ပေါက်ပန်းဖြူတစ်ပင် ရှင်အောင်စိုက် ကျန်းမာရေးအတွက် ရတနာသိုက်

ပေါက်ပန်းဖြူပင်ကို သိသူ များပါသည်။ ပေါက်ပန်းဖြူပင်ကို မြန်မာ့ကျေးလက်တောရွာတိုင်း လိုလိုတွင် တွေ့နိုင်သည်။ ပေါက်ပန်းဖြူသာမဟုတ်၊ ပေါက်ပန်းနီပင်ဆိုတာလည်း ရှိပါသေးသည်။ ကျွန်ုပ် ငယ်စဉ်ကလေးဘဝက မိမိနေထိုင်ရာ အိမ်နောက် ဘေးတွင် အဖေစိုက်ထားသော ပေါက်ပန်းဖြူပင် ကြီးတစ်ပင်ရှိခဲ့ဖူးသည်။ ပေါက်ပန်းဖြူပင်ကြီး၏ အရွက်များ၊ အပွင့်များနှင့် အသီးနုများကို တစ်ရပ် ကွက်လုံးလိုလို စားသုံးရန် ခူးယူခဲ့ကြသည်။ ပေါက် ပန်းဖြူပင်ကြီးကလည်း ဘယ်လောက်ခူးခူး၊   အပွင့် တွေ ဝေနေအောင်ပွင့်သည်။ အသီးနုကလေးများ ကလည်း ခူးမနိုင်အောင်ရှိသည်။ အရွက်များမှာ စိမ်း ညှို့နေသည်။ ပေါက်ပန်းဖြူပင်၏ အရွက်၊ အပွင့်၊ အသီးတို့ကို ငယ်စဉ်က စားသုံးခဲ့ဖူးသော်လည်း အာဟာရတန်ဖိုးကို မသိခဲ့ပါ။ အသက် ၇၀ ကျော်အ ရွယ်ရောက်မှ ပေါက်ပန်းဖြူပင်သာမက ပေါက်ပန်း နီပင်ပါရှိသေးကြောင်း သိခွင့်ရခဲ့သည်။ ပေါက်ပန်း ဖြူနှင့် ပေါက်ပန်းနီမှာ အပွင့်အရောင်ကွဲပြားသည်။ ပေါက်ပန်းနီဆိုသည့်အတိုင်း နီညိုရောင်အပွင့်ကလေး များ ပွင့်ကြသည်။

မကြာသေးမီက ဖေ့စ်ဘွတ်(facebook) တွင် တင်ထားသော ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ ပင်၏ ဆေးဖက်ဝင်ပုံကို ဖတ်ရှုလိုက်ရသည်။ ဆရာ ကြီးသြသု ဦးရန်အောင်နှင့် တွေ့ဆုံမေးမြန်းခန်းမှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်သည်။

ပေါက်ပန်းဖြူနှင့် ပေါက်ပန်းနီနှစ်မျိုးတွင် ပေါက်ပန်းနီက ပို၍ ဆေးဖက်ဝင်သည်။ အသီး၊ အစေ့၊ အမြစ်၊ အပွင့်အရွက်အားလုံး ဆေးဖက်ဝင်သည်။ အရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ တို့မြှုပ်စားခြင်း ပြုကြသည်။ သွေးကိုသန့်စေသည်။ ကြက်မျက်သင့် ရောဂါကို ပေါက်ပန်းနီပွင့် သတ္တုရည်ခတ်ပေးလျှင် ကောင်းသည်။ တက်တတ်သော ကလေးများအတွက် အရွက်ကိုထောင်း သတ္တုရည်နှင့် ချင်း (သို့ မဟုတ်) ကြက်သွန်ဖြူ၊ သတ္တုရည် ပေါင်းစပ်ပြီး ရှူစေရသည်ဟု ဆေးနည်းကိုတင်ပြထားသည်။

ခေါင်းစဉ်တစ်ခုမှာ ကျီးပေါင်းရောဂါအတွက် ပေါက်ပန်းဖြူဟူ၍ တွေ့ရသည်။

 

ကျီးပေါင်းရောဂါအတွက် ပေါက်ပန်းဖြူ

ကျီးပေါင်းရောဂါကို ပျောက်ခဲသော ရောဂါ အဖြစ် ဆိုကြသည်။ အင်တာနက်တင်ထားသူက-

“ကျီးပေါင်းရောဂါ ကုသပေးတဲ့ ပေါက်ပန်း ဖြူတွေဟာ များစွာ ပွင့်ကြတယ်။ နေကြိုက်၊ ရေ ကြိုက်တဲ့ အပင်ဖြစ်လို့ ရေဘုံဘိုင်ဘေးမှာ စိုက်ထား တယ်။

အဲဒီအပွင့်ကိုပြုတ်ပြီး ငါးပိရည်နှင့်တို့စားရင်    ကျီးပေါင်းဖြစ်လို့ အရိုးအဆစ်နာတာကို ထူးခြားစွာ   ပျောက်ကင်းလို့ ရှယ်လိုက်ပါတယ်။

ထိုင်းမှာ စာသင်နေစဉ်က လည်ပင်းကျီး ပေါင်းတက်ရောဂါရခဲ့တယ်။ ထိုင်းမှာဆေးရုံတက် တော့ အမေရိကန်ဆရာဝန်က ကုပေးတယ်။ ဒါပေမဲ့ မသက်သာဘူး။

လည်ပင်းအရိုးအဆစ်ထဲမှာ အကြောကပ်နေ တယ်လို့ ရလဒ်ပြတယ်။ အရမ်းကို ခံစားခဲ့ရတယ်။ ဆေးစာစောင်တစ်ခုမှာ ပေါက်ပန်းဖြူပင်ရဲ့ အပွင့် အကြောင်းကို ဖတ်မိရာက လက်တွေ့စားကြည့်တာ ဝေဒနာ လုံးဝပျောက်သွားခဲ့တယ်”

ဟူ၍ ဖော်ပြထားသည်ကို ဖတ်ရသည်။ ပေါက်ပန်းဖြူပွင့်များကို ကျီးပေါင်းရောဂါပျောက်စေ သောဆေးဟုဆိုနိုင်ပါသည်။ ကျွန်ုပ်သည် လည်ပင်းနှင့်ကုပ်တွင် ကျီးပေါင်းရောဂါဖြစ်၍ ခံစားခဲ့ရဖူးသည်။   အိပ်၍မရ လှည့်လိုက်သည်နှင့် မူးနေသည်။ အိပ်ရာမှထလျှင် ရုတ်တရက် မူးဝေသည်။ တဖြည်းဖြည်း ထရသည်။ ထိုအခြေအနေတွင် တိုက်ဆိုင်စွာ ပေါက်ပန်းနီပွင့်များ အဆင်သင့်ရှိနေ၍ ရေနွေးပွက်ပွက်ဆူနေသော မတ်ခွက်တစ်လုံးတွင် ကြက်သွန်ဖြူနီ၊ ချင်းနှင့် ပေါက်ပန်းနီပွင့် ကိုးပွင့်ကိုထည့်ကာ ဆား၊ ဟင်းခတ်မှုန့်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်ကာ ဟင်းချိုချက်သောက်ခဲ့သည်။ သောက်၍ ကောင်းသည်။ ချိုခါးသောအရသာကြောင့် ခံတွင်းမြိန်သည်။ ခြံတွင်း၌ အပင်ရှိနေ၍ နေ့စဉ်လိုလို သောက်ဖြစ်သည်။ ထူးခြားသည်မှာ ကျွန်ုပ်၌ စွဲကပ် နေသော ကျီးပေါင်းရောဂါသည် သက်သာပျောက် ကင်းသွားခြင်းဖြစ်သည်။ ထိုအခါ ထိုင်းနိုင်ငံတွင် စာသင်ကြားခဲ့သော လူငယ်၏ စကားနှင့် တိုက်ဆိုင် နေကြောင်း တွေ့ရလေသည်။

ပေါက်ပန်းဖြူ(သို့မဟုတ်)ပေါက်ပန်းနီပွင့်တို့  သည် ကျီးပေါင်းရောဂါကို သက်သက်ပျောက်ကင်း နိုင်ကြောင်း ကိုယ်တွေ့နှင့် ယှဉ်၍ ဘဝတူကျီးပေါင်း ဝေဒနာရှင်များကို တင်ပြဝေငှလိုက်ပါသည်။

ပေါက်ပန်းဖြူပင်သည် စိတ်ဝင်စားစရာ ဆေး ဖက်ဝင်အပင်ဖြစ်၍ လက်လှမ်းမှီရာ ဆေးကျမ်းများ ကို ဖတ်ရှုပြီး စာဖတ်သူတို့အတွက် တင်ပြလိုက်ပါ သည်။

ပေါက်ပန်းဖြူ၏ အင်္ဂလိပ်အမည်မှာ- White agati ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Sesbamia Grandiflora Peys ဖြစ်သည်။

 

အပင်နှင့် အရွက်

အပင်ပျော့မျိုး၊ ပေ၂၀၊ ၃၀ မြင့်သည်။ အကိုင်းဖြာထွက်သည်။ အခေါက်မှာ ညိုဝါရောင်၊ အရွက်လွှဲထွက်သည်။ ငှက်မွေးရွက်ပေါင်းဖြစ်၍ ခြောက်လက်မမှ တစ်ပေအထိ ရှည်သည်။ ရွက်မြွှာ ၂၀ မှ ၄၀ ပါဝင်သည်။ ရှည်မျောပြီး ရွက်ရင်းရွက်ထိပ်ဝိုင်းသည်။ ရွက်ပြားမှာ ပြောင်ချောနေသည်။

 

အပွင့်နှင့် အသီး

အပွင့်ဖြူလျှင် ပေါက်ပန်းဖြူ၊ အပွင့်နီလျှင် ပေါက်ပန်းနီဟုခေါ်သည်။ ပေါက်ပန်းဖြူကို လူသိများ သည်။ တစ်ခိုင်လျှင် အပွင့် နှစ်ပွင့်မှ လေးပွင့်၊ ငါးပွင့်အထိပွင့်သည်။ ဝါခေါင်တော်သလင်းလတွင် ပွင့် သည်။ (ရေမြေအဆင်ပြေလျှင် တစ်နှစ်ပတ်လုံး ကောင်းစွာ ပွင့်သည်ကို တွေ့ရပါသည်)အသီးမှာ ပဲတောင့်ရှည်ကဲ့သို့ရှိသည်။

 

မြန်မာ့ဆေးကျမ်းအဆို

အပွင့်နှင့် အရွက်ကို အများဆုံးသုံးသည်။ ဆေးကျမ်းများတွင် အေးသည်၊ လေကိုပွားစေသည်။  ခါးသက်သက်ရှိသည်။ သည်းခြေရောဂါ၊ အစာအိမ် ရောဂါ၊ နှာရည်ယိုရောဂါများကို ပယ်တတ်သည်။  အပွင့်ကအေးသည်။ ခါးသက်သည်။ သုံးရက်ခြားဖျား ခြင်း၊ ကြက်မျက်သင့်ခြင်းတို့ကို ပျောက်စေသည်။ အရွက်ကစပ်သည်။ ချိုသည်၊ ခါးသက်သက်ရှိသည်။ သွေးကိုစင်ကြယ်စေသည်။ အသီးမှာများများစားလျှင်  ဝမ်းသက်စေသည်။ စိတ်ကိုကြည်လင်စေသည်။ ထိုးအောင့်နာ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါတို့ကို ပျောက်ကင်းစေကြောင်း ဆိုပါသည်။

 

ပေါက်ပန်းပွင့်ဖြူ၏ ဆေးအသုံး

– အပွင့်ကိုအရည်ညှစ်၍ မျက်စဉ်းခတ်ပေးလျှင် မျက်စိဝေတာ၊ မှုန်တာတွေပျောက်သည်။

– အမြစ်ကိုရေစင်အောင်ဆေး၍ ရေအနည်းငယ်နှင့် ထောင်းထုပြီး မီးနှင့်နွှေးကာ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းဖြစ်လျှင် ဆုတ်နယ်လိမ်းကျံပေးရသည်။

– အရွက်(သို့မဟုတ်)အပွင့်ကို ထောင်းထု အရည်ညှစ်ပြီး ခေါင်းမကိုက်သောဘက်က နှာခေါင်းနှင့် ရှူသွင်းလျှင် ခေါင်းတစ်ခြမ်းကိုက်ရောဂါပျောက်သည်။

– ပေါက်ပန်းဖြူပွင့်ကို ပြုတ်စား၊ သုပ်စား လျှင် ကြက်မျက်သင့်ရောဂါ(ကျီးပေါင်းရောဂါပျောက်သည်၊ (ကိုယ်တွေ့)

 

ပေါက်ပန်းဖြူရွက်နှင့် ဆေးအသုံး

အရွက်ကိုအရည်ညှစ်၊ ချင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့နှင့် ဆတူရောစပ်ပြီး ရှူပေးခဲ့လျှင် စိတ်ပျံ့လွင့်ခြင်း၊ စိတ်ဖောက်ပြန်ခြင်းရောဂါ တို့ကို သက်သာပျောက်ကင်းစေသည်။

တုပ်ကွေးနှင့် အဖျားရောဂါများအတွက် အရွက်ကို ကြက်သွန်နီနိုင်နိုင်နှင့် ကြော်စားလျှင်  သက်သာ ပျောက်ကင်းသည်။

အရွက်ကို ငရုတ်ကောင်း၊ နွားကျင်ငယ်ရေနှင့် ကြိတ်ပြီး ရှူပေးလျှင် ဝက်ရူးနာကို ပျောက်စေသည်။

(မြန်မာ့ဆေးဝါးပင်များ၊ လယ်ယာစိုက်ပျိုး ရေး ကော်ပိုရေးရှင်းက ထုတ်ဝေဖော်ပြပါသည်)

ပေါက်ပန်းဖြူ အရွက်နှင့် အပွင့်တို့ကို သိပ္ပံ နည်းကျဓာတ်ခွဲစမ်းသပ်ချက်များကို ဖော်ပြပါဦးမည်။

 

ပေါက်ပန်းဖြူအရွက်ကို ဓာတ်ခွဲခြင်း

(၁၀ဝ ဂရမ်ကို အခြေပြုပါသည်)

၁။ ကယ်လိုရီ (၉၀) ယူနစ်

၂။ ရေငွေ့ (၈၀) ယူနစ်

၃။ ထုံးဓာတ် (၁၁၆) ဂရမ်

၄။ ဗီတာမင်ဘီဝမ်း (ဝ.ဝ၆၇)မီလီဂရမ်

၅။ ဗီတာမင်ဘီတူး (ဝ.၁၀၈)မီလီဂရမ်

၆။ ဗီတာမင်စီ (၁၄၆) မီလီဂရမ်

ပေါက်ပန်းဖြူအပွင့်နှင့် အသီးကို ဓာတ်ခွဲခြင်း

(၁၀ဝ)ဂရမ်ကို အခြေခံထားပါသည်။

၁။ ကယ်လိုရီ (၉၃)ယူနစ်

၂။ ရေငွေ့ (၇၃) ဂရမ်

၃။ အသားဓာတ် (၈.၄)ဂရမ်

၄။ အဆီဓာတ် (၁.၄)ဂရမ်

၅။ ကစီဓာတယ် (၁၀.၈)ဂရမ်

၆။ အမျှင်ဓာတ် (၂.၂)ဂရမ်

၇။ သတ္တုဓာတ် (၃.၁)ဂရမ်

၈။ ထုံးဓာတ် (၁၁၃)မီလီဂရမ်

၉။ မီးစုန်းဓာတ် (၈)မီလီဂရမ်

၁၀။ သံဓာတ် (၃.၉)မီလီဂရမ်

၁၁။ မီတာမင်အေဓာတ် (၉၀ဝ၀)ယူနစ်

 

ပေါက်ပန်းဖြူတစ်ပင်ရှင်အောင်စိုက်

အိမ်တိုင်းမှာ ပေါက်ပန်းဖြူ(သို့)အနီတစ်ပင်လောက် စိုက်ထားသင့်ပါတယ်။ ဆေးဖက်ဝင်ပုံများ ကို ဖော်ပြပြီးဖြစ်၍ လိုသလို သုံးနိုင်ကြပါသည်။ မီတာမင်ဓာတ်၊ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် မိမိအိမ်ထောင်စုသာမက တစ်ရပ်ကွက်လုံးပါ ကုသိုလ်ပြုဝေငှနိုင်ပါသည်။ စီးပွားရေးအတွက် လိုအပ်ပါက ရောင်းချနိုင်ပါသည်။ သို့ပါ၍ ပေါက်ပန်းဖြူပင် ရှင်အောင်စိုက်၊ ကျန်းမာရေးအတွက် ရတနာသိုက်ဟု တင်စားလိုပါသည်။

မေတ္တာရည်လျက်

မျိုးတင့်(ညောင်လေးပင်)