ထိုရွာသူ အတော်ဆိုးလေသလား

အသိပညာ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေးသော တောရွာနယ်ပယ်များတွင် ဗေဒင်ဆရာများနှင့် ဗေဒင်ဟောသည့် ဘုန်းကြီးများသည် ရွာသူနှောင့်ယှက် သည်၊ ရွာစာချရမည်ဟူသော အလေ့ကို ဟောပြောလျက်ရှိနေကြပါ၏။ ထိုအစဉ်အလာမျိုးအား မသိနားမလည်၍ မေးသူက မေးနေကြသလို ပညာနုံ့နည်း သည့် ဆရာလုပ်သူများကလည်း ဟောပြောနေကြပါ၏။ ယုံကြည်စွာဖြင့် လက်ခံကျင့်သုံးသူများလည်း လက်ခံကျင့်သုံးလျက်ပင် ရှိနေကြပါသည်။

မေးမြန်းဆွေးနွေးသူ၏ ကံဇာတာ၌ ဗုဒ္ဓဟူးဂြိုဟ်သည် အညံ့ကြုံခြင်း၊ မကောင်းသော အနိဋ္ဌဌာနများတွင် ရပ်တည်နေခြင်းမျိုးရှိပါက ဗုဒ္ဓဟူးနံ တစ်ခုတည်းကိုသာ ကောက်၍ ရွာသူနှောင့်ယှက်ထားသည်။ ရွာစာချရမည်ဟူသော ဟောပြောချက် ထွက်လာခဲ့ခြင်းပင်ဖြစ်၏။ လှေနံဓားထစ် မှတ်ယူ သော ပုံသေဟောကိန်းမျိုးဖြစ်သည်။

ရွာသူနှောင့်ယှက်၍ စုန်းအစာကျွေး(ရွာစာချ) ရမည်ဆိုလျှင် အမဲသား၊ ကြက်သား၊ ဘဲသား၊ ဝက်သား စသည့် အသားဟင်းများ ချက်ပြုတ်၍ ငှက်ပျောဖက်ခင်းထားသော ဇကော(ဆန်ကော)ထဲ သို့ ထမင်းဖြင့် ရောတင်ပြီး ညနေစောင်း နေဝင်ရီတရောအချိန်တွင် ဗေဒင်ဆရာ သတ်မှတ်ပေးသော အရပ်၌ ချပြီး စုန်းအစာကျွေးရလေ၏။ ထိုသို့ စုန်း အစာကျွေး ရွာစာချနေရင်းဖြင့်လည်း တောင်းပန် စကားဆိုရသေး၏။ ရွာစာချနေခိုက် အသားဟင်းများ နှင့် ထမင်းကို ခွေးတစ်ကောင်ကောင်က လာရောက် စားသောက်လေမှ အောင်မြင်သည်ဟု မှတ်ယူကြသည်။ အကြောင်းမှာ ရွာသူသည် အောက်လမ်း ပညာရပ်သဘောဆောင်၍ ခွေးတွင်ဝင်ပူးကပ်ပြီး စားသောက်သည်ဟုလည်း အစွဲရှိကြလေ၏။

ဤသို့ပြုလုပ်သည်ကို ယတြာဟု သတ်မှတ်လျှင် သာသနာ့ဝန်ထမ်း၊ ဘုန်းကြီးရဟန်း အချို့တောင် ဗေဒင်ဟောရင်း ထိုကဲ့သို့သော ယတြာမျိုးကို ပေးလေ့ရှိပါသည်။ ရွာဦးရွာထိပ်တွင် ကိုးကွယ်ထားသော ကျောင်းထိုင်ဘုန်းကြီး ဆရာတော်ကြီး ကိုယ်တိုင်က ဟောလိုက်သည်ဖြစ်၍လည်း ဗေဒင်မေးသည့် ဒကာ၊ ဒကာမများသည် မျက်လုံးစုံမှိတ်လျက် လက်ခံယုံကြည်နေကြပါ၏။

ထို့ကြောင့်လည်း လယ်တီဆရာတော် ဘုရားကြီး၏ ဆုံးမစာကဗျာလေးတွင် နဖူးစွန်းနှင့် ဒူးပွန်းခံကာ ကိုးကွယ်ပါသည်။ ဆရာလွဲက ငရဲအပါယ် ဝဋ်မြဲနွယ်သည် ဟူ၍ စပ်ဆိုထားပါသည်။

လွဲမှားသော အယူကို လက်ခံထားသော ဆရာအား ကိုးကွယ်ဆည်းကပ်မိသူသည် ဆရာနည်းတူ ငရဲ၊ အပါယ်၌သာ ဝဋ်မပြတ် ခံရဖို့သာ ရှိတော့ သည်။ အဂမယုတ္တိ ဆိုသည့် ကျမ်းအကိုးအကား အထောက်အထားလည်း မခိုင်လုံ၊ သဘာဝယုတ္တိ ဆိုသည့် အကြောင်းအကျိုးမခိုင်လုံသော လှေနံဓါး ထစ်ပမာ ဟောပြောနေသောသူများသည် ဆရာကောင်းထံ နည်းနာခံယူခြင်းမရှိခဲ့သောကြောင့် ဖြစ် သည်။ စာပေဗဟုသုတ ဖတ်ရှုလေ့လာမှု အားနည်းပြီး သီလ၊ သမာဓိ၊ ပညာဆိုသည့် သိက္ခာသုံးရပ်ဖြင့် ကင်းကွာနေသောကြောင့်သာ ဖြစ်သည်။

ဗေဒင်မေးသူ၏ ကံဇာတာခွင်၌ ဗုဒ္ဓဟူးဂြိုဟ် အညံ့ကြုံသည်နှင့် ရွာသူနှောင့်ယှက်သည် ရွာစာချပေးရသည်ဆိုခြင်းမှာ မိစ္ဆာဝါဒသမားများ၏ မိစ္ဆာ ဒိဌိအယူများသာ ဖြစ်သည်။

ဗေဒင်ကျမ်းဂန်များနှင့် ဆရာအစဉ်အဆက် မျှဝေပေးခဲ့၊ လက်ဆင့်ကမ်းခဲ့သော ပညာရပ်များတွင် ဗုဒ္ဓဟူးဂြိုဟ်ကို ပရိယာယ်အားဖြင့် ဤသို့ ဖွင့် ဆိုထားပါသည်။ ကံဇာတာ၌ ဗုဒ္ဓဟူးဂြိုဟ် အညံ့ ကြုံလျှင် မကောင်းသော အနိဋ္ဌဌာနများ၌ ရပ်တည်နေလျှင် –

လူပင်ပန်းဆင်းရဲရခြင်း၊ အကျပ်အတည်းဒုက္ခများ ရင်ဆိုင်ကြုံတွေ့ရခြင်း၊ လူ့ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း အဖွဲ့အစည်းများနှင့် အဆင်မပြေ မသင့်မြတ်နိုင်ခြင်း၊ ရေဘေး၊ ယာဉ်ဘေး၊ လူလိမ် ခံဘေးများကြုံတွေ့ရခြင်း၊ ရွှေ-လှေ-လှည်း၊ လူ၊ ခြေလေးချောင်းထွက်ခြင်း၊ ပျက်ခြင်း။

ဝမ်း-ရင်-မှာ ဥပဒ် အန္တရာယ်ကြုံခြင်း၊ လေ ရောဂါရခြင်း၊ ဥယျာဉ်၊ လယ်ယာများအတွက် စိတ် သောကကြုံခြင်း၊ ၎င်းကိစ္စများအတွက် ပြဿနာ ဖြစ်ရခြင်း၊ ခန္ဓာကိုယ်တွင် ဥပဒ်ဘေး ရုတ်တရက် သင့်တတ်ခြင်းစသည့် ဟောပြောချက်မျိုးကို အဖြေထုတ်ယူရရှိနိုင်ပါသည်။

ရွာစာချရခြင်း၊ ရွာသူ နှောင့်အယှက်ပြုခြင်း ဆိုသည့် ဟောပြောချက်မျိုးမရှိပေ။ ရှိတန်ကောင် သော အရာလည်း မဟုတ်ပေ။ ဗုဒ္ဓဝါဒနှင့်ဆန့်ကျင် သော စိတ်ကူးယဉ်ဆန်သည့် ဝတ္ထု၊ ဇာတ်လမ်းများတွင် ပါရှိသော မှော်ဝင်ဇာတ်လမ်းများကို အမှန်ဟု မှတ်ထင်ယုံကြည်နေကြ၍သာ ဖြစ်သည်။ ဤသည်ကို ထေရဝါဒဖြစ်သည့် ဆရာတော်ကြီးများကိုယ်တိုင် လက်ခံကျင့်သုံးပြီး ဟောပြောနေသည်မှာ အံ့ဩဖွယ်ရာတည်း။

ကံဇာတာခွင်၌ ဗုဒ္ဓဟူးဂြိုဟ် အညံ့ကြုံစေ သော အသက်အပိုင်းအခြားကို ဤသို့ တွက်ယူ သိရှိနိုင်ပါသည်။

  1. တနင်္ဂနွေသားသမီးများ၏ အသက်ကို တည်၍ ၈ ဖြင့်စားပါက ဝ-၂ ကြွင်း နေလျှင်။
  2. တနင်္လာသားသမီးများ၏ အသက်ကို တည်၍ ၈ ဖြင့်စားပါက ၁-၇ ကြွင်း နေလျှင်။
  3. အင်္ဂါသားသမီးများ၏ အသက်ကို တည်၍ ၈ဖြင့်စားပါက ဝ-၆ ကြွင်း နေလျှင်။
  4. ဗုဒ္ဓဟူးသားသမီးများ၏ အသက်ကိုတည် ၍ ၈ ဖြင့်စားပါက ၅-၇ ကြွင်း နေလျှင်။
  5. ကြာသပတေးသားသမီးများ၏ အသက် ကိုတည်၍ ၈ ဖြင့်စားပါက ၃-၅ ကြွင်း နေလျှင်။
  6. သောကြာသားသမီးများ၏ အသက် ကိုတည်၍ ၈ ဖြင့်စားပါက ၁-၃ ကြွင်း နေလျှင်။
  7. စနေသားသမီးများ၏ အသက်ကိုတည် ၍ ၈ ဖြင့်စားပါက ၄-၆ ကြွင်း နေလျှင် ဗုဒ္ဓဟူးဂြိုဟ် အညံ့ကြုံသောအချိန်ကာလများဟုမှတ်ယူနိုင်ပါသည်။

ထိုသို့သော အချိန်ကာလမျိုးတွင် လူမှုရေးကိစ္စများတွင် ပြဿနာ မဖြစ်အောင်နေထိုင်သင့်ပြီး သည်းခံစိတ်မွေးရမည်ဖြစ်သည်။ ငါးသက်စေ့လွှတ် ခြင်း၊ စေတီပုထိုး၊ ဘုရား ကျောင်းကန်များ၌ သန့် ရှင်းရေးလုပ်ခြင်းစသည့် ကုသိုလ်နှင့်ယှဉ်သော ယတြာမျိုးကို လုပ်ဆောင်ရပါမည်။

သို့မှသာ ကံကုသိုလ်များမြင့်မားလာပြီး အဆိုးအညံ့ဘေးများမှ ကင်းဝေးလွတ်မြောက်စေမှာ ဖြစ်သည်။ မြန်မာ့ရိုးရာ ဗေဒင်ပညာရပ်တွင် ဗုဒ္ဓဟူး ဂြိုဟ်သည် ရေဓာတ်ဖြစ်သောကြောင့် ရေသတ္တဝါ ဖြစ်သော ငါးလွတ်ခြင်း ယတြာကို ဆောင်ရွက်ရ ခြင်းဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်သာ ယဉ်ကျေးမှု၊ ဘာသာ ရေးနှင့် ပတ်သက်သော ဂြိုဟ်ဖြစ်၍ စေတီ ပုထိုးများကို ရေသပ္ပာယ်ခြင်း၊ ဘုရားကျောင်းကန် ဇရပ် များကို သန့်ရှင်းရေးလုပ်ခြင်း၊ လမ်းခရီးများ ပြုပြင်ခြင်း စသည့် ကောင်းမှုကုသိုလ်များ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

အသိပညာဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးသော တောရွာနယ်ပယ်များ၌ သီလ၊ သမာဓိ၊ ပညာနုံ့နည်းသော ဗေဒင်ဆရာများ၊ ဗေဒင်ဟောသော ဘုန်း ကြီးများ၏ ရွာသူနှောင့်ယှက်ခြင်း၊ ရွာစာချရခြင်း တည်းဟူသော ဟောချက်မျိုးသည် ဘယ်အချိန် ဘယ်ကာလများအထိ ရှင်သန်နေလိမ့်ဦးမည်နည်း။

သိဒ္ဓိစံ(မင်္ဂလာကုန်း)