ငွေကိစ္စ အဆင်ပြေတဲ့နည်း

ကိုယ့်ရဲ့ငွေကိစ္စက အရေးတအားကြီးတယ်ဆိုရင်တော့ သုံးလေးငါးရက် ဆက်တိုက်လုပ်ရမှာ ဖြစ်ပါတယ်။

တစ်နေ့မှာ ကျွန်မဆီကို အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ဒေါ်မြကြီးဆိုသူ ရောက်လာခဲ့ပါတယ်။ သူက ဟိုဟိုဒီဒီကြည့်ပြီးမှ အသံတိုးတိုးကလေးနဲ့ – “ကျွန်မကို ကယ်ပါဦး ဆရာမလေးရယ်၊ ယောကျာ်းမသိအောင် ဆွဲကြိုးလေးကိုပေါင်ပြီး ပိုက်ဆံချေးထားတာ …၊ အခု ဟိုလိုလို ဒီလိုလိုနဲ့ ပိုက်ဆံက ပြန်တောင်းလို့မရဘူးဖြစ်နေတယ် …၊ ယောကျာ်းသိမှာလည်း စိုးရတယ် ..၊ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး ဆရာမလေးရယ် …”လို့ ကပ်ပြီး ပြောပါတယ်။

ကျွန်မက ဆရာဇင်ယော်နီဆီမှာ ဗေဒင်သင်တန်းတက်ခဲ့ပြီး နီးစပ်ရာကို လေ့ကျင့်ဟောပြောနေသူတစ်ဦး ဖြစ်ပါတယ်။ မကြာမကြာဆိုသလိုပဲ ဆရာ့ဆီမှာ ဗေဒင်အလုပ်တွေ ဝိုင်းကူလုပ်ရင်း ပညာတွေကတော့ ယူလို့မဆုံးနိုင်အောင်ပါပဲ။

ဒေါ်မြကြီးရဲ့စကားအဆုံးမှာဖြင့် ကျွန်မသွားပြီး သတိရလိုက်မိတာက မကြာသေးခင်ကပဲ ငွေကိစ္စ အခက်အခဲကြီးကြီးမားမားကြုံနေတဲ့ မိသားစုတစ်စုဟာ ဆရာပေးလိုက်တဲ့နည်းတစ်ခုနဲ့ အံ့ဩလောက်အောင် အဆင်ပြေသွားကြတဲ့နည်းလေးတစ်ခုကို သတိရလိုက်မိခြင်းပဲ ဖြစ်ပါတယ်။

ဘာလဲဆိုတော့ ငွေရေးကြေးရေးကိစ္စ အကူအညီသွားတောင်းမှာပဲဖြစ်ဖြစ်၊ အကြွေးတောင်းမှာပဲဖြစ်ဖြစ် ညောင်ပင်ကြီးကြီးတစ်ပင်အောက်ကိုသွား၊ အဲဒီအပင်အောက်မှာ ရုက္ခစိုးကို သေသေချာချာ ကျကျနန မေတ္တာပို့၊ ပြီးတော့ ရုက္ခစိုးကိုရည်ရွယ်ပြီးတော့လည်း ဖယောင်းတိုင်က (၉)တိုင်၊ အမွှေးတိုင်က (၉)တိုင်၊ နွားနို့လေးက (၁)ခွက်၊ ပြီးတော့ အဆင် ပြေရာ သစ်သီးလေးက (၁)လုံး လှူဒါန်းလိုက်ဖို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ငွေကိစ္စက အရေးတအားကြီးတယ်ဆိုရင်တော့ သုံးလေးငါးရက် ဆက်တိုက်လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မက ဒေါ်မြကြီးကိုလည်း အဲဒီနည်းလေး သေသေချာချာလုပ်ဖို့ ပြောပြလိုက်ရတာပေါ့ရှင်…။

တော်တော်တော့ အံ့ဩဖို့ကောင်းပါတယ်။ သုံးရက်မြောက်တဲ့နေ့မှာ ထီဖွင့်တယ်လေ။ ထီဖွင့်တော့ ဒေါ်မြကြီးကို အကြွေးပေးဖို့ရှိနေတဲ့လူက ထီငါးသိန်းဆု ပေါက်တယ်ရှင့်…။ အဲဒါနဲ့ ဒေါ်မြကြီးရဲ့အကြွေးကိစ္စ အဆင်ပြေသွားပါရောတဲ့ရှင်…။ ဒေါ်မြကြီးတော့မသိဘူး၊ ကျွန်မကတော့ဖြင့် ဒေါ်မြကြီးအတွက်ရော၊ အကြွေးပေးရမယ့်လူအတွက်ရော ဝမ်းသာလိုက်တာဆိုတော့လေ…။

ခုနစ်ရက်သားသမီးများလည်း ငွေကိစ္စအရေး ကြုံလာတဲ့အခါ အဲဒီနည်းလေးနဲ့ အဆင်ပြေကြပါစေရှင်…။

နှင်းအိန္ဒြာထွန်း(အယူတော်မင်္ဂလာ)