက် နေ့လယ်က ရောက်လာပါတယ်။ သူ့သူဌေးပိုင်ခြံထဲမှာ သူတို့မိသားစုကိုထားလို့ သူတို့မိသားစုပြောင်းရွှေ့နေထိုင်ကြတာ တစ်ရက်ပဲရှိပါသေးတယ်။

“ညက ကျွန်တော့်သားအကြီးကောင်လေး မအိပ်ဘဲနဲ့ အိပ်ခန်းထောင့်ကို လက်ညှိုးထိုးပြီး ငိုနေပါတယ် ဆရာ …
ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိလို့ ဆေးရုံသွားလိုက်တာ ဆေးရုံရောက်တော့ အဖျားလည်းမရှိ ကိုယ်အပူချိန်က ၉၉ ပဲ ရှိတယ်ဆရာ …
မနက်သုံးနာရီလောက်သွားပြီး ငါနာရီလောက်ပြန်လာခဲ့တာပါ … အိမ်ရောက် တော့လည်း ကလေးက ကြောက်နေပါတယ်”

“ခင်ဗျားတို့ ခြံထဲမှာ မကျွတ်မလွတ် ရှိနေလို့ပေါ့ … သူတို့အတွက် အလှူအတန်း မလုပ်ပေးရသေးဘူးနဲ့ တူတယ်”

“ဟုတ်ကဲ့ …ဘာမှ မလုပ်ရသေးဘူး ဆရာ”

“ကောင်းပြီလေ … ခင်ဗျားလည်းခြံထဲမှာ အလှူလုပ်ပြီး အမျှအတန်းပေးလိုက်ပေါ့”

သူတို့ခြံထဲမှာရှိတဲ့ မကျွတ်မလွတ်အတွက် လိုအပ်တာတွေ ပြောပြီးတော့ ခြံကိုစစ်ဆေးကြည့်တဲ့အခါ ပညာစက်တွေ့တာကြောင့် ပညာသည်ကို ခေါ်ယူပြီး စက်သိမ်းခိုင်းလိုက်ပါတယ်။ ပညာစက် ကုန်သွားတဲ့အခါ ထုံးစံအတိုင်း စက်ဖြတ်ရေမန်းပက်ဖို့နဲ့ တန်ပြန်ဖယောင်းတိုင် ထွန်းဖို့ပေးလိုက်ပြီး-

“ဒီဖယောင်းတိုင် ထွန်းတဲ့နေချိန်မှာ အချိန်ရရင် တန်ပြန်ဂါထာရွတ်လိုက်လေ … မကောင်းတဲ့ ပညာစက်တွေနဲ့ ကိုယ့်ကို လုပ်တဲ့ပညာသည်နဲ့ ခိုင်းတဲ့လူပါ တန်ပြန်အောင်ပေါ့”လို့ပြောပြီး တန်ပြန် ဂါထာပေးလိုက်ပါတယ်။

သူတို့ပြန်သွားကြပြီး ည ၇ နာရီလောက်မှာ ကျွန်ုပ်ဆီ ဖုန်းဝင်လာပါတယ်။

“ဆရာရေ …နေ့လယ်က လာသွားတဲ့ ခြံမှာ ဖယောင်းတိုင်ထွန်းလိုက်ပြီး တန်ပြန်ဂါထာ ရွတ်လိုက်တာ သူ့ယောက္ခမမှာ ဝင်ပူးနေလို့တဲ့”

“ဟုတ်လား အင်း … ကျွန်တော်လှမ်းချုပ်ပေးမယ်လေ”

“ကျွန်တော် ဆရာ့ကို လာခေါ်မယ်ဆရာ …သွားကြည့်လိုက်တာ ပိုကောင်းမှာပါ”

“အင်းလေ …လာခေါ်လိုက်”

သိပ်မကြာခင်မှာ သူတို့ကားရောက်လာလို့ ကျွန်ုပ် ကားပေါ်တက်ချိန်မှာ ခြံထဲမှာနေတဲ့သူဆီ ဖုန်းခေါ်ခိုင်းလိုက်ပါတယ်။

“ဟုတ်ကဲ့ဆရာ ပြောပါ”

“ခု ခြံထဲမှာ မင်းယောက္ခမ ပူးနေတုန်း ပဲလား”

“ဟုတ်ကဲ့ … ပူးနေတယ် ဆရာ”

“ဖုန်းကို စပီကာဖွင့်လိုက်”

“ဟုတ်ကဲ့ …ဖွင့်လိုက်ပါပြီ ဆရာ”

ကျွန်ုပ်လည်း ပူးကပ်နေသူရဲ့ နေ့မေးပြီး အသက်နဲ့ခန္ဓာ အပ်ခိုင်းလိုက်ပါတယ်။

“တနင်္လာသမီးအသက်နဲ့ခန္ဓာ ဆံစက ခြေဖျား လက်ရှိနေတဲ့ခြံပါ ငါချုပ်တယ် … တနင်္လာသမီး ကိုယ်မှာ ပူးနေတဲ့မကျွတ်မလွတ် သိစေကြားစေရမယ် … ခု ငါအမိန့်ဆုံးတာနဲ့ ချက်ချင်းထွက်ပြီး ငါ့ကိုစောင့်နေ … ခုနှစ်ရက်သားသမီးကို လုံးဝ အနှောင့်အယှက်ပေးလို့ မရစေရ”

အမိန့်ပေးပြီးတော့မှ “ထွက်သွားပြီလား”လို့ မေးလိုက်တော့ တစ်ဖက်က “ဟုတ်ကဲ့ … ထွက်သွားပါပြီ ဆရာ”လို့ ပြန်ပြောပါတယ်။

သရဲမ ပူးကပ်နေရာမှထွက်သွားပြီး မကြာခင်မှာပဲ ကျွန်ုပ်တို့ခြံထဲရောက်သွားပါတယ်။

အသက်(၅၀)လောက် အမျိုးသမီးတစ်ယောက် ကြောင်တောင်တောင်နဲ့ ထိုင်နေတာ တွေ့ရပြီး နေ့လယ်က စနေသားလည်း ကလေးချီလျက် လိုက်ပါလာပါတယ်။

“ ကျွန်တော့်ယောက္ခမပါ … သူ့မှာဝင်ပူးတာ ဆရာ”

“ခင်ဗျားက ဘာတွေလုပ်လို့ ဘယ်လိုဝင်ပူးတာလဲ ပြောပါဦး”

“ဒီလိုပါ ဆရာ … ဖယာင်းတိုင်ထွန်းထားတာ သွားကြည့်ဖို့ အဲဒီအခန်းလေးထဲ ဝင်လိုက်တာ မိုက်ခနဲ တစ်ချက်ဖြစ်သွားပြီး ဘာတွေဆက်ဖြစ်ကုန်လဲ မသိတော့ပါဘူး ဆရာ”

ကျွန်ုပ်လည်း တနင်္လာသမီးကို လက်အုပ်ချီ ခိုင်းလိုက်ပြီး “တနင်္လာသမီးကိုယ်ထဲကို ဝင်ရောက် ပူးကပ်ခဲ့တဲ့ မိန်းမ ခုချက်ချင်း ပြန်ဝင်လာခဲ့”လို့ အမိန့်ပေးလိုက်ပေမယ့် ချက်ချင်းတော့ ရောက်မလာပါဘူး။ အမိန့်ပြန်နေရင်း ငါးမိနစ် လောက်ကြာတော့မှ လက်ဖျားကလေးတွေလှုပ်လာတာကြောင့် “ရောက်ရင် ဘုရားကန်တော့လိုက်”လို့ အမိန့်ကို ပြောင်းပေးလိုက်ရပါတယ်။

ဘုရားကန်တော့လိုက်ပြီးမှ ကျွန်ုပ် သူ့ကို မေးခွန်းစလိုက်ပါတယ်။

“ကဲ ပြော …မင်း ဘာလဲ”

“ကျွန်မ ဒီမှာနေတာကြာပါပြီ …သူတို့က ကျွန်မ နေရာကို ဝင်လာကြလို့”

“မင်းနေတာ ဘယ်လောက်ကြာပြီလဲ … ဆယ်နှစ်လား၊ နှစ်နှစ်ဆယ်လား”

“နှစ်ဆယ်ကျော်ပါပြီ”

“သူတို့ လာနေကြတယ်ဆိုတာက ယာယီသဘော အလုပ်နဲ့မို့လာနေကြတာလေ … မင်းရှိ နေမှန်းသိမှ မသိတာ”

“ဒါကြောင့် သူတို့သိအောင်ပြလိုက်တာပါ”

“နင်က ဘယ်နားမှာလဲ သူတို့နဲ့ဘယ်လိုဆက်စပ်သွားလဲ”

“သူတို့နေတဲ့နေရာ ခြံစည်းရိုးနားမှာ ကျွန်မ နေတာပါ …သူတို့က ဘာတွေလုပ်မှန်း မသိဘူး။ ကျွန်မ ပူလောင်တယ် ဒါကြောင့် …”

“အင်းလေ မင်းဒီမှာဆက်နေချင်လား … ဒီနေရာက နှင်တာခံချင်လား”

“ဆက်နေချင်ပါတယ် …ဒီက တခြားသွား စရာ မရှိပါဘူး”

“ထွက်မသွားချင်ရင်တော့ ငါပြောတာ နားထောင်မှရမယ် … ပြောစကားနားမထောင်ရင် မင်းကို ဒီမှာမထားဘူး နှင်ပစ်မှာနော် … မင်း ဒီခြံထဲမှာနေဖို့ ခုနေတဲ့ခြံစည်းရိုးနားမှာ ခွင့်ပြုပေးမယ် … အဲဒီမှာပဲနေရမယ် ဘယ်သူ့ကိုမှလည်း အမြင်ပြခြင်း၊ အနံ့ပေးခြင်း၊ ခြောက်လှန့်ခြင်း၊ နှောင့်ယှက်ခြင်း လုံးဝ မလုပ်ရဘူး …နားလည်လား”

“ဟုတ်ကဲ့ မလုပ်ပါဘူး”

“ခုလောလောဆယ် မင်း ဒီမှာနေခွင့်ပြုမယ်။ မင်းအပြင် နောက်တစ်ယောက် ရှိသေးတယ်ဆို ဟုတ်လား”

“ဟုတ်ပါတယ် … သူကအရပ်အရှည်ကြီးပဲ … သူက သူ့ဘာသာနေတာပါ”

“ကောင်းပြီ …မင်းတို့နှစ်ယောက်စလုံး မူလနေရာမှာပဲနေကြ။ ခြံရှင်က မင်းတို့အတွက် ဒါနပြုပြီး အမျှပေးလိမ့်မယ် … အမျှအတန်းရယူ သာဓုအနုမောဒနာ ပြုပြီးရင်တော့ မင်းတို့ကို တစ်မျိုး စဉ်းစားပေးမယ် … ဘုရားနား ကျောင်းနား ပို့ထားပေးမယ်။ ဘုရားကန်တော့ပြီး ပြန်တော့။ ငါ့အမိန့် ကို လိုက်နာကြနော်”ဘုရားကန်တော့ပြီး ထွက်သွားပါတယ်။

အနားမှာ ရှိနေသူတွေက သရဲမကို ချက်ချင်းမနှင်လို့ သဘောမကျကြပါဘူး။

“ဆရာရယ် … သရဲမကို နှင်လိုက်တာတော့ မဟုတ်ဘူး … ဒီမှာထားပေးနေတော့”

“ဪ… သူတို့တစ်တွေရဲ့ဘဝက အတည်မကျ ဘဝတစ်ပါးဆိုသလိုပဲ … တကယ့်ကို အတည်တကျ မရှိတဲ့ဘဝမျိုးတွေပါ … ဒီက ထွက် သွားခိုင်း လိုက်လို့ ထွက်သွားရရင် သူတို့မှာနေစရာ … မှီခိုစရာမရှိတော့ဘဲ အခက်အခဲတွေ တွေ့သွားလိမ့်မယ် … ဒါကြောင့် သူတို့ကိုအမျှပေးလိုက်လို့ သာဓုခေါ်လိုက်ရရင် အခြေအနေတစ်ခုမှာ မြင့်တက်သွားနိုင်တယ် … မြင့်တက်သွားချိန်မှာတော့ အပြင်ထွက်ရင်လည်း အဆင်ပြေသွားနိုင်တာပေါ့ …
အမျှပေးပြီးချိန်ကြတော့မှ ဘုရားကျောင်းကန်က သက်ဆိုင်ရာ အစောင့်အရှောက်ကို ခေါ်ပြီးအပ်ပေးလိုက်ရင် သူတို့အတွက်အနေအထား ကောင်းသွားနိုင်တယ်လေ”

ပြိတ္တာတွေအတွက် အနေအထားမမှန်ရင် မစားရ၊ မသောက်ရ၊ သာဓုမခေါ်ရဘဲ နှစ်ပေါင်းများစွာ နေသွားရနိုင်ပါတယ်။ ဒါကြောင့် သူတို့ဘဝတွေ အဆင်ပြေစေဖို့ အဓိကကျတဲ့ အမျှအတန်းပေးဝေတာကို သာဓုခေါ်နိုင်အောင် ကူညီရမှာဖြစ်ပါတယ်။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊
ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇