အချစ်လက္ခဏာ

နှလုံးလမ်းကြောင်းမှ လက်ညှိုးခြေရင်းပိုင်းသို့ ခွဲထွက်၊ ကော့တက်သွားတဲ့ လမ်းကြောင်းကို ဘားတစ်ချောင်းဖြတ်ပြီး ကြက်ခြေခတ်ပုံ မျိုးဖြစ်နေခဲ့ရင်…

ဦးဘညွန့်ရဲ့ချစ်ဒုက္ခထက် ဆိုးတယ်..

အချစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အရှက်တကွဲ အကျိုးနည်း၊ နာမည်ပျက်၊ သိက္ခာကျမယ်။ ကိုယ် တကယ်ချစ်မယ့်သူတွေက ကိုယ်ချစ်သလောက် ကိုယ့်အပေါ်ပြန်ပြီး မေတ္တာမတုန့်ပြန်တတ်ဘူး။ ကိုယ်က ဘယ်လောက်ချစ်ချစ် ကိုယ့်အပေါ်မှာ နှစ်လိုမှုရှိကြတာ မဟုတ်ဘူး။ စိတ်ညစ်နေရမှာပဲ။ ဘယ်လောက်အထိ ဖြစ်နိုင်သလဲဆိုရင် အသက်သေဆုံးစေတဲ့အထိကို အဲဒီအချစ်ပြဿနာနဲ့ ဖြေရှင်းရင်ဆိုင် ရတတ်မယ်။ အချစ်ကို ဦးစားပေး လွန်ကဲသူတွေရဲ့လက်မှာ ဒီပုံစံမျိုးရှိတယ်။

နှလုံးလမ်းကြောင်းကနေ အကိုင်းအခတ်လိုမျိုး ဆင်းချလာပြီး ဦးခေါင်းလမ်းကြောင်းနဲ့ အသက်လမ်းကြောင်းကို ဖြတ်ကျော်သွားမယ်။ အဆုံးမှာ ခွလေးတစ်ခုလိုဖြစ်နေမယ်ဆိုရင်….

ပြတ်ပြတ်စဲစဲပဲ ကောင်းပါတယ်။

ချစ်သူတစ်ယောက်တည်း ထားရတာကို မလုံလောက်ဘူးထင်နေမယ်။ နောက်ထပ် ရည်းစားဖြစ်ဖြစ်၊ အမြှောင်ဖြစ်ဖြစ် ထားရမှ နေပျော်တဲ့ လက်မျိုး။ ကိုယ်ကလည်း မကောင်းဘူး။ ကိုယ့်ကို လာပေါင်းတဲ့လူကလည်း ဟန်ရှိပြီး အဆံမရှိတဲ့သူမျိုး၊ အစပိုင်းမှာ အဆင်ပြေတော့မလိုလိုနဲ့ စလယ်ဝင် ဖင်မမည်းခင်က ဆိုတဲ့ စကားမျိုးလို ကွဲကွာပြတ်စဲ ကြလေသတည်းလို့ ပြောရမယ့် လက်ပိုင်ရှင်မျိုးပါပဲ။

နှလုံးလမ်းကြောင်းဟာ ဦးခေါင်းလမ်းကြောင်းနဲ့ ဝေးကွာပြီး လက်ချောင်းများဘက် နီးနေခဲ့မယ်ဆိုရင်…

အနာခံတာ အချစ်ကြီးလို့ပါနော်

သူချစ်တာ မချစ်တာမသိဘူး။ ကိုယ့်ဘက်က ချစ်နေရရင် ပြီးရောပဲ။ ကိုယ့်ချစ်သူက တစ်ပါးသူနဲ့ တွဲသွားတွဲလာလုပ်ပြီး စကားလက်ဆုံကျနေရင်လည်း မကြိုက်ဘူး။ မနာလိုသဝန်ကြောင် စိတ်ကြီးမယ်။ ဒါပေမဲ့ ကိုယ့်ချည်တိုင်ပြန်ရောက်ရင် ကိုယ့်နွားဆိုဘိသကဲ့သို့ အစစအရာရာ ခွင့်လွှတ်၊ သည်းခံ၊ အနစ်နာခံပြီး တို့ချစ်တာက ဒီလိုမျိုးပါလို့ အချစ်ကြီး ချစ်တတ်တယ်။

စံ-ဇာဏီဘို