စုန်း

စုန်း

စုန်း

ကျွန်တော် ငယ်စဉ်အခါက ရွာမှာ လူတစ်ဦး နေမကောင်းဖြစ်ရင် နတ်ကတော်တွေ ပြောတဲ့ အတိုင်း သရဲကျွေးရတယ်။ အမေ့ကိုမေးကြည့်တော့ မယုံ မလုပ်ရဘူးသား။ ရွာတိုင်းမှာ စုန်းဆိုတာ ရှိတယ်။ ရွာတစ်ရွာတည်ရင် စုန်းမ ခုနစ်ယောက်ရှိမှ ရွာတည်လိုရတာလို့ အမေကရှင်းပြတယ်။

ဒါကြောင့်လည်း ရွာထဲမှာ ရုပ်ဆိုးဆိုး အဘွား ကြီးတွေဆို ကွယ်ရာမှာ စုန်းလို့သတ်မှတ်ပြီး ခပ်ကင်း ကင်းနေကြတယ်။ ညဆို အပြင်လျှောက်မသွားရဲဘူး။ နောက် ဆုံး အိမ်သာသွားရင်တောင် ချေးစားစုန်းကို ကြောက် လို့ဆိုပြီး ညပိုင်း အိမ်သာမတက်မိအောင် အောင့် ထားခဲ့တယ်။

ဒီအတိုင်းဆို မြို့တွေမှာ ရပ်ကွက်တွေ အများ ကြီးဆိုတော့ တစ်ရပ်ကွက်ကို စုန်းခုနစ်ယောက်ရှိရင် တစ်မြို့လုံး အတိုင်းအတာဆို စုန်းတွေ အများကြီး ဖြစ်နေမှာပေါ့လို့ ကျွန်တော်တွေးလိုက်မိတယ်။

အသက်လေး ကြီးလာတော့ စာတွေဖတ်ပြီး သိလာရတော့ ငယ်ငယ်က ထင်သမျှအရာတွေဟာ တက်တက်စင်အောင် လွဲခဲ့တယ်။ တကယ်တော့ ရွာတစ်ရွာတည်ရင် စုန်း ခုနစ်ယောက် လိုတာတော့ အမှန်ပါ။ ရွာမှ မဟုတ်ပါဘူး။ နိုင်ငံတည်ရင်လည်း အဲဒီစုန်း ခုနစ်ယောက်က အမှန်တကယ် လိုအပ် နေပါတယ်။

စုန်းဆိုတဲ့အဓိပ္ပာယ်က –

စုန်း= စုန္နော= ဖြောင့်မှန်သောသူ

(စုန္နောတိ ဥဇုကတော- ဖြောင့်မတ် မှန်ကန် သည့် ပညာရှင်ခုနှစ်ဦး)ဟု ဋီကာကျမ်းက ဖွင့်ဆို ပြထားပါတယ်။

အဲဒီ ခုနှစ်ဦးကတော့ –

(၁) မြေပညာရှင်

ရွာသစ်တည်မည့်နေရာသည် မြေအနေ အထား သင့် မသင့် မြေဆီမြေလွှာကို သိရှိ ကျွမ်းကျင်သူ

(၂) ရေပညာရှင်

သောက်သုံးရေ၊ ရေချို၊ စိုက်ပျိုးရေး လုပ် ငန်းသုံးရေ ရမရကို သိရှိကျွမ်းကျင်သူ

(၃) လေပညာရှင်

လေကြောင်း သင့်မသင့်၊ လေငြိမ်အရပ် ဟုတ် မဟုတ် စသည့် လေသဘောသဘာဝ ကျွမ်း ကျင်ပါးနပ်သူ

(၄) စီးပွားရေးပညာရှင်

(၅) ပညာရေး စီမံနိုင်သူ

(၆) ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ

(၇) ဆက်သွယ်ရေး ကျွမ်းကျင်သူ

ရွာတည်မည့်နေရာသည် ရွာ၏ လိုအပ်ချက် များအတွက် ဆက်သွယ်သွားလာရန် လွယ်ကူမည့် အချက်အလက် လမ်းကြောင်းကိုသိသောသူ … အစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။

အထက်ကဆိုခဲ့တဲ့ စုန်းခုနစ်ဦးက ရွာတည် ရာမှာဖြစ်ဖြစ်၊ နိုင်ငံတည်ထောင်ရာဖြစ်ဖြစ် အမှန် တကယ် လိုအပ်လာရပါတယ်။

ဒီနေ့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာ ဒီစုန်း ခုနစ်ဦးရဲ့ ကျွမ်းကျင်တဲ့ ပညာ ရပ်တွေဟာ အမှန်တကယ် လိုအပ်နေပါတယ်။

ကျေးရွာများမှာတော့ ဒီနေ့ ထိတိုင် စုန်း ဆိုတာ ပြုစားတတ်တဲ့ စုန်းလို့ အယူမှားနေဆဲပါ။ ဒီလိုလွဲမှားနေတဲ့ အယူအဆမှားတွေကို ဒီနေ့အထိ လက်ခံယုံကြည်နေတာဟာ စာပေဗဟုသုတ နည်း ပါးကြလို့သာ ဖြစ်ပါတယ်။ စာဖတ်နည်းကြလို့သာ ဖြစ်ပါတယ်။ စာဖတ်ခြင်းက လွဲမှားနေတဲ့ အယူ အဆမှားတွေကို အမှန်မြင်နိုင်ပါတယ်။ အမှား အမှန်ကို သေချာဝေဖန် နိုင်ပါတယ်။ ကိုယ့်ဘဝကို လမ်းမှန်ပေါ်ရောက်အောင် ညွှန်ပြပေးပါတယ်။ ဒါကြောင့် လူတိုင်း စာဖတ်ကြပါ။ အထူးသဖြင့် တိုးတက်လိုတဲ့ လူငယ်တိုင်းစာဖတ်ကြပါ။ စာဖတ် တဲ့လူတိုင်း မတိုးတက်ပေမယ့် တိုးတက်တဲ့လူတိုင်း ကတော့ စာဖတ်ကြပါတယ်။ ဒါကြောင့် အယူမှား တွေ ကင်းဝေးပြီး ဘဝလေးတွေ တိုးတက်ဖို့ စာ ဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

မောင်မြင့်ဝင်း