ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ သရဲဖြစ်သွားသောဘုန်းကြီး ဦးနန္ဒ

“သရဲဖြစ်သွားသောဘုန်းကြီး”

ပေါက်ခေါင်းမြို့နယ် ရွာတစ်ရွာက စာတတ်ပေတတ် ဘုန်းကြီး ဦးနန္ဒ တဲ့ အသံကောင်း။ အပြောကောင်း။ အဟောကောင်း ဓမ္မကထိက တစ်ပါးဖြစ်လို့ ပေါက်ခေါင်းမြို့နယ်တဝိုက်သာရေး၊ နာရေး ကိစ္စတွေမှာ ပွဲတိုင်းကျော် ဖြစ်ခဲ့ပါတယ်။ ပစ္စည်းလေးပါးပေါများရုံမကပဲ ဝတ္ထုကြေးငွေများပါ စုမိလာတော့ ဦးနန္ဒ တစ်ပါး သူခိုး ဓါးပြ ရန်ကိုကြောက်လာပါတယ်။

ဒါနဲ့ပဲ သပိတ်ကြီးတစ်လုံးမှာ ဝတ္ထုငွေတွေ အပြည့်ထည့်ပြီး သူ့ကျောင်းလှေခါးအောက်မှာ မြေကျင်းတူးပြီးမြုပ်ထားလိုက်ပါတယ်။ သူခိုး ဓါးပြထက် နှစ်ဆဆိုးတဲ့ လောဘဆိုတဲ့ တရားဆိုးကြီး သူ့သန္တာန်မှာရောက်လာပြီ ဆိုတာ သူ့ခမျာ မသိရှာဘူး။

တနေ့ အသက်လေးဆယ်ကျော်မှာပဲ ဟောပြောရလွန်းလို့ ဖြစ်လာတဲ့လေနာရောဂါနဲ့ပဲ ပျံလွန်တော်မူခဲ့ပါတယ်။ ရဟန်းတော်တစ်ပါးဖြစ်တဲ့အတွက် ပုံမှန်အတိုင်းဆိုရင် အထက် နတ်ဘုံကို ပျံတော်မူရမှာပါ။ အခုတော့ လှေကားအောက်မှာ မြုပ်ထားတဲ့ ငွေသပိတ်အပေါ် စွဲလမ်းတဲ့ လောဘကြောင့် ကျောင်းဝိုင်းထဲမှာပဲ သံပရာခွံဦးထုပ်ဖြူဆောင်းရတဲ့ ဘုန်းကြီးတစ္ဆေသွားဖြစ်ပါတယ်။

စာတတ်ပေတတ် ဘုန်းကြီးဘဝက လာတာဆိုတော့ ငွေသပိတ်ကိုစွဲလမ်းတဲ့လောဘကြောင့် အခုလိုဘဝရောက်ရတယ် ဆိုတာသေချာသိတယ်။ ဒါကြောင့် သူ့ကျွတ်လမ်း လွတ်လမ်းကိုရှာတဲ့အနေနဲ့ နောက်တက်တဲ့ ကျောင်းထိုင်ဘုန်းကြီးကို ကိုယ်ထင်ပြပြီး အကူအညီတောင်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် နောက်တက်တဲ့ကျောင်းထိုင်ဘုန်းကြီးတွေက ကြောက်တတ်သူတွေဆိုတော့ သရဲခြောက်တယ်ဆိုပြီး ထွက်ထွက်ပြေးကြတာနဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။

ဒီလိုနဲ့ နှစ်အတန်ကြာတော့ သတ္တိရှိတဲ့ဒကာတစ်ယောက် ဦးနန္ဒ ကျောင်းကို ရောက်လာပါတယ်။ လာတာက သူ့ငယ်ချင်းအိမ်ကိုလာတာပါ။ သူငယ်ချင်းမရှိပဲ ဇနီးသည်တစ်ယောက်ပဲရှိတဲ့အိမ်မှာ ညအိပ်ရမှာ မသင့်တော်လို့ ဦးနန္ဒကျောင်းကိုလာအိပ်ခြင်းပါပဲ။

ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ ဦးနန္ဒကို ဒကာက သတ္တိကောင်းသူဆိုတော့ ဘာမပြောညာမပြော ချက်ချင်းထပြီး နပန်းလုံးတယ်။ ပြီးတော့ သရဲခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်ဖြူကို ဖြုတ်ယူမိသွားတာနဲ့ သရဲဟာ အားအင်ကုန်ခမ်းပြီး ကြမ်းပြင်ပေါ်ပုံကျသွားတယ်။

အဲ့ဒီ အခါကျမှ ဦးနန္ဒ တစ်ဖြစ်လဲ သရဲက ဒကာတော် သတ္တိကောင်းတဲ့သူနဲ့ တွေ့ရလို့ အားရဝမ်းသာဖြစ်ရပါတယ်။ ငါဟာ ဒီကျောင်းက ပျံလွန်တော်မူသွားခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးပါ။ လှေကားအောက်မှာမြုပ်ထားတဲ့ ငွေသပိတ်ကိုစွဲခဲ့လို့ မကျွတ်မလွတ်ဖြစ်နေရတာပါ။ ဒကာ ငါ့ကိုကူညီပါ။ အဲဒီ ငွေသပိတ်ကိုဖေါ်ယူပြီးသံဃာတွေပင့်ဆွမ်းတွေ သင်္ဃန်းတွေလှူပြီးကျွန်ု်ပ်ကို အမျှပေးပါ။ ကျန်တာကို ဒကာသုံးပါလို့ ပြောတဲ့အတွက် ဒကာကလည်း ပြောတဲ့အတိုင်းလုပ်ပေးတယ်။ အဲ့ဒီတော့မှ သရဲဘဝက လွတ်သွားခဲ့ရပါတယ်။

ဇာတ်လမ်းကတော့ ဒါပါပဲ မေတ္တာရှင်(ရွှေပြည်သာ)ရဲ့ အသေမြတ်ချင် သေနည်းသင် စာအုပ်က ထုတ်ယူဖေါ်ပြတာပါ။

ဘုန်းကြီးကလည်း လောဘနဲ့ သေတယ်။ ဒိဌိလည်း မပယ်ရသေးတော့ ငါစွဲ စွဲပြီးသေလို့ သရဲဖြစ်တာပါ။ တကယ်ပယ်ရ သတ်ရမှာက ဒိဌိ ဖြစ်ပါတယ်။ ဓါတ်တော်ကျသွားပြီဖြစ်တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေမှာလည်း ဟောကြားထားပါတယ်။ တခြားသော ဆရာတော်များလည်း သစ္စာတရားဟောရင် ဒီတိုင်းဟောပါတယ်။ သစ္စာ တကယ်သိဖို့ဆိုတာ အရင်ဆုံး သောတာပန်တည်ပြီး ဒိဌိဖြုတ်ဖို့ဖြစ်ပါတယ်။ ဝီစိကိစ္ဆာက သူ့အလိုလိုသေသွားရော။

နာမ်နဲ့ ရုပ်ပဲရှိတယ်။ ငါဆိုတာမရှိဘူး ။ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး။ ယောက်ျား မိန်းမ မရှိဘူးဆိုတာ ကွဲကွဲပြားပြားဖြစ်သွားတဲ့ အရိယာမှာ ငါဆိုတဲ့ သက္ကာယဒိဌိ မရှိတော့လို့ လောဘဖြစ်ပေမယ့် အစွဲမရှိဘူး။ ဒိဌိ ဦးဆောင်ခြင်း မရှိတော့ဘူး။

သမီးတော် တရားစခန်း ဝင်စဉ်က ဦးပဇင်း ဦးဣဿရိယက ပလ္လင်ပေါ်ကနေမေးဖူးပါတယ်။ဘုန်းကြီးနဲ့လူ ဘယ်သူက ပိုပြီး လောဘ ကြီးသလဲတဲ့။ အောက်က သံဃာတော်တွေက ဖြေမဖြေတော့မသိဘူး။ အမျိုးသားရော အမျိုးသမီးယောဂီတွေရော ဝိုင်းပြီးအော်ကြတာ။

ဘုန်းကြီး အဲ့လိုဝိုင်းအော်တော့ ဦးပဇင်း မျက်လုံးပြူးသွားတယ်။ ဟမ် တဲ့ ဆက်လည်းပြောပါတယ်။ ဘုန်းကြီးလောဘအနန္တ တဲ့။ ဒါပေမယ့် လူတွေရဲ့ လောဘကတော့ ဘုရားတောင် ခြေရောလက်ရော မြောက်ထားရလောက်အောင်ကြီးတယ်တဲ့။ အသောမသတ်နိုင်ကြပုံများ ပြောပါတယ်။ သို့သော် အရိယာဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ လောဘကို လောဘမှန်းသိတဲ့အတွက် အစွဲအလမ်းမဖြစ်ပါဘူး။

ဘုန်းကြီးဦးနန္ဒ ကတော့ အစွဲအလမ်းကြောင့် သရဲဖြစ်တယ်လို့ သက်သေပြသွားခဲ့ပါပြီ။

စွဲစွဲလမ်းလမ်းဖြစ်စေတဲ့ ဒိဌိ ကို ပယ်သတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Credit : တတိယမြောက်သမီးတော် ဆိုဒ်မှ တစ်ဆင့်မျှဝေသည်။