မှတ်သားထိုက်သင့်သည့် ဆုံးမဩဝါဒ

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး မိန့်ကြား၊ ဆုံး ဖြတ်တော်မူထားသည့် အကြောင်းအရာ နှစ်ရပ်ကို လူမှုကွန်ရက် စာမျက်နှာ၌ နာကြား၊ ဖတ်ရှုရသည်။

ပထမအကြောင်းအရာမှာ – ရဟန်းများ ပိုက်ဆံကိုင်ရခြင်း အကြောင်းဖြစ်ပြီး၊

ဒုတိယအကြောင်းအရာမှာ – ကွယ်လွန်ခါနီး လူနာအား မော်ဖင်းပါသော ဆေးဝါးများ အသုံးပြုရန် သင့်/မသင့် ဟူသော မေးခွန်းအား ဖြေကြားထားတော်မူချက်ဖြစ်သည်။

ရဟန်းတော်များ ပိုက်ဆံကိုင်ရခြင်း အကြောင်း နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးက ဤသို့ မိန့်ကြားထားတော်မူ၏။

ရဟန်းတွေ ပိုက်ဆံမကိုင်ရဘူးဆိုတာ မှန်တယ်။ ဒုတိယသင်္ဂါယနာတင်တာကတော့ ရဟန်း တွေ ပိုက်ဆံကိုင်လို့ တင်တာမဟုတ်ဘူး။ ဥပုသ်နေ့ တွေမှာ ငွေဖလားနဲ့ ပိုက်ဆံအလှူခံတာကြောင့် တင်တာ၊  ပိုက်ဆံနဲ့ ပတ်သက်လို့ မြတ်စွာဘုရားက စည်းကမ်းထုတ်ထားတာရှိတယ်၊ ကပ္ပိယနဲ့ လက်ခံ မယ်ဆိုရင် လက်ခံခွင့်ရှိတယ်ပေါ့။ ဒါက ဝိနည်းစကား ဆိုတော့ နည်းနည်းကျယ်ပါတယ်။ ကျဉ်းကျဉ်း ပြော ချင်တာကတော့ ဒီခေတ်မှာမြတ်စွာဘုရားက ပိုက်ဆံ ကိုင်တဲ့ ဘုန်းကြီးတွေ ဘာလို့များလာတာလည်းဆို တော့ ကပ္ပိယကောင်း ရှားလို့ပါးလို့၊ ကပ္ပိယက စိတ် မချရဘူးလေ၊ ကပ္ပိယ စိတ်မချရတာကတော့ မြတ်စွာ ဘုရားရဲ့ အလှူခံပုံးထဲကတောင် ပါပါသွားလို့။ အဲဒါ ကြောင့် ဘုန်းကြီးတွေ ပိုက်ဆံကိုင်တာ။ တကယ်ကတော့ ပိုက်ဆံကိုင်တာ အပြစ်ရှိတာပါပဲ။ ဘာလို့ ပိုက်ဆံကိုင်တာ အပြစ်ရှိသလဲဆိုရင် မြတ်စွာဘုရားကိုယ်တိုင် ဟောထားတာရှိတယ်၊ မြတ်စွာဘုရားက ငွေအပ်တယ်ဆိုရင် အားလုံးဟာ ခွင့်ပြုပြီးသားဖြစ်သွားလိမ့်မယ်တဲ့။

ဒါကြောင့်မို့လို့ ကာမဂုဏ်ငါးပါးလုံး အပ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ဆိုလိုတာက ပစ္စည်းသာ အလှူခံခွင့်ပေးတယ်။ ပိုက်ဆံအလှူခံခွင့်မပေးဘူး။ ဘုရားလက်ထက်ကတောင် သင်္ကန်းဝယ်လှူလိုက်ပါ ဆိုပြီး ကပ္ပိယထံ အပ်ထားတာ မပေးလို့ ဒုက္ခရောက်တာတွေရှိတယ်။ အဲဒါကြောင့်မို့လို့ ကပ္ပိယကောင်းတွေ ရှိရင်တော့ ပိုက်ဆံမကိုင်ဘဲ နေလို့ရပါတယ်လို့။ စိတ်ချရတဲ့ ကပ္ပိယတွေလိုပါတယ်။ ကပ္ပိယကောင်း ရှားသွားလို့ ပိုက်ဆံကိုင်ရတာပါလို့ ဒီလိုပဲပြောရမှာပဲ။

အထက်ဖော်ပြပါအတိုင်း ဆရာဘုရားကြီး မိန့်ကြားတော်မူခြင်းမှာ မလွှဲသာ မရှောင်သာ ပိုက်ဆံ ကိုင်တော်မူနေရရှာသော ရဟန်းတော်များအပေါ် ဒကာ၊ ဒကာမများက အပြစ်မမြင်စေလို၍ မိန့်တော်မူခြင်း ဖြစ်၏။

ဝိနည်းတရားတော်အရ ပိုက်ဆံကို ကိုယ်ထိ လက်ရောက် လက်ခံခွင့်မရှိ။ လက်ခံသော် စွန့်ထိုက်သော ပါစိတ်အာပတ်သင့်ရောက်၏။ နိဿဂ္ဂိ ပါစိတ် အာပတ်ဟုခေါ်ဆို၏။ ကိုယ်ထိလက်ရောက် အလှူခံထားသော ပိုက်ဆံကို အာလယပြတ် စွန့်လွှတ်ပြီးမှ ပါစိတ်အာပါတ်ကို ဒေသနာပြောကြားရ၏။ ကိုယ်ထိ လက်ရောက် အလှူခံထားသောပိုက်ဆံများ မစွန့်လွှတ်၊ ဒေသနာမပြောကြားသ၍ သီလဝိသုဒ္ဓိ မဖြစ်သေး။ နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ် ဖြစ်နိုင်သည်ဟု လာရှိ၏။

အကယ်၍ မလွှဲသာ မရှောင်သာ ကိုယ်ထိလက်ရောက် အလှူခံမိသော် ပေးစွန့်လိုက်ခြင်း၊ အထည်ဒြပ်မကျန်ရစ်သော သုံးစွဲမှုမျိုး၌ သုံးစွဲလိုက်ခြင်းသည် အကောင်းဆုံးပင်ဖြစ်၏။

ရဟန်းတော် ခရီးသွားရာ၌ ဝိနည်းတော်နှင့် အညီ(မျက်မှောက်ခေတ် ဤနိုင်ငံ၏) ခရီးသွားလိုလျှင်  မော်တော်ယာဉ်ခ၊ ဆွမ်းစသည်၌ အသုံးပြုနိုင်ဖို့ ကပ္ပိယ ကာရက ပုဂ္ဂိုလ်တစ်ယောက် ပါရှိရန်လိုအပ်၏။ (ကပ္ပိယ= ဝိနည်းတော်နှင့် ညီညွတ်အောင်၊ ကာရက= ဆောင်ရွက်ပေးတက်သော ပုဂ္ဂိုလ်။)

သို့ဖြစ်လျှင် ခရီးသွားသောအခါ ခရီးစားရိတ် နှစ်ဆကုန်ကျ၏။ ကျောင်းထိုင်ဆရာတော် တစ်ပါး အနေနှင့် ခရီးစားရိတ်နှစ်ဆကုန်ကျမှုကို တာဝန် မကြီး၊ ခက်ခဲမှုမရှိသော်လည်း၊ စာသင်သား တစ်ပါး အနေနှင့်မူ တာဝန်ကြီး၊ ခက်ခဲနေရှာပေလိမ့်မည်။

သို့ဖြစ်၍ စာသင်သားရဟန်းတော်များခမျာ ပိုက်ဆံကိုင်တော်မူရရှာသည်။ မြန်မာပြည်ရှိ ဝိနည်း အထူးလေးစား အားပေးသော စာသင်တိုက်၊ ကမဋ္ဌာန်း တိုက် အနည်းငယ်က ပိုက်ဆံမကိုင်စေဘဲ မြို့နယ် အသီးသီးက သက်ဆိုင်ရာ ဥပဋ္ဌာက အဖွဲ့ဝင် အကျိုး ဆောင်များနှင့် ဆက်သွယ်ကာ လက်မှတ် အလှူခံ ခြင်း၊ လိုရာပရိက္ခရာ အလှူခံစေခြင်း စသည်တို့ကို ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရ၏။ အလွန် တွင်ကျယ်မှုမရှိသေးပါ။

ကိုယ်ထိလက်ရောက် အလှူခံထားသော ပိုက်ဆံများသည် ကျောင်းကဲ့သို့သော ထာဝရ၊ ဂရု ဘဏ်များ စီမံရန်မသင့်သောကြောင့် ကပ္ပိယကာရက ကိုသာ လက်ခံစေပြီး ဆောင်ရွက်ခြင်းသာ ဗုဒ္ဓအလို တော်ကျပါသည်။ သို့သော် စာသင်သား ရဟန်းတော် များအတွက်မူ နားလည်မှုပေးပြီး၊ အပြစ်တင်ခြင်းကို ရှောင်ရှားသင့်ပါသည်။ ဤပိုက်ဆံကိုင်မှုမှလွဲ၍ စောင့် ထိန်းထားသော သိက္ခာပုဒ်များမှာ များပြားလှပါသည်။ မမိ မဆောင်နိုင်သော သာသနာ့တာဝန်များ ကို ငယ်ရွယ်နုပျိုစဉ်ပင် လောကီအာရုံများပယ်ကာ ဆောင်တော်မူနေပါပေသည်တကားဟု ကြည်ညို သဒ္ဓါ ပွားများကြရမည် ဖြစ်ပါသည်။

 

စိရံ တိဋ္ဌတု သဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်