ဒုက္ခကင်းဝေး ချမ်းသာရေး

ကျွန်တော်ကိုယ်တိုင် ဒုက္ခပင်လယ်ဝေခဲ့စဉ်က ဒုက္ခလောကဓံမှ လွတ်မြောက်ကြောင်းဖြစ်သည့် ယတြာလုပ်ဆောင်နည်းများကို နားလည်ခဲ့ခြင်းမရှိခဲ့ပေ။

ဆင်းရဲချမ်းသာသဘာဝတွေ တွေ့ကြုံနေကျ လူတိုင်းပေ၊ ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တစ်လဲစီ လှည့်အမြဲနေ။ လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ၊ သောကကိုထိန်း၊ ရမ္မက်သိမ်း အေးငြိမ်းချမ်းသာနေ အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ (၃၈ ဖြာ မင်္ဂလာကဗျာ)

“ဆရာက စာပေသမားမို့ နှလုံးသား ခံနိုင် ရည်ရှိပြီးသားလေ။ ကြုံလာတဲ့ လောကဓံကို ဆည်းပူးထားတဲ့ စာပေတွေ၊ ရင့်ကျက်တဲ့ အတွေးအခေါ် တွေနဲ့ ရင်ဆိုင်နိုင်စွမ်းရှိမှာပါ။ ကျွန်တော်က သာမန်လူလေ။ ဘယ်လို နှလုံးသားမျိုးနဲ့ ခံနိုင်စွမ်းရှိမှာလဲ။ အထိအခိုက် အပွန်းအပဲ့မခံနိုင်လို့ ကြေကွဲခံစားမှုတွေ က ရင်နဲ့မဆန့်အောင်ပါပဲ ဆရာရယ်”

ကျွန်တော့်ရှေ့တွင် ငိုညည်းရင်ဖွင့်နေရှာသော မောင်စိုးနောင်အား စိတ်ပြေရာပြေကြောင်း အားပေးစကားတွေ ပြောနေရပါ၏။ ဖြစ်ပျက်ပြောင်းလဲနေသော သင်္ခါရလောကကြီးတွင် ကောင်းဆိုးနှစ်တန် ယှဉ်တွဲနေသော လောကဓမ္မ လောကဓံအကြောင်းကိုပါ ရှင်းပြရပါ၏။ ကျွန်တော်ကိုယ်တိုင် ဒုက္ခပင်လယ်ထဲ ကူးခတ်ကျော်ဖြတ်ခဲ့ရပုံများကိုပါ ပြောပြလိုက်သည်။

ငါးသိန်းတန် လက်စွပ်တစ်ကွင်းနှင့် မင်္ဂလာဆောင်ကုန်ကျစရိတ်ငွေ သိန်းနှစ်ဆယ်ကို တင်တောင်းမှသာ လက်ထပ်နိုင်မည်ဟု ချစ်သူက အရေးဆိုလာ၏။ ထိုသို့တင်ပြီး တောင်းယူမှသာလျှင် မိဘဖြစ်သူများကပါ သဘောတူကြည်ဖြူလိမ့်မည်ဟုပါ ပြောလာ၍ ကျွန်တော့်မှာ အခက်ကြုံနေရပါ၏။

“အခုချက်ချင်းကြီးတော့ ကိုယ်မပေးနိုင်သေးဘူး အချစ်ရယ်။ ကိုယ့်ကို တစ်နှစ်လောက်တော့ စောင့်ပေးပါနော်” ကျွန်တော့်ဘဝ အခြေအနေမျိုးဖြင့် မတတ်စွမ်းနိုင်သော ငွေကြေးပမာဏဖြစ်သည်။ တောင်းဆိုနေသော ချစ်သူ၏ လိုအင်ဆန္ဒအား ဖြည့်ဆည်းမပေးနိုင်ဘဲ ရှိ၍လည်း တောင်းပန်နေရပါ၏။

စိုက်ပျိုးထားသော ခြံထွက်သီးနှံများမှာ ခူးဆွတ်ရောင်းချချိန် မတန်သေး၍လည်း အသုံးစရိတ်တောင် ပြတ်နေပါ၏။ နားမလည်ဘဲ အကောင်အထည် ဖော်မိလိုက်သော လုပ်ငန်းစီးပွားများ အရှုံးပေါ်၍ အကြွေးပတ်လည်ဝိုင်းနေသော အချိန်လည်း ဖြစ်သည်။ ထမင်းနပ်မှန်အောင် စားနိုင်ဖို့ကိုပင် မနည်းရုန်းကန်နေရပြီး ချဉ်ပေါင်ရွက်ဟင်းချိုနှင့် ကန်စွန်းရွက်ရေလုံပြုတ်သာ နေ့စဉ်ဟင်းလျာ ဖြစ်နေရပါ၏။ တစ်ခါတစ်ရံ နေထိုင်မကောင်း၍ ဆေးတစ်ခွက်စာဖိုးမျှ ပိုက်ဆံမရှိအောင် ငွေကြေးပြတ်လတ်နေသော အချိန်လည်းဖြစ်၏။ ထိုအခြေအနေနှင့် အချိန်အခါမျိုးသည် ချစ်သူတောင်းဆိုသော ငွေကြေးပမာဏအား ဆောင်ကြဉ်းပေးနိုင်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ခဲ့ပေ။

“ဒီလောက်ငွေလေးကိုမှ မရှာနိုင်ဘူးဆိုရင် ရှင်လူညံ့ပဲ။ ရှင့်အပေါ် အထင်ကြီးမိခဲ့တာ ကျွန်မမှားတာပဲ။ အရည်အချင်းမရှိတဲ့ ရှင့်လိုလူနဲ့မှ ပတ်သက်မိတာ ကျွန်မရဲ့ မဟာအမှားပဲ” ငွေကြေးဆိုသည့် အလိုဆန္ဒအတွက် ချစ်သူအား မဖြည့်ဆည်းပေးနိုင်သည်မို့ ချစ်သူ၏ အသိစိတ်ထဲတွင် ကျွန်တော်သည် လူဖျင်းလူညံ့တစ်ယောက် ဖြစ်နေရပါ၏။ တကယ်ချစ်ပါသည် ဆိုပေမယ့် ငွေကြေးနှင့် ပတ်သက်လာသောအခါ ချစ်လျက်နှင့်လည်း အမုန်းခံခဲ့ရပါ၏။ ကျွန်တော် စောင့်ဆိုင်းစေသော တစ်နှစ်အချိန်ကို စောင့်စည်းမပေးနိုင်သောကြောင့် ချစ်သူက လမ်းခွဲလိုက်သည်။ သူမ တောင်းဆိုသော ငွေငါးသိန်းတန် လက်စွပ်တစ်ကွင်းနှင့် မင်္ဂလာဆောင် ကုန်ကျစရိတ် ငွေသိန်း ၂၀ ကို အကုန်အကျခံနိုင်သူ တစ်ဦးနှင့် လက်တွဲလိုက်၏။

“ရှင့်ကို လုံးဝ အထင်မကြီးနိုင်တော့ဘူး။ ရှင်ပြောတဲ့တစ်နှစ်အချိန်ကိုလည်း စောင့်မနေတော့ ဘူး။ ရှင့်အတွက် ကျွန်မရဲ့ မင်္ဂလာဆောင်ဖိတ်စာ ပို့လိုက်မယ်” ချစ်သူ၏ မင်္ဂလာပွဲအား ကျွန်တော် မသွားဖြစ်ခဲ့ပါ။ ထိုနေ့တွင် ကျွန်တော့်ထံသို့ ရောက်လာကြသော အကြွေးရှင်များကို လက်ခံတွေ့ဆုံပြီး တောင်းပန်စကားဆိုနေရသော အချိန်လည်း ဖြစ်သည်။ တရားစွဲဆိုတော့မည့် အကြွေးရှင်များကို တောင်းပန်ပြီး ခံဝင်ကတိ လက်မှတ်တွေ ထိုးပေးနေရသော အချိန်လည်းဖြစ်သည်။ မင်္ဂလာယူနေသော ချစ်သူအတွက် မင်္ဂလာလက်ဆောင်ပင် မပို့ပေးနိုင်ခဲ့ပေ။ လုပ်ငန်းအရှုံးပေါ်ပြီး တင်ထားသော အကြွေးအတွက် လိမ်လည်မှု ပုဒ်မတပ်ပြီး တရားစွဲခံရပြန်သည်။ အာမခံရသော်လည်း ကျွန်တော် မပျော်နိုင်ခဲ့ပေ။ ဈေးကအပြန် ဆိုင်ကယ်တိုက်မိပြီး ဆေးရုံတက်လိုက်ရပြန်ပါ၏။

ဤမျှအထိ ဆိုးဝါးနေသော အချိန်ကာလမျိုးတွင် သေဆေးတစ်ခွက်ကိုသာ သောက်ချင်နေခဲ့မိပါသည်။ လူမသေသော်လည်း နာမည်၊ ဂုဏ်သိက္ခာ၊ မျှော်လင့်ချက်များ သေဆုံးသွားခဲ့သည်မို့ အသက်ဆက်ပြီး ရှင်လိုစိတ်လည်းမရှိတော့ပေ။ ကြုံလာသည့် လောကဓံဆိုးကို ပြေပျောက်စေဖို့အရက်ကိုသာ အဖော်ပြုနေလိုက်သည်။
ဆေးရုံပေါ်၌ ရှိနေစဉ်အတွင်း သူနာပြုမလေး နော်ကြည်မွှေးနှင့် သိကျွမ်းခဲ့ရာမှ နော်ကြည်မွှေး၏ ကျေးဇူးကြောင့် ၃၈ ဖြာ မင်္ဂလာ တရားတော်များကို ထိတွေ့ခွင်ရရှိခဲ့ပါသည်။ နော်ကြည်မွှေးသည် ဆရာကြီးဦးသုခ၏ မင်္ဂလသုတ် မြန်မာပြန်စာအုပ်လေးအား ကျွန်တော့်ကို ဖတ်ရှုစေခဲ့ရာမှ ကျွန်တော်သည် ဘာသာရေး အသိအမြင်များစွာ ရရှိခဲ့ပါ၏။

“ကဲ ဘယ်လိုလဲ မောင်စိုးနောင်၊ မောင်ရင် အခုဖြစ်နေတဲ့ ဒုက္ခတွေက ကိုယ့်ထက်သာနိုင်ပါ့မလား။ တဒင်္ဂလောက် ခံစားရတဲ့ ဝေဒနာကို တစ်သက်လုံး ရင်ဝယ်ပိုက်ပြီး ငိုညည်းပြနေတော့မှာ လားကွာ” – “ကျွန်တော်နားလည်သွားပါပြီ ဆရာ။ ချစ်သူနဲ့ ဝေးရလို့ ကျွန်တော် ခံစားရတဲ့ ဒုက္ခတွေက ဆရာကြုံခဲ့ရတဲ့ ဒုက္ခတွေလောက်မပြင်းထန်ပါဘူး။ ဗေဒင်ကိန်းနဲ့ဆိုရင် ဒုက္ခလောကဓံတွေ ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို တွက်စစ်လို့ သိနိုင်လားဆရာ” – “သိပ်သိနိုင်တာပေါ့ကွာ။ ဗေဒင်ပညာမှာ ဗုဒ္ဓဟူးဂြိုဟ်ဆိုတာ ဒုက္ခလောကဓံပဲ။ ပင်ပန်း ဆင်းရဲတဲ့ ဂြိုဟ်ပေါ့ကွာ၊ ဗုဒ္ဓဟူးဂြိုဟ်မှာ ဂြိုဟ်စား၊ သက္ခတ်၊ သက်ရောက်နေချိန်များမှာဆိုရင်တော့ ခုနစ်ရက် သားသမီးတိုင်း ဆင်းရဲဒုက္ခခံရကြတာချည်းပဲ။ နည်းတာနဲ့များတာပဲ ကွာလိမ့်မယ်။ ကိုယ်စိတ်ပင်ပန်းမယ်၊ ဆောင်ရွက်သမျှတိုင်း အတိုက်အခံ အခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရမယ်။ စိတ်ရော ကိုယ်ပါ ထိခိုက်နစ်နာမှုတွေ ကြုံပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေမှာ အကျပ်အတည်း အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ရတဲ့ ကာလတွေပေါ့ကွာ”

ဗုဒ္ဓဟူးဂြိုဟ်၌ သက်ရောက်ချိန်တွင် ကြုံတွေ့ စေတတ်သော ကံကြမ္မာများကို မောင်စိုးနောင်အား ပြောပြလိုက်ပါ၏။ “ဒုက္ခလောကဓံဖြစ်တဲ့ ဗုဒ္ဓဟူးဂြိုဟ်က ကြောက်စရာကောင်းတာပဲနော်” – “ဒါပေါ့ကွာ၊ သတိလက်လွတ်ဖြစ်သွားရင် ဘဝပါဆုံးရတဲ့အထိ ဖြစ်စေတတ်လို့ ရှေးဆရာကြီးတွေက ဗုဒ္ဓဟူးဂြိုဟ်မှာ သက်ရောက်ကြုံရင် သမ္မာအတိ မဂ္ဂင်အတိုင်း သတိကောင်းစွာထားပြီး ပြုမူ နေထိုင်ရမယ်လို့ အာစရိယဝါဒပေးခဲ့ကြတယ်”ဟူ၍ လောကဓံကို မဂ္ဂင်ဖြင့် ရှောင်ဖယ်နည်းအား ပြောလိုက်သည်။

“အခြားယတြာတွေရော ရှိသေးလားဆရာ” – “ရှိတာပေါ့၊ ဗုဒ္ဓဟူးဂြိုဟ်သက်ရောက်ရင် သုံးတန်ပေါ်နိစ်တိုင်မှာ ၅-၆-၇ တိုင်ပေါ့။ ဒုက္ခလောကဓံ ဗုဒ္ဓဟူးဂြိုဟ်၌ သက်ရောက်ချိန်တွင် ယတြာပြုမူရန်အတွက် သုံးတန်ပေါ်နိစ်တိုင်ကို စာရွက်တွင် ရေးပြလိုက်သည်။

မောင်စိုးနောင်သည် ကျွန်တော်ရေးဆွဲပြသော သုံးတန်ပေါ်နိစ်တိုင်ကို ကြည့်၍ “တိုင်ထိပ်တန်းစီးမှာရှိတဲ့ စနေနဲ့ ကြာသပတေးကိုကုသိုလ်ပြုရန်ဆိုတော့ ဘယ်လိုကုသိုလ်တွေပြုရမှာလဲဆရာ” – “စနေနေ့ ကြာသပတေးနေ့မျိုးတွေမှာ နှင်းဆီပန်းတို့၊ မေမြို့ပန်းတို့ ဘုရားလှူရတာပေါ့။ စနေနေ့၊ ကြာသပတေးနေ့မျိုးတွေမှာ မေတ္တာပို့တာတို့၊ ပဋ္ဌာန်းပူဇော်တာတို့ လုပ်ဆောင်ရတာပေါ့ကွာ” –

“ကုသိုလ်ပြုတာတော့ ဟုတ်ပါပြီ ဆရာ။ အညံ့စွန့်ပစ်ရန်ဆိုတာကရော ပြနဲ့နိစ်ကြီးမှာက သောကြာနဲ့ တနင်္လာကို ဘယ်လို စွန့်ပစ်ရမှာလဲ” မောင်စိုးနောင်သည် အညံ့စွန့်ရန် ယတြာအား မေးပြန်လေ၏။

“သောကြာနဲ့ တနင်္လာကိုစွန့်ရမှာဆိုတော့ သောကြာနေ့ တနင်္လာနေ့မျိုးတွေမှာ ငါးသက်စေ့ လွှတ်တာတို့ ကျောင်းသူ ကျောင်းသားလေးတွေကို ဒါနပြုပေးတာတို့ လုပ်ဆောင်ပေးရမှာပေါ့ကွာ” – “ကုသိုလ်ပြုရန် အညံ့စွန့်ရန်ယတြာတွေပြုတာတို့ကိုတော့ သိရပါပြီ။ အဲဒီယတြာမျိုးတွေကို ဘယ်လိုနေ့သားသမီးတွေ ဆောင်ရွက်သင့်လဲ” – “တနင်္ဂနွေသားသမီးတွေရဲ့ အသက်ကိုတည်ပြီး ၈ နဲ့စားလို့ ၄ ကြွင်းနေရင်၊ တနင်္လာသားသမီးတွေရဲ့အသက်ကို တည်ပြီး ၈ နဲ့စားလို့ ၃ ကြွင်းနေရင်၊ အင်္ဂါသားသမီးတွေရဲ့ အသက်ကိုတည်ပြီး ၈ နဲ့စားလို့ ၂ ကြွင်းနေရင်၊ ဗုဒ္ဓဟူးသားသမီးတွေရဲ့ အသက်ကိုတည်ပြီး ၈ နဲ့စားလို့ ၁ ကြွင်းနေရင်၊ ကြာသပတေးသားသမီးတွေရဲ့ အသက်ကိုတည်ပြီး ၈ နဲ့ စားလို့ ၇ ကြွင်းနေရင်၊ သောကြာသားသမီးတွေရဲ့ အသက်ကိုတည်ပြီး ၈ နဲ့စားလို့ ၅ ကြွင်းနေရင်၊ စနေသားသမီးတွေရဲ့ အသက်ကိုတည်ပြီး ၈ နဲ့စားလို့ ဝ ကြွင်းနေရင်၊ ဒုက္ခလောကဓံဖြစ်တဲ့ ဗုဒ္ဓဟူးဂြိုဟ်မှာ သက်ရောက်နေတယ်လို့ သတ်မှတ်ပြီး ဒုက္ခ လောကဓံပြေစေတဲ့ အဲဒီယတြာမျိုးတွေကို ပြုလုပ်ဆောင်ရွက်သင့်တာပေါ့ကွာ…”ဟု ရှင်းပြလိုက်သည်။

“ကျေးဇူးပါပဲဆရာ..၊ ကျွန်တော့်ကံကြမ္မာလည်း ဒုက္ခလောကဓံ ဗုဒ္ဓဟူးဂြိုဟ်မှာ သက်ရောက်နေတာပဲဆရာ…၊ ဆရာပြောတဲ့ ယတြာတွေကို ပြန်ပြီးလုပ်တော့မယ်…”ဟူ၍ ပြော၍ ပြန်ထွက်သွားလေ၏။

ကျွန်တော်ကိုယ်တိုင် ဒုက္ခပင်လယ်ဝေခဲ့စဉ်က ဒုက္ခလောကဓံမှ လွတ်မြောက်ကြောင်းဖြစ်သည့် ယတြာလုပ်ဆောင်နည်းများကို နားလည်ခဲ့ခြင်းမရှိခဲ့ပေ။ ထိုယတြာမျိုးကိုသာ နားလည်သိရှိခဲ့မည်ဆိုပါက ဒုက္ခလောကဓံကို အံတုနိုင်ခဲ့မည်သာ ဖြစ်ပါသတည်း။

သိဒ္ဓိစံ(မင်္ဂလာကုန်း)