ကျီးပျော် ငွေပျော်

ကျွန်တော်က ရယ်၍ – “ကျီးကန်းကို အစာကျွေးတိုင်း ငွေရွှင်ကြေးဆိုရင် ခင်ဗျားတို့ကျုပ်တို့ အလုပ်လုပ်မစားဘဲ ကျီးကန်းတွေကိုပဲထိုင်ပြီး အစာကျွေးနေကြရအောင်ဗျာ …၊ ဘယ့်နှဲ့လဲ …” ဟု မေးလိုက်ပါသည်။

ကျွန်တော်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ အလုပ်လုပ်ကိုင်ရင်း အပတ်စဉ် သောကြာနေ့ ညနေပိုင်းများတွင် ဆရာဇင်ယော်နီထံ၌ ဗေဒင်သင်တန်း သွားတက်နေသူဖြစ်ပါသည်။

တကယ်တော့ ဆရာ့ထံက အောင်လက်မှတ် ရပြီးခဲ့ပါပြီ။ သို့သော် ကျွန်တော်သည် ဆရာ၏သင်တန်းကို အပတ်စဉ် သွားနေဆဲဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာ့ထံမှ ဗေဒင်တွက်နည်း ကိန်းခန်းယတြာများအပြင် ဗဟုသုတ မှတ်ဖွယ်မှတ်ရာ တစ်ခုမဟုတ်တစ်ခုကို တစ်ကြိမ်လျှင်တစ်မျိုး၊ မရိုးရအောင် နာယူမှတ်သားရတတ်သောကြောင့် ဖြစ်ပါသည်။

ထို့အပြင် ဆရာ၏အလုပ်များကို ဝိုင်းကူ၍ ပြုလုပ်ပေးရင်း ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများကို လက်တွေ့ ရရှိစေပါသည်။ ဆရာကိုယ်တိုင်လည်း အဘကြီးမင်းသိင်္ခထံ၌ ထိုသို့ နေထိုင်ကြိုးစားခဲ့သောကြောင့် ယနေ့အချိန်တွင် ဆရာတစ်ဆူအဖြစ် လေ့ကျင့်ရည်ပြည့်ဝစွာ ရပ်တည်နေနိုင်သည်ဆိုသည်မှာ ကျွန်တော်တို့အတွက် စံနမူနာပင် ဖြစ်နေပါသည်။

အလုပ်ထဲတွင် ကျွန်တော် ဗေဒင်တတ်သည်ကို သိထားကြသော သူငယ်ချင်းများက သူတို့တွင် အကြောင်းကိစ္စပေါ်သောအခါ ဗေဒင်မေးလေ့ရှိပါသည်။ ကျွန်တော်ကဆရာမှာကြားထားသည့်အတိုင်း လေ့ကျင့်ခန်းအဖြစ် ဟောပြောပေးရပါသည်။ ယနေ့တွင်တော့ နေ့လယ်စာစားပြီး ခဏနားနေကြစဉ်တွင် ကိုလှဦးဆိုသော လူတစ်ဦးက – “ဆရာလေးရေ… တိရစ္ဆာန်တွေမှာလည်း ဂမ္ဘီရအစွမ်း ရှိတယ်လို့ ကြားဖူးတယ်…၊ ဟုတ် မဟုတ်တော့မသိဘူး …၊ ကျွန်တော်တို့အိမ်ရှေ့က တရုတ်မကြီးတစ်ယောက်ဟာ မနက်တိုင်းမနက်တိုင်း သူ့အိမ်ရှေ့မှာ ကျီးကန်းတွေကို အမြဲတမ်း အစာကျွေးတယ်ဗျ …၊ ကျီးကန်းတွေဆိုရင် သူနဲ့ဆိုရင် တော်တော်တောင် ယဉ်နေကြပြီ …၊ အဲဒါကြောင့် ပဲလားတော့မသိဘူး အဲဒီတရုတ်မကြီးဟာ ငွေတော့ တော်တော်ရွှင်တာဗျ …”ဟု ပြောပါသည်။

ကျွန်တော်က ရယ်၍ – “ကျီးကန်းကို အစာကျွေးတိုင်း ငွေရွှင်ကြေးဆိုရင် ခင်ဗျားတို့ကျုပ်တို့ အလုပ်လုပ်မစားဘဲ ကျီးကန်းတွေကိုပဲထိုင်ပြီး အစာကျွေးနေကြရအောင်ဗျာ …၊ ဘယ့်နှဲ့လဲ …” ဟု မေးလိုက်ပါသည်။

ကိုလှဦးက ခေါင်းကိုကုတ်ရင်း – “အဲလိုတော့ ဘယ်ဖြစ်မလဲဗျာ ..၊ မနောက်ပါနဲ့ ဆရာလေးရယ် …၊ တကယ်သိချင်လို့ပါ ..” ဟု ပြောပါသည်။ ထို့ကြောင့် ကျွန်တော်က – “အေးဗျ… ကျွန်တော်တို့ဆရာက အမြဲတမ်းသင်တယ် …၊ ကံကောင်းကောင်း မကောင်းကောင်း ကိုယ့်ဘက်ကတော့ အပြည့်အဝကြိုးစားနေရမှာပဲတဲ့ …၊ ကံဆိုးတဲ့လူက ခက်ခက်ခဲခဲကြိုးစားရတတ်တယ် …၊ ကံကောင်းတဲ့လူက ပေါ့ပေါ့ပါးပါးနဲ့ အောင်မြင်နိုင်တယ်ပေါ့ဗျာ …၊ ကျီးသာရင် ဧည့်လာတတ်တယ်ဆိုတာကတော့ ခင်ဗျားလည်း ကြားဖူးမှာပါ …၊ အဘမင်းသိင်္ခ ရေးဖူးတာကတော့ အိမ်ရှေ့ကကျီးသာရင် ကောင်းသောဧည့်သည် ရောက်လာတတ်တယ်၊ အိမ်နောက်က ကျီးသာရင်တော့ မကောင်းသောဧည့်သည် ရောက်လာတတ်တယ်တဲ့ …၊ ခင်ဗျားတို့ကျွန်တော်တို့လည်း ကိုယ့်အိမ်က တစ်ယောက်ယောက် ခရီးသွားတုန်း ကျီးသာရင် ဟဲ …ကိုယ့်ဇနီး ကိုယ့်သား ကိုယ့်ယောကျာ်း ပြန်လာတော့မယ်ထင်တယ်လို့ နိမိတ်ကောက်လေ့ ရှိတယ်လေဗျာ …၊ ခင်ဗျားပြောတဲ့ တရုတ်မကြီး မနက်တိုင်း ကျီးစာကျွေးတဲ့ကိစ္စကို ကောက်ချက်ချပြရမယ်ဆိုရင်တော့ ကျီးဆိုတာ ငွေနံဗျ …၊ ကျီးတွေပျော်ရင် ငွေတွေလည်း ပျော်ပြီပေါ့ဗျာ …၊ ကျီးတွေကို အစာကျွေးတဲ့အတွက် ကျီးတွေ ပျော်ကြမယ် …၊ ကျီးတွေပျော်တော့ ငွေတွေလည်း ပျော်တာပေါ့ဗျာ …” ဟု ပြောပြလိုက်ရပါလေတော့သတည်း။ ။

ဝဠာမိုးအောင်(အယူတော်မင်္ဂလာ)