ဂမုန်းကတိုးပင်

ဂမုန်းကတိုးပင်

ဂမုန်းကတိုးပင်

ဂမုန်းကတိုးပင်သည် စိုက်သော မြေကြီးကိုပင် မွှေးပျံစေသည်။ ဂမုန်းကတိုးတွင် ဖြူ၊ နီ ဟု နှစ်မျိုးရှိသည်။

ဖြူခြင်းလွန်မြောက် သိဒ္ဓိပေါက်သော် နီခြင်း အဆင်းဝင်လေသည်။

လူတို့စိတ်ကို ကြည်နူးရွင်ပျစေသည်။ ရှေးခေတ်ဘုရင်တို့ ခေါင်းဆေးမင်္ဂလာတွင် ထည့်သွင်းသည်။ ပီယဓါတ်ဖြစ်စေသော အမွှေးနံ့သာအဖြစ် ပြောင်းလဲပြုလုပ်သည်။ ဤဂမုန်းကတိုးသည် ဂမုန်းကတိုးနီ၊ ဂမုန်းကတိုးဖြူ၊ ဂမုန်းကြောင်ကတိုး၊ ဂမုန်းတွင်းနက်ကတိုး၊ ဂမုန်းကတိုးစစ် စ သည့်အားဖြင့် အမျိုးမျိုးရှိသည်။ လောကီအစီအမံတို့ဖြင့် ပြုလုပ်အပ်သော သစ်ကတိုး၊ အတိဂန္ဓကတိုး အားဖြင့်ရှိသည်။ အမှန်မှာ ဂမုန်းကတိုးသည် ပကတိသဘောအားဖြင့် ဣတ္ထိသျှို ပြီးခြင်းသဘောရှိသည်။

ရှေ့ခေတ် မြန်မာဘုရင်မင်းမြတ်တို့၏ ဘိသိတ်သွင်းရာ၌ အမြတ်တနိုး အသုံးပြုကြသည်။ မိဖုရား ပင်တိုင်စံမင်းသမီးများ သူဌေးကတော် ကုန်သည် လယ်လုပ်ပွဲစား အလုပ်သမား ကတော်များလည်း ဂမုန်းကတိုးကို သုံးစွဲကြသည်။ လိမ်းကြံကြသည်။

ဂမုန်းကတိုး၏အနံ့သည် မည်သည့်အနံ့နှင့်မျှမတူ တမူထူးခြား၍ မွှေးကြိုင်သော သဘာဝရှိသည်။ ဂမုန်းကတိုးသည် (ပဲခူးဆားပမာ) အစွမ်းထက်မြက်သော စားဆေးသုံးဆေး ပယောဂဆေး ဂန္တာရုံစသော ဆေးတို့ဖော်ရာတွင် ဂမုန်းကတိုးမပါလျှင် မပြီးနိုင်သော သဘောရှိပေသည်။ အထူးအားဖြင့်(တီဘီရောဂါ)တွင် ဂမုန်းကတိုးကို သုတေသနပြုလုပ်၍ ကုစားပါအံ့ ပျောက်ကင်းနိုင်သော အစွမ်းသတ္တိပင် ရှိနိုင်ပေသည်။

ထို့ပြင် ဂမုန်းကတိုးသည် စုန်းလေပွေနှင့် နဂါး နတ်ကို ကောင်းစွာနိုင်ခြင်း အစွမ်းသတ္တိထူးလည်း ရှိပေသည်။

ဤဂမုန်းကတိုးကို၊ ဤသို့ စီစစ်သင့်ပေ၏၊ အရွက်သည် လက်ဝါးပမာခန့်၊ ရှည်ရှည်ဝန်းဝန်း ရှိခြင်း၊ မြေနှင့်တထွာတမိုက်ခန့်ရှိခြင်း၊ ဂမုန်းကတိုးဖြူဖြစ်လျှင် အဥအမြစ်အပွင့်ဖြူခြင်း အားဖြင့် (၂)မျိုး ရှိခြင်း၊ အညွန့်သည်လုံး၍ လက်ညှိုးကဲ့သို့ထောင်လျက် ရှိခြင်း၊ တခုစီနေခြင်းစသော အင်္ဂါရပ်များနှင့် ညီညွတ်လျှင် ဂမုန်းကတိုး စစ်ပြီ မှန်ပြီဟု ဆုံးဖြတ်၍ သန့်ရှင်းသော မြေအဘို့၌ စိုက်ပျိုးထားရမည် ဖြစ်ပေသည်။

Photo Credit - စိုင်းဆိုင်ဖ(ဂမုန်းရိပ်သာ)
Photo Credit – စိုင်းဆိုင်ဖ(ဂမုန်းရိပ်သာ)

အချို့သော ဂမုန်းကျမ်းတို့၌ ညောင်ပိန္နဲ အရွက်ကဲ့သို့ရှိခြင်း ရှိသည်ဟု ရေးသားကြသည်။ ဤအချက်ကို ဉာဏ်နှင့်ယှဉ်၍၊ စီစစ်သင့်ပေသည်။

ယခုခေတ်သစ်တွင် ကွမ်းစားဂမုန်းဟု ခေါ်တွင်ကြသော်လည်း အမည်နာမအရ မဖြစ်ထိုက် သောကြောင့် မခေါ်သင့်ပေ။ ဂမုန်းကတိုးကား အရွက် လက်ဝါးခန့်ရှိ အရွက်ဝိုင်း မြေပြင်တွင် ကပ်၍ အရွက်ထွက်သောအမျိုးဖြစ်သည်။ ဥမှာ ဂေါ်သဇင်နှင့်တူ၍ ကတိုးနံကဲ့သို့မွှေးသည်။

၎င်းကိုမိန်းမကိစ္စတွင် စီရင်ရသည်ဟုဆိုသည်။ ပီယသိဒ္ဓိမြောက်ခြင်းကို ဆိုလိုသည်။ ဂမုန်းကတိုးသည် ပကတေ့သဘောအားဖြင့် ဣတ္တိသျှိုပြီးခြင်း သဘောရှိသည်။ ရှေ့မြန်မာမင်း ဘိသိတ်သွင်းရာ၌ အသုံးပြုကြသည်။ မိဖုရားပင်တိုင်စံ မင်းသမီးများ သုံးစွဲကြသည်။ အိမ်မှာစိုက်ထားလျှင် လာဘ်ပွင့်သည်။ လူချစ်လူခင်ပေါ်များသည်။ ကွမ်းစားဂမုန်းဟုလည်းခေါ်သည်။ စားလိုရသည်။ အဆုတ် အားကောင်း၍ အဆုတ်ရောဂါများ ပျောက်ကင်းနိုင်သည်။ သည်းခြေကိုအားရှိစေသည်။ ဝမ်းမီးတောက်စေသည်။ လေကိုနိုင်၏။ မျက်စိနာဦးခေါင်းနာ မူးဝေသောအနာ ပျောက်သည်။

ဂမုန်းကတိုးဖြင့် ပြုလုပ်ရသည့် လောကုတ္တရာဆေးတော်ကြီး ပြုလုပ်ပုံလေးလည်း ဝေငှပေးပါရစေ။

လောကုတ္တရာ ဆေးမြတ်စွာကို နည်းနာကျကျ သုံးဆောင်ရအောင် ဖေါ်ကြကုန်ပါ ကဝိန္ဒာတို့ နံ့သာဖြူနီ အညီမကင်း သူရောင်မင်းနှင့် မယွင်းအမျှ ထည့်ထပန်းဥ တစ်ခုပဲနံ့သာ မြင်းသီလာ ပန်းညို ထိုမြို့ကွမ်းကတိုး ထည့်ရိုးမဆုံး ဂမုန်းကတိုး မွှေးမျိုး မှန်စွာ ပေါင်းနဝါကို ညက်စွာကျောက်ပြင် တင်၍ ကျိတ်ပါ မေတ္တာသုတ်ကျော် ပရိတ်တော်ကို ရွတ်သော်တစ်ထောင် အပြည့်ဆောင်မှ ကောင်းအောင် ကျိတ်ပါ နံ့သာနီစစ် နှင်းဆီစစ်နှင့် ကျိတ်လစ်သောခါ ပွဲမှာအစုံ တင်ပြီးကုန်မှ လူဘုံရှေးရှိ သမာဓိနှင့် ဘုန်း ရှိတေဇာ နတ်တကာတို့ အချာအုပ်စိုး ဆေးတန်ခိုးကြောင့် အကျိုးလေးဆယ် အကျယ်တစ်ထောင် အကျိုးဆောင်သည် လူ့ဘောင်မတူ ဖက်ကင်းတည်း။

ဤဂမုန်းကတိုး စီရင်နည်း၌ သူရဿတီ စီရင်နည်းကိုသာ ပြဆိုထားအပ်ပေသည်။ စီရင်နည်းမှာ ကမုန်းကတိုးဥနှင့် ဂမုန်းဆင်ကာလကဏ္ဍိ ဂမုန်းလူကာ လကဏ္ဍိ ဂမုန်းမြင်းကာလကဏ္ဍိ (၃)ပါးနှင့် နံ့သာ(၅) ပါးရည်ရောပြီး ကြိတ်ရမည်။ ၎င်းနောက် အတောင့်ပြုလုပ်၍ နေသွေ့အောင်လှန်းရမည်။ ခြောက်သွေ့သော် သူရဿတီ နတ်သမီးရုပ်ကို နဖူးပေါ်၌ လက်ယှက်တင်၍ ကြုံ့ကြုံ့ထိုင်ဟန် မြသဘက်ခြုံဟန် ဖနှောင့်နှင့်တင်ပါးတည့်ဟန် ပီသစွာထုလုပ်ရမည်။ ပြီးလျှင် စစ္စေး(၃)ထပ်ချကာ ရွှေ(၃)ထပ်ချပြီးသော် ရွှေကြုတ် ငွေကြုတ်တစ်ခုခုတွင် ထည့်ရမည်။

ထိုသို့ အစီအရင်များ ပြီးခဲ့သော် နက္ခတ်ခပါဒ် အခါကောင်း သောနေ့များတွင် ဖယောင်းတိုင်(၂)တိုင်၊ ကန်တော့ ပွဲ(၂)ပွဲ၊ အချိုရည်သစ်သီးစုံပြင်ပြီးနောက် မိန်းမတို့၏ အသုံးအဆောင်ဖြစ်သော စံပယ်ပန်း ဆံစု ပုတီး လက်ကောက် ဆံထိုးဆံကျင် ထဘီ အင်္ကျီ ပုဝါ မှန်ဇာ ဘော်လီ ကျောက်ပြင် သနပ်ခါး ပေါင်ဒါဘူး စသည်တို့ကိုပြင်၍ အောက်ပါ မန္တာန်တို့ဖြင့် (၁၀ဝဝ) တစ်ထောင်တိတိစုတ်ရမည်။ သူရဿတီမန္တာန်ကား

(၁) ဉုံ မျိုးသွယ်သောငို၊ မျက်ရည်ယိုရွှမ်း၊ ဆီသို့ဆမ်း၏၊ မျက်ရစ်ဝန်းကျင်၊ ငါသို့ထင်သည်၊ အရှင်ငါသို့၊ ချဉ်းဆရာချဉ်း၊ ကပ်ဆရာကပ်။

(၂) ဉုံ သူရဿတီပီယံမမ၊ ေဩာင်းနမော၊ အလွန်လှဘိ၊ သီရိထွန်းပ၊ ဝင်းလဲ့ညှိစင်၊ မိသခင် လည်း၊ တတ်မွန်မန္တယား၊ ဆေးဝါးလက်ဖွဲ့၊ ခါးလဲ့နုတ် ငုံ၊ အလုံးစုံကို၊ ဥဿုံမကြွင်း၊ ဆောင်ခြင်းမျှတ၊ ရု က္ခ ဒေဝါ၊ ကရုဏာဖြင့်၊ မကြာလျှင်စော၊ မစေသော၊ သြောင် ဟုလုလုလု သွားဟုံဟုံ။

(၃) ဉုံ သူရဿတီ၊ စန္ဒီမည်ရ၊ နတ်မိန်းမ၊ ငါ၏ခံတွင်း၊ မြဲစောင့်ခြင်းသည်၊ သာညှင်းတမျှ၊ တ ခွန်းဟက၊ ပီယသဟာ၊ တရာသက်ဆုံး၊ ညွတ်ခရုံး သည်၊ ရွှင်ပြုံးငါသို့၊ ကပ်စေသောဝ်။

(၄) ဉုံ သဗ္ဗဟိတ မင်္ဂလာနိ ပုညာဘိ သီရိသောဘဏီ သူရဿတီ မေမာတာနိစ္စံယရက္ခန္တု မံသဒါယ။

(ဤမန္တာန်ဖြင့် (၃၇)ချုပ်ထားရမည်ဟူ၏)ဤသို့ ညွှန်ကြားချက်အတိုင်း မန္တာန်(၁၀ဝဝ) တထောင်ပြီးမြောက်အောင်စုတ်ပြီးလျှင် ရအံ့သော့ကောင်းကျိုးတို့မှာ ပီယသိဒ္ဓိ ဓနသိဒ္ဓိ သဗ္ဗ သိဒ္ဓိ ရာဇသိဒ္ဓိ ဒေဝသိဒ္ဓိ မနုဿသိဒ္ဓိ ဣတ္ထိသျှို ပုရိသသျှို စသည်အားဖြင့် အပါး(၃၀) အပြီးတိုင်မြောက် ကောင်းကျိုးရောက်အံ့သော သဘောရှိပေ၏။

အကယ်၍ အဆိုပါသိဒ္ဓိများကို အသုံးပြုလိုသောအခါတွင် ၄င်းသူရဿတီရုပ်မှ ဆေးနှင်းနံ့သာ(၅)ပါး ရော၍ နဖူးတွင်မှန်ကူ၍ ကြံစည်ပါက အောင်မြင်နိုင်သော သဘောရှိပေသည်။ ဤနည်းသည် (၁၉၀၄) ခုနှစ်တွင် ရိုက်နှိပ်သော သရဘူကျမ်းလာ စီရင်နည်းကို ပြဆိုခြင်းဖြစ်ပေသည်။ ထိုနည်းကို ကျေကျေနပ်နပ် နားလည်အောင်မှတ်သားပြီးလျှင် ထားရှိပါက စီရင်နည်း၌ လွယ်ကူစွာ စီရင်နိုင်မည် ဖြစ်ပေသည်။

စဝ်ခွန်ဖသိုင်

Photo Credit – စိုင်းဆိုင်ဖ(ဂမုန်းရိပ်သာ)