မြန်မာပြည်မှာ သမန်းကျား… ဥရောပက လူဝံပုလွေ…

နောက်ပိုင်း ဆယ်စုနှစ်များ၏ လျှို့ဝှက်ဆန်းကြယ် စာပေများတွင် မြန်မာပြည်မြောက်ဖျား အထက်ချင်းတွင်းဒေသရှိ ထမံသီနယ်၌ တွေ့ရလေ့ ရှိသည်ဟူ၍ အစဉ်အဆက် ယုံကြည်လာကြသော သမန်းကျားတို့အကြောင်း ရေးသားသည့်စာများ သိပ်မတွေ့ရတော့ပါ။ ကျွန်ုပ်တို့ငယ်စဉ်က လျှို့ဝှက်သည်းဖို မဂ္ဂဇင်းနှင့် တောလိုက်မုဆိုးဝတ္ထုများ၊ ဒဂုံမဂ္ဂဇင်း၊ ရှုမဝ၊ မြဝတီ စသော မဂ္ဂဇင်းများတွင် ဖော်ပြတတ်သည့် လူစင်စစ်မှ လပြည့်နေ့ညတွင် ကျားအဖြစ်သို့ ပြောင်းလဲသွားပြီး တွေ့သမျှ ကျွဲ နွားများကို ဝင်ဆွဲ၊ လူများကို ရန်ပြုတတ်သော သမန်းကျားများအကြောင်း ရေးသားထားသည့် ကိုယ်တွေ့ဝတ္ထုများ၊ ဆောင်းပါးများသည် အလွန် စိတ်ဝင်စားဖွယ်ကောင်းလှသလို အထက်လမ်း အောက်လမ်း စသောပညာရပ် အင်းအိုင်၊ ခလှည့်၊ လက်ဖွဲ့ စသည့် လျှို့ဝှက်ဆန်းကြယ်သော ဂမ္ဘီရအတတ်မျိုးနှင့် ယှက်နွှယ်နေရာ ဖတ်ရင်းပင် ကျောမလုံ ကြက်သီးမွေးညင်း ထလောက်အောင် ခံစားမိသည့် အကြောင်းအရာများ ဖြစ်လေသည်။

သမန်းကျားကဲ့သို့သော ထူးဆန်းသည့် အရာများသည် သိပံ္ပနည်းကျ စမ်းသပ်မည်ဆိုပါက မည်သို့ မျှ လက်တွေ့မပြနိုင်သော အရာများဟု ယူဆရမည် ဖြစ်သော်လည်း ဆိုင်ရာဆိုင်ရာ ဒေသများတွင် ဒေသခံများက အမှန်တကယ် ရှိကြောင်း၊ တွေ့ကြုံ ဖူးကြောင်း အခိုင်အမာ ပြောဆိုကြသည့်အပြင် မြင်တွေ့ဖူးသူ၊ ကိုယ်တိုင် ကြုံဖူးသူများလည်း ရှိကြောင်း တွေ့ရလေ့ရှိ၏။ ဘိုးစဉ်ဘောင်ဆက် နှစ်ကာလ ကြာရှည်စွာ ဤအရာများအပေါ် ဒေသခံများက စွဲစွဲ မြဲမြဲ လက်ခံ ယုံကြည်ကြခြင်းကို ကြည့်ခြင်းဖြင့် အတိအကျ မဟုတ်လျှင်ပင် ထူးဆန်းသော တိုက်ဆိုင်မှုများ ရှိနေသည်ကိုမူ လက်ခံရမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ လူမျိုးမှာ မှတ်တမ်းမှတ်ရာ အားနည်းသော သဘာဝရှိသဖြင့် သမန်းကျားနှင့် ပတ်သက်၍ ဓာတ်ပုံ၊ ပန်းချီပုံကြမ်း၊ တွေ့ဆုံကြုံကြိုက်မှု မှတ်တမ်း၊ အချိန်နေရာများကို မှတ်တမ်းတင်ထားခြင်းများရှိမည်ဟု သိပ်မမျှော်လင့်ရဲပါ (ရှာဖွေရန် ခက်နေသည်မှာ ကျွန်ုပ်၏ လေ့လာမှု အားနည်းခြင်းလည်း ဖြစ်နိုင်ပါသည်)။ သို့ရာတွင် မြန်မာနိုင်ငံမှ သမန်းကျားနှင့်ဆင်တူ ဥရောပ၌ အစပြုခဲ့ပြီး ယနေ့တိုင် ဥရောပတင်မက အမေရိကန်ပြည်ထောင်စုအထိ ခြေဆန့်နေသည့် (werewolf)ခေါ် လူဝံပုလွေများ အကြောင်းကိုမူ လွယ်ကူစွာ ရှာဖွေရရှိသည့် အတွက် စိတ်ဝင်စားစွာ လေ့လာမိပါသည်။

#သွေးစုပ်ဖုတ်ကောင်နှင့် လူဝံပုလွေ

ဥရောပမှ လူဝံပုလွေများအကြောင်း ပြောမည်ဆိုပါက ဦးစွာသတိရမိသည်မှာ အမေရိကန် စာရေးဆရာမ(Stephenie.Meyer) ၏ (Twilight) ခေါ် ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားသော ဇာတ်လမ်းတွဲလေး ဖြစ်၏။ ၂၀ဝ၈ ခုနှစ်တွင် ရုံတင်သော ထိုဇာတ်ကား(The Twilight Saga) သည် အလွန်အောင်မြင်ရာ ဇာတ်ကားဆက်အဖြစ် ရုပ်ရှင်ကား ငါးကား ရိုက်ကူးပြသခဲ့ပြီး စုစုပေါင်း အမြတ်ငွေ ၃ ဒသမ ၃ ဘီလျံကျော် မြတ်စွန်းခဲ့၏။ ထိုကားသည် ဆယ်ကျော်သက်လူငယ်တို့၏ ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ဇာတ်လမ်းကို ရိုက်ကူးထားပြီး “လူဝံပုလွေ မျိုးနွယ်စု”မှ မိန်းကလေးတစ်ဦးနှင့် ရာစုနှစ်ချီ၍ ရှင်သန်လာသော “သွေးစုတ်ဖုတ်ကောင် မိသားစု”မှ လူငယ်လေးတို့ နှစ်နှစ်ကာကာ ချစ်ကြိုက်မိကြရာ ကမ္ဘာ့ရန်ဖြစ်သော မျိုးနွယ်စုနှစ်ခုအကြား အခက်အခဲများ တွေ့ရပုံနှင့် မိန်းကလေးမှာ ငယ်သူငယ်ချင်း မျိုးနွယ်တူ လူဝံပုလွေ လူငယ်လေးနှင့်လည်း သူငယ်ချင်း သံယောဇဉ်ကြီးမားကာ မပြတ်သားနိုင်ပုံ သုံးပွင့်ဆိုင် အချစ်ကို ရန်ဘက်မျိုးနွယ်စုနှစ်ခု၏ ပဋိပက္ခအပေါ် ဇာတ်အိမ်တည်ထားသည့်အတွက် ဇာတ်လမ်းဆွဲဆောင်အား ကောင်းလှပါသည်။

လူငယ်အချစ်ဇာတ်လမ်းပီပီ သရုပ်ဆောင် မင်းသမီးနှင့် မင်းသားနှစ်ဦး၏ ဇာတ်ရုပ်နှင့် လိုက်ဖက်မှု ချောမောပြေပြစ်မှု၊ သရုပ်ဆောင်ကောင်းမှုတို့ ကြောင့် ထိုဇာတ်ကားမှာ အလွန်ကျော်ကြားသည့်အပြင် သရုပ်ဆောင်မင်းသားလေး ရောဘတ် ပက်တီဆန် (Robert Pettison)နှင့် မင်းသမီးလေး ခရစ်စတင်း စတီးဝပ်(KristenSteward)မှာလည်း ထိပ်တန်း မင်းသားမင်းသမီးများအဖြစ် နေ့ချင်းညချင်း ရောက်ရှိသွားကြလေ၏။ ထိုမျှမက ပြင်ပတွင် ချစ်သူများ ဖြစ်သွားကြရာ ၄င်းတို့၏ အချစ်ဇာတ်လမ်းတွင် စိတ်ကောက်လိုက် ချော့လိုက်၊ အဆင်ပြေလိုက် ကွဲကွာလိုက်ဖြစ်နေကြသည်ကိုပင် မင်းသားချစ်သော ပရိသတ်နှင့် မင်းသမီးကိုချစ်သော ပရိသတ်တို့ ပြင်ပတွင် သူ့ဘက်ကိုယ့်ဘက် တိုက်ပွဲဆင် ငြင်းခုံနေကြသည်အထိ အောင်မြင်လှသည်ဟု ပြောရမည် ဖြစ်ပါသည်။


#သမိုင်းကြောင်း

လူဝံပုလွေဟူသော အယူအဆသည် ဘီစီ ၆၀ဝ ခန့်အချိန်က စတင်ခဲ့ပြီး ခရစ်ယာန်သမ္မာကျမ်း လာ နဗျူးခက်နက်ဇာ(Nebuchadnezzar) ဘုရင် လက်ထက်မှ စတင်ခဲ့ကြောင်း သမိုင်းပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။ လူသားစစ်စစ်ဘဝမှ အခြေအနေတစ်ခုတွင် အမွေးများပေါက်လာပြီး လက်သည်း ခြေသည်းများ၊ အစွယ်များ ရှည်ထွက်လာကာ အလွန်သန်မာကြံ့ခိုင်သည့် ဝံပုလွေကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲ၍ လူသားများ၊ အခြား တိရစ္ဆာန်များကို ကိုက်ဖြတ်၊ ဆုတ်ဖြဲပစ်ပြီး တောထဲသို့ ဝင်ရောက်ပျောက် ကွယ်သွားနိုင်သည်။ ထိုသို့ ပုံသဏ္ဌာန်ပြောင်းလဲပြီးသည့်အခါ အချိန်စေ့လျှင် လူကွယ်ရာ၌ မူလ လူအသွင်သို့ပြန်လည် ရောက်ရှိ သွားပြီး လူများနှင့် ရောနှောနေထိုင်နိုင်သည်ဟု ယူဆထားကြသည်။

လူဝံပုလွေ ဖြစ်ရခြင်းမှာ နတ်မင်းများ၏ ကျိန်စာကြောင့်ဖြစ်စေ၊ အောက်လမ်း မှော်ပညာ (black magic)ဖြင့် ပြုစားခြင်းကြောင့်ဖြစ်စေ ပေါ်ပေါက်လာတတ်ပြီး လပြည့်ညများတွင် လူဝံပုလွေသည် တောထဲသို့ ဝင်ပြီး ဝံပုလွေအသွင်ပြောင်းကာ ရွာများအတွင်း ဝင်ရောက်၍ တိရစ္ဆာန်ငယ်များကို သတ်ဖြတ် ခြင်း၊ လူများကို တိုက်ခိုက်ခြင်း ပြုသည်။ လူဝံပုလွေသည် ငွေဖြင့်ပြုလပ်ထားသည့် လက်နက်ကို ကြောက်ရွံ့ကြောင်း၊ ငွေဓား၊ ငွေကျည်ဆန်ဖြင့် တိုက်ခိုက်လျှင် သေနိုင်ကြောင်း အယူရှိကြပါသည်။ သမိုင်းတစ်လျောက် လူဝံပုလွေ တိုက်ခိုက်သည့် ဖြစ်စဉ်များ၊ လူဝံပုလွေကို တွေ့မြင်လိုက်ရသည့် နေရာဒေသများကို နိုင်ငံအလိုက် မှတ်တမ်းတင်ထားကြောင်း တွေ့ရပါသည်။ မှတ်တမ်းတင်ထားသော ဇာတ်လမ်းများစွာရှိသော်လည်း စာအလွန်ရှည်သွားမည် စိုးသဖြင့် အချို့ကိုသာ ရွေးချယ်တင်ပြမည် ဖြစ်ပါသည်။

#ပြင်သစ်နိုင်ငံမှ တော်ဝင်လူဝံပုလွေ နယ်စားကတော် (Royal Werewolf)

အမည်၊ ဒေသနှင့် အချိန် ချန်လှပ်ထားပုံရသော ရှေးဇာတ်လမ်းတွင် လူကုံထံ တောလိုက်မုဆိုးတစ်ဦးသည် ထိုဒေသ၏ နယ်စားထံ ဝင်ရောက်ခစား ကာ ၄င်း၏နယ်ထဲတွင် တောပစ်ခွင့်ပြုရန် ခွင့်ပန်ရာ နယ်စားကြီးနှင့် နယ်စားကတော်တို့က ကြည်ကြည်သာသာ ခွင့်ပြုခဲ့၏။ မုဆိုးသည် နယ်စားကြီးနှင့် နယ်စားကတော်ကို အရိုအသေပြုရာတွင် နယ်စားကတော်၏ လက်ကို နမ်းရှုပ်အရိုအသေပေးရင်း လက်တွင် ဝတ်ဆင်ထားသော ကျောက်များ စီချယ်ထားသည့် လက်စွပ်ကို သတိပြုမိခဲ့လေသည်။

တစ်နေ့တွင် တောလိုက်ရင်း ကြမ်းကြုတ်လှသော ဝံပုလွေတစ်ကောင်နှင့် ရင်ဆိုင်တိုးရာ မုဆိုး၏လည်ပင်းကို အတင်းဝင်ခဲလေသည်။ မုဆိုးလည်း အငိုက်မိကာ အနိုင်နိုင်ခုခံရင်း ဝံပုလွေ၏ လက်ကို ဓားဖြင့် ခုတ်မိသဖြင့် ဝံပုလွေထွက်ပြေးသွားခဲ့ လေ၏။ တိုက်ခိုက်ရင်း ပြတ်ကျ ခဲ့သော ဝံပုလွေ၏ လက်ဖဝါးတစ်ခြမ်းနှင့် လက်ချောင်းများ အပိုင်းအစကို အနီးတွင် တွေ့ရသဖြင့် သားကောင် သယ်သောခြင်းထဲသို့ ထည့်လိုက်သည်။ နောက်တစ်နေ့တွင် မုဆိုးသည် ထူးဆန်းသော ဝံပုလွေအကြောင်း သတိရသဖြင့် ခြင်းထဲမှ လက်ဖဝါးပိုင်းကို ထုတ်ကြည့်မိရာ ဝံပုလွေလက်မှာ မိန်းကလေးတစ်ဦး၏ လက်အသွင်ပြောင်းနေပြီး လက်ချောင်းတစ်ခုတွင် သူကောင်းစွာ မှတ်မိသော နယ်စားကတော်၏ လက်စွပ်ဝတ်လျက်သား တွေ့ရလေ၏။

မုဆိုးသည် နယ်စားကြီးနှင့် နယ်စားကတော်ထံဝင်ကာ အဖြစ်သနစ်အစုံကို ဝမ်းနည်းစွာလျှောက်ထားတင်ပြခဲ့ရာ နယ်စားကတော်က ၄င်းတွင် လူဝံပုလွေရောဂါ ကူးစက်ခံစားနေရကြောင်း ဝန်ခံပြောဆိုလေသည်။ နောက်ဆုံးတွင် ထိုခေတ်က ထုံးစံအရ နယ်စားကတော်ကို သေဒဏ်ပေးကွပ်မျက်ခဲ့ရသည်ဟု ဆိုပါသည်။

#ဘက်ဒဘတ်နယ်မှ လူဝံပုလွေကြီး (werewolf of Bedburg)

ဂျာမနီနိုင်ငံ ကိုလုံး(Cologne)နှင့် ဘက်ဒဘတ် (Bedburg)နယ်များမှ ရွာများသည် နှစ်ပေါင်းများစွာ ဝံပုလွေများ၏ ဒုက္ခပေးခြင်းကို ခံလာရသောရွာ များဖြစ်သည်။ မကြာခဏ လူများ၊ ကျွဲနွားများကို တစ်စစီ ဆုတ်ဖြဲကိုက်ဖြတ်ထားသည်ကို ရွာနီးချုပ်စပ်တွင် တွေ့ရလေ့ရှိသည်။ ၁၅၉၁ ခုနှစ်တွင် ရွာသားတစ်စုသည် ကြီးမားလှသော ဝံပုလွေကြီး တစ်ကောင်၏ တိုက်ခိုက်မှုခံရလေသည်။ ရွာသားများက ဝါးချွန်၊ မှိန်း စသည့် လက်နက်များဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ရာ ဝံပုလွေကြီးကို လက်ရဖမ်းမိခဲ့၏။ ဝံပုလွေကြီးသည် ထူးဆန်းစွာ လူအသွင်သို့ ပြောင်းသွားရာ ထိုသူမှာ ရွာသား ပီတာ စတပ်ဘီ (PeterStubbe)ဆိုသူ ဖြစ်နေလေ၏။ ပီတာစတပ်ဘီအား နှိပ်စက်စစ်ဆေးရာ ၄င်းသည် အောက်လမ်းမှော်အတတ်ကို လေ့ကျင့်ခဲ့ပြီး မကောင်းဆိုးဝါး (devil)နှင့် အဆွေခင်ပွန်းဖွဲ့မိကြောင်း၊ ကလေးငယ်အများစု ပါသော လူ ၁၆ ဦးကို သတ်ဖြတ်ခဲ့မိကြောင်းကို ဝန်ခံခဲ့လေသည်။ ထိုသတင်းသည် နိုင်ငံတစ်ဝန်း ဘက်ဒဘတ်နယ်မှ လူဝံပုလွေကြီး အမည်ဖြင့် ကျော်ကြားသွားလေသည်။ ပီတာစတပ်ဘီကို သေဒဏ်ပေးခဲ့ကြသည်။

#ကမ္ဘာတစ်ဝန်း လူဝံပုလွေကိုတွေ့ခဲ့သောဖြစ်ရပ်မျာ

– အမေရိကန် ဝစ်စကွန်ဆင်ပြည်နယ်တွင် လူဝံပုလွေကို အကြိမ်ကြိမ်တွေ့ခဲ့သည်ဟုဆိုပါသည်။ ၃၁-၁၀-၁၉၉၉ ရက်က ဒေါရစ်စတင်းဂစ်ဘဆင် အမည်ရှိ အမျိုးသမီးသည် ပြည်နယ်အရှေ့တောင်ပိုင်း ရှိ ဘရေးလမ်းမပေါ်တွင် ညဘက်ကားမောင်း၍ လာစဉ် တိရစ္ဆာန်တစ်ကောင်ကောင်ကို တိုက်မိသည်ဟုထင်ကာ ဆင်းကြည့်မိကြောင်း၊ ထိုစဉ် အမွေးထူပြီး ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်က တိုက်ခိုက်ရန်ပြေးလာသည်ကိုမြင်သဖြင့် ကားထဲသို့ ဝင် ကာ သီသီလေး လွတ်မြောက်လာခဲ့ကြောင်း သိရပါသည်။

– ၁၉၈၉ ခုနှစ်တွင် လိုရီယန်း အင်ဒရီဇီအမည်ရှိ အရက်ဆိုင် မန်နေဂျာတစ်ဦးက ကားလမ်းဘေးတွင် သွားနေသော အညိုရင့်ရောင် အမွေးများနှင့် အစွယ်များထွက်နေသော နားရွက်ချွန်ချွန် အကောင်ကြီးတစ်ကောင်ကို တွေ့ရကြောင်း ရဲသို့ သတင်းပို့ခဲ့ပါသည်။

– ၁၉၉၀ ခုနှစ်တွင်ပင် အထက်ပါ ဘရေး လမ်းမအနီး အဆိုပါသတ္တဝါကြီးကို တွေ့ရသည်ဟု သတင်းပို့သည့်အပြင် လဗ်လန်းလမ်းမတွင် ဟယ်သာ ဘိုးဝေးခေါ် မိန်းကလေးနှင့် သူ့အဖော်များကို အဆိုပါ လူဝံပုလွေဟု ယူဆရသည့် အကောင်ကြီးက နောက်မှ လိုက်လာ၍ ထွက်ပြေးခဲ့ရသည်ဟု ဆိုပါသည်။

– စကောတလန်နိုင်ငံတွင် ၁၉၅၀ ခုနှစ်များက အမွေးထူထူ ဝံပုလွေဦးခေါင်းနှင့် လူကြီးတစ်ယောက်ကို တွေ့ရသည်ဆိုသော သက်သေများအပြင် အိုဘန်းမြို့မှ ကားဒရိုင်ဘာတစ်ဦးသည် ကားလမ်းမတွင် မောင်းနှင်နေစဉ် ဆန့်ကျင်ဘက် တစ်ဖက်လမ်းမှ အပြေးအလွှားသွားနေသည့် လူဝံပုလွေကြီး တစ်ကောင်ကိုတွေ့ခဲ့ကြောင်း ဆိုပါသည်။

– အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ်တွင် ၁၉၇၂ ခုနှစ်က ခရီးဆင့် နယူး (Crescent News)သတင်းဌာနက ထုတ်ပြန်သော သတင်းတွင် ရဲများသည် ရထားသံလမ်းအနီး လူသုံးဦးကို တိုက်ခိုက်သွားသော လူဝံပုလွေတစ်ကောင်ကို ရှာဖွေလျက်ရှိကြောင်း ပါရှိသည့်အပြင် ရထားဘရိတ်ဖမ်းသမားနှစ်ဦးက သံလမ်းတစ်လျှောက် ထိုလူဝံပုလွေ ပုန်းအောင်း ခြောင်းမြောင်းနေသည်ကို မကြာခဏ တွေ့မြင်ဖူးကြောင်း သတင်းပို့ခဲ့ကြပါသည်။

ဥရောပတစ်ဝန်း လက်ရှိအချိန်အထိ လူဝံပုလွေနှင့် တွေ့ကြုံမိသည့် သက်သေများဖြစ်စဉ်များ ရှိနေရာ လူဝံပုလွေ မရှိဘူးဟု အပြတ်ငြင်းဆိုရန်မှာ ခက်ခဲသည့် ကိစ္စတစ်ရပ် ဖြစ်ပါသည်။ သိပံ္ပအမြင် သိပံ္ပသမားနှင့် ဆေးညာရှင် အချို့ကမူ လူဝံပုလွေဟူသော အယူအဆကို လက်မခံကြချေ။ ဆေးပညာတွင် မိမိကိုယ်မိမိ လူဝံပုလွေဟု ထင်မြင်နေသော စိတ်ရောဂါတစ်မျိုး Lycanthropy ရှိရာ ထို ရောဂါမှာ စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia) စကီဇိုဖရီးနီးယား၏ လက္ခဏာတစ်ခုဟု ဆိုကြသည်။ အခြားရောဂါများဖြစ်သော ပေါ်ဖီးရီးယား (porphyria)ရောဂါနှင့် (hypertrichosis) တို့မှာ ခန္ဓာကိုယ်တွင် အမွေးများ ထူထပ်စွာ ပေါက်လာတတ်ပြီး ပေါ်ဖီးရီးယာရောဂါရှင်သည် အလင်း ရောင်ကို ကြောက်ပြီး အမှောင်ထဲတွင်သာ နေထိုင်လိုခြင်း၊ အရေပြားအရောင်ပြောင်းခြင်း၊ နားရွက်၊ နှာခေါင်းနှင့် လက်ချောင်းများ ဖူးယောင် အသွင်ပြောင်းကာ အဖုအပိန့်များဖြစ်ခြင်းကြောင့် မျက်နှာအသွင် အပြင်ပြောင်းခြင်း စသည့် ပုံပျက်လာခြင်းကို ဝံပုလွေအသွင် ပြောင်းလဲလာသည်ဟု ယူဆရာမှ ရှေး အဆက်ဆက် စိတ်ပိုင်းရုပ်ပိုင်း ဝံပုလွေအဖြစ်ပြောင်းလဲသွားသည်ဟူသော အယူအဆပေါ်လာပုံရကြောင်း သုံးသပ်ရပါသည်။

မည်သို့ဆိုစေ ဘိုးစဉ်ဘောင်ဆက်က ဆင်းသက်လာသည့် အယူအဆများတွင် အချက်အလက် အမှန်လား၊ ဒဏ္ဍာရီလား ဆိုသည်ကို ခွဲခြားရန် မဖြစ်နိုင်ဟု သုံးသပ်ရမည်ဖြစ်ရာ ယုံကြည်လက်ခံသူများကလည်း ယုံကြည်လက်ခံဆဲဖြစ်၍ လူဝံပုလွေပုံပြင်များမှာလည်း ဥရောပနှင့် အမေရိကတိုက် နေရာအနှံ့ ရှင်သန်ဆဲဖြစ်နေဦးမည်ဟု ယူဆပါသည်။

….

#ဇေယျမင်းမင်းဝင်း

#မနောမယဂျာနယ်