ငါးမိနစ်ပဲ စောင့်

ပန်းခြံတစ်ခြံရဲ့ ကလေးကစားကွင်းမှာ အမျိုး သမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်နဲ့ အတူ ထိုင်ခုံတစ်ခုံမှာ ထိုင်နေကြပါတယ်။ သူတို့ နှစ်ဦးစလုံး ကလေးကစားကွင်းမှာ ကစားနေကြတဲ့ သားသမီးတွေကို စောင့်ပေးနေကြတာပါ။ အတူတကွ ထိုင်နေကြရင်း တစ်ယောက်နဲ့တစ်ယောက် မိတ် ဆက်ကြပါတယ်။ အမျိုးသမီးက သူ လာစောင့်ပေး နေတဲ့သားကို ညွှန်ပြရင်း မိတ်ဆက်ပေးပါတယ်။

“ဟိုမှာ လျှောစီးပြီး ဆင်းလာတာ ကျွန်မရဲ့ သားလေးပေါ့၊ အင်္ကျီအဖြူရောင် ဝတ်ထားတယ်”

အမျိုးသားက အလိုက်အထိုက် ပြန်ပြောလိုက် ပါတယ်။

“ခင်ဗျားရဲ့ သားက သားချောလေးပဲ၊ ကျွန်တော့်သမီးက ဟိုမှာ စက်ဘီးစီးနေတဲ့ ကောင်မ လေးပေါ့၊ အင်္ကျီအနီရောင် ဝတ်ထားတယ်”

“ဟုတ်လား၊ ရှင့်သမီးကလည်း အချောလေး ပဲ”

အမျိုးသမီးကလည်း အလိုက်အထိုက် ပြန်ပြော ပါတယ်။ အဲဒီအချိန်မှာ အမျိုးသားက သူ့သမီးကို လှမ်းပြီး အော်ပြောလိုက်ပါတယ်။

“သမီး ‘မယ်လစ်ဆာ’ ရေ၊ ပြန်ကြရအောင်”

သမီးလေးက စက်ဘီးကို ကစားကွင်းထဲ လှည့်ပတ်စီးနေရင်း သူ့အဖေကို ပြန်အော်ပြောပါ တယ်။

“ငါးမိနစ်ပဲ ဒက်ဒီ၊ ငါးမိနစ်ပဲ စောင့်”

အဖေဖြစ်သူက ပြုံးပြီး ဆက်ထိုင်နေပါတယ်။ နောက်ငါးမိနစ်လောက်ကြာတော့ သူက လက်ပတ် နာရီကို ငုံ့ကြည့်ရင်း သမီးကို လှမ်းအော်ပြောလိုက် ပြန်ပါတယ်။

“သမီးရေ … ငါးမိနစ် ပြည့်သွားပြီ၊ ပြန်ကြ ရအောင်လေ”

သမီးလေးက စက်ဘိးစီးရတာ ဝပုံမရသေးပါ ဘူး။ အဖေ့ကို ပြန်ပြီး အော်ပြောလိုက်ပါတယ်။

“ငါးမိနစ်ပဲ ဒက်ဒီ၊ ငါးမိနစ်ပဲ စောင့်”

အဖေဖြစ်သူက ပြုံးပြီး ဆက်ထိုင်နေပါတယ်။ ဒီတော့ ဘေးနားက အမျိုးသမီးကို သူ့ကို ချီးကျူး ပါတယ်။

“ရှင်က တကယ် စိတ်ရှည်တဲ့အဖေပဲနော်၊ သမီးက စောင့်ခိုင်းတိုင်း စိတ်ရှည်ရှည် စောင့်ပေး တယ်၊ တချို့အဖေတွေဆို ဆူပူကြိမ်းမောင်းပြီး ပြန် ခေါ်သွားမှာ”

ဒီတော့ သူက အဲဒီအမျိုးသမီးကို ရှင်းပြတယ်။

“ကျွန်တော် စိတ်ရှည်တာ အကြောင်းရှိပါ တယ်၊ မနှစ်က ဒီအချိန် ဒီနေရာမှာပဲ သမီးရဲ့အစ်ကို ကျွန်တော့်သားလေး စက်ဘီးလာစီးတာကို ကျွန်တော် က အခုလိုပဲ လာစောင့်ပေးခဲ့တာပါ၊ သားက ငါး မိနစ်ပဲစောင့်ပေးပါလို့ ပြောတာကို ကျွန်တော်က စိတ်တိုပြီး မစောင့်ပေးခဲ့ဘူး၊ မင်းဘာသာ အိမ်ပြန် လာတော့လို့ ပြောပြီး ကျွန်တော် ထွက်သွားခဲ့တယ်၊ သားလေးက အိမ်ပြန်လာရင်း အရက်မူးနေတဲ့ကား သမားတစ်ယောက်ရဲ့ ကားက ဝင်တိုက်လို့ အသက် ဆုံးသွားရတယ်၊ ကျွန်တော်သာ စောင့်ပေးခဲ့ရင် အဲဒီ လို မဖြစ်နိုင်ဘူး၊ အဲဒီလို ကျွန်တော်မှားခဲ့ဖူးတဲ့ အမှား ကို ထပ်မမှားချင်တော့ဘူး၊ ဒါကြောင့် သမီးလေးက စောင့်ခိုင်းတာကို ကျွန်တော် ဆက်စောင့်ပေးနေတာ ပါ၊ သူက နောက်ထပ် ငါးမိနစ် ထပ်စောင့်ခိုင်းရင် လည်း ဆက်စောင့်ပေးနေမှာပါပဲ”

သူ ရှင်းပြတဲ့စကားကို ကြားရတော့ အမျိုးသမီး လည်း အတော် စိတ်မကောင်းဖြစ်သွားပါတယ်။

တကယ်တော့ လူ့ဘဝမှာ အချိန်နဲ့ပတ်သက်ရင် ဦးစားပေးရမယ့်အချိန်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ဦးစားပေးရမယ့်အချိန်တွေ အတွင်းမှာ ဘယ်အချိန်မှာ ဘယ်ကိစ္စကို ဦးစား ပေးရမယ်ဆိုတာကိုတော့ စဉ်းစားဆုံးဖြတ်တတ်ဖို့ လိုပါတယ်။ မိသားစုအရေးကတော့ ထိပ်တန်းထား ပြီး ဆုံးဖြတ်ပေးရမှာပါ။ မဟုတ်ရင် နောင်တ ရနိုင် ပါတယ်။

အောင်အေး (ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories