နတ်နဲ့နဂါး မလှည့်စားနဲ့

နဂါးကို လှည့်စားတာလေး တစ်ခုလောက် ပြောပါမယ်။ နဂါးဆိုတာကတော့ နဂါးသိုက်ပေါ့။ လူတွေက သိုက်နဲ့ပတ်သက်ရင် ပေါ့ဆကြပါတယ်။

ကျွန်ုပ်ငယ်စဉ်က တော်တော် နားမလည်ခဲ့တဲ့ စကားပုံတစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ “ဒူးလောက်တင်မှ ရင်လောက်ကျတယ်” ဆိုတဲ့စကားပါပဲ။ ရှေးမြန်မာကြီးများဟာ တချို့အကြောင်းအရာတွေ အထူးသဖြင့် လွယ်ကူတဲ့ အကြောင်းအရာတွေကို နောက်လူတွေ လွယ်လွယ်လေးနဲ့ သိစေချင်ပုံမရပါဘူး။ သေသေချာချာ စဉ်းစားပြီးမှ သိစေချင်ပုံရပါတယ်။

ဘာကြောင့်လဲဆိုတော့ “ဒူးလောက်တင်မှ ရင်လောက်ကျတယ်”ဆိုတဲ့ စာကိုပဲ ကြည့်လေ။ မသိခင်ကတော့ တော်တော် စဉ်းစားရခက်နေတဲ့ စကားစုတစ်ခုပါ။ သိသွားတော့လည်း တော်တော်လွယ်သွားပါတယ်။ ရင်လောက်ရောက်နိုင်ဖို့ ဒူးလောက်တင်ရမယ်ဆိုတော့ကာ ရင်ကအပေါ်မှာ၊ ဒူးကအောက်မှာ ဘယ်လိုကြီးလဲလို့ တွေးလေ ရှုပ်လေ ဖြစ်ခဲ့ရဖူးပါတယ်။

နောက်တော့မှ မုဆိုတစ်ပိုင်း မိတ်ဆွေတစ်ယောက်နဲ့တွေ့ပြီး ဒီစကားဟာ မုဆိုးတွေရဲ့စကား ဖြစ်ကြောင်း သိလိုက်ရပါတယ်။ မုဆိုးအသုံးပါ။ ဆိုလိုတဲ့သဘောက ဒူးလေး၊ လင့်လေးတို့နဲ့ သားကောင်ကိုပစ်တဲ့အခါ မုဆိုးဒူးထောက်ထိုင်ရပါတယ်။ ပုံစံကတော့ ဒူးတစ်ဖက်ကို ထောင်ပြီးထိုင်တာပါ။ အဲဒီဒူးပေါ်မှာ ဒူးလေးကိုင်လက်ကို သေသေချာချာ တင်နိုင်မှ သားကောင်ရဲ့ ရင်ဘတ်လောက်ကို ထိနိုင်မယ်လို့ ဆိုလိုချင်တာပါ။ ဒါကြောင့် ဒူးလောက်တင်မှ ရင်လောက်ကျတယ်လို့ ပြောကြတာပါ။ ခု ရေးလိုတာကတော့ “နတ်နဲ့နဂါး မလှည့်စားနဲ့”ဆိုတဲ့ စကားကိုပါ။

နတ်ဆိုတာကတော့ လူတိုင်းသိပြီးသား အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း၊ ဝင်း ၃၇ မင်းကို ဆိုလိုတာပါ။ ဒိအပြင် တွေ့ရှိချက်တွေအရ နတ်ဆိုတဲ့အထဲမှာ ဘီလူး၊ ယက္ဓတွေပါ ပါဝင်နေတာတွေ့ခဲ့ရပါတယ်။ ခက်နေတာက နဂါးဆိုတာပါပဲ။ နဂါးဆိုတာ ဇာတ်ထဲက ပုံစံတွေလို အချွန်တွေအတက်တွေနဲ့လား… မြွေကိုပဲ နဂါးလို့ပြောနေတာလာ… ဒီစာသား မှာက “နတ်နဲ့ နဂါး”လို့ ဆိုထားတော့ ဘယ်နဂါးကို ပြောတာလဲ။

အဖြေကရှင်းပါတယ်။ သိုက်ကိုဆိုလိုတာပါ။ နဂါးသိုက်ကို ဆိုလိုတာဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်ပယောဂ ကုသမှုသက်တမ်းမှာ နတ်နဲ့ပတ်သက်လို့၊ သိုက်နဲ့ပတ်သက်လို့ လှည့်စားသူတွေ ခံခဲ့ရတာ အများကြီးရှိနေပါတယ်။

တစ်နေ့ အမျိုးသမီးတစ်ယောက်က “သူများတွေကျိုက္ကစံဘုရားက ယက္ဓညီနောင်ဆီမှာ အဓိဌာန်ပြုတိုင်း အောင်မြင်တယ်လို့ ပြောကြတယ်၊ ကျွန်မ အဓိဌာန်တာ မအောင်မြင်ဘူးဆရာ” လို့ ပြောလာပါတယ်။
“ခင်ဗျား ယက္ဓညီနောင်နဲ့ပတ်သက်ပြီး တစ်ခုခု မှားခဲ့လို့များလား”
“မမှားပါဘူး ဆရာ …မမှားခဲ့ဖူးပါဘူး”
“မဟုတ်သေးဘူးနော် …ခင်ဗျားဘက်က မမှားခဲ့တာမှန်ရင် ဆရာ ယက္ဓညီနောင်ကို ခေါ်မေးလိုက်မယ်”
မိန်းကလေး အနည်းငယ်ရွံ့သွားသလိုဖြစ်ပြီးမှ “မေးပါ ဆရာ”လို့ပြောတာကြောင့် ကျွန်ုပ်လည်း ကျိုက္ကစံဘုရားက ယက္ဓညီနောင်ကို ခေါ် မေးလိုက်ပါတယ်။ ရောက်လာသူက ညီတော်ပါ။
“ညီတော်ဆိုရင်လည်းမေး စရာလေးရှိလို့ပါ …ခု ဒီမှာရှိနေတဲ့ ကြာသပတေးသမီးက သူ ယက္ဓ ညီနောင်ဆီမှာ အဓိဌာန်ပြုတာ မအောင်မြင်ဘူးလို့ ပြောတယ် … အဲဒါနဲ့ပတ်သက်ပြီး ဘာကြောင့်လဲ သိချင်လို့ ခေါ်မေးလိုက်ရတာပါ”
“သူ့မှာ အပြစ်ရှိလို့ပါ … သူ ကျုပ်တို့ကို လှည့်စားခဲ့တယ် …လွန်ခဲ့တဲ့ နှစ်နှစ် လောက်က အောင်မြင်ရင်ပွဲပေးပါ့မယ်လို့ ကတိပေးပြီး အဓိဌာန် တစ်ခုလုပ်ပါတယ် …အဲဒီကိစ္စမှာ သူကျုပ်တို့ကို လှည့်စားသွားတယ်။ အောင်မြင်ခဲ့ပေမယ့် ကျုပ်တို့ကို ပွဲလာမပေးဘူး ကတိပျက်တယ်၊ လှည့်စားတယ်။ ဒါကြောင့် အဲဒီနောက်ပိုင်း သူ အဓိဌာန်တိုင်း ကျုပ်တို့ မလုပ်ပေးတော့တာပဲ”
“ကဲ ညီတော်ပြောတာကြားတယ်နော် … ခင်ဗျားမှာ အမှားရှိတယ် ပြန်စဉ်းစားလိုက်”
ထိုအချိန်ရောက်မှ အမျိုးသမီးက သေသေချာချာ ပြန်စဉ်းစားလိုက်ပြီး သူမလွန်ခဲ့တဲ့ နှစ်နှစ်လောက်က အဓိဌာန်အောင်ခဲ့ဖူးကြောင်း၊ အောင်ခဲ့ပေမယ့် ပွဲလှူမယ်ဆိုတာ မလှူခဲ့ဘဲ နောက်တစ်ကြိမ်ရောက်မှ ပေါင်းလှူလိုက်ဖို့ စိတ်ကူးထားကြောင်း၊ အဲဒီအချိန်ကစပြီး အဓိဌာန်ပြုတိုင်း မအောင်မြင်တော့တာကြောင့် နောက်တစ်ကြိမ်မှ ပေါင်းလှူမယ်ဆိုတာလည်း မလှူဖြစ်တော့တာဖြစ်ကြောင်း ပြန်ရှင်းပြပါတယ်။ ဒါက နတ်ကိုလှည့်စားလိုက်လို့ သူ့ကို ဒဏ်ခတ်လိုက်တာပါ။

နဂါးကို လှည့်စားတာလေး တစ်ခုလောက် ပြောပါမယ်။ နဂါးဆိုတာကတော့ နဂါးသိုက်ပေါ့။ လူတွေက သိုက်နဲ့ပတ်သက်ရင် ပေါ့ဆကြပါတယ်။ တချို့ကတော့ သိုက်နဲ့ပတ်သက်ရင် အရမ်းကြောက်ပြီး သိုက်ဆက်ကို ဖြတ်ပစ်လိုက်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်လုပ်ရမှာက မိမိ သိုက်ဆက်လို့ သိလိုက်တယ်ဆိုရင် သိုက်ကိုမဖြတ်ပစ်ဘဲ ပူးပေါင်းလိုက်တာကောင်းပါတယ်။ နောက်သူတို့နဲ့ ပတ်သက်ပြီး ပေးမိတဲ့ ကတိတွေကို တည်ကြဖို့လည်း လိုပါတယ်။

ကတိမတည်ဘဲ လှည့်စားတာမျိုးဖြစ်သွားရင် နဂါးသိုက်တွေက ခွင့်မလွှတ်တတ်ကြပါဘူး။ ဥပမာတစ်ခုပြောရရင် မိန်းကလေးတစ်ယောက် သူ့ကိုယ်သူ ဘာမှန်းမသိ၊ သိုက်ဆက်မှန်း မသိခဲ့ဘဲ အိမ်ထောင်ပြုဖို့ ကြိုးစားခဲ့တယ်။ အမျိုးသားနဲ့လည်း အဆင်ပြေပြီး နှစ်ဖက်မိဘတွေတောင် သိနေကြလို့ လက်ထပ်ဖို့အထိ ဆုံးဖြတ်ထားကြပြီး ကာမှ အမျိုးသားက ခရီးတစ်ခုထွက်သွားလိုက်တာ ပြန်ချိန်ရောက်တာတောင်မှ ပြန်ရောက်မလာတော့ ရပ်ကွက်ထဲ သတင်းတွေ အမျိုးမျိုးထွက်ပြီး မိန်းကလေးဘက်က အရှက်ရစေပါတယ်။ ဒါကြောင့် ကျွန်ုပ်ဆီ ရောက်လာတဲ့အခါ စစ်ဆေးကြည့်လိုက်တော့ သိုက်ဆက်ဆိုတာ သိလိုက်ရပါတယ်။ နဂါးသိုက်က ဆိုတာ သေချာသွားပြီးမို့ သိုက်နန်းရှင်ကို ခေါ်မေးလိုက်တဲ့အခါ သိုက်နန်းရှင်က – “သူအိမ်ထောင်ပြုဖို့လုပ်ပေမယ့် ကျွန်ုပ်တို့ကို အသိမပေးပါဘူး …သူတို့ ဆရာတစ်ယောက်နဲ့ ကျွန်ုပ်တို့ကို အဆက်ဖြတ်လိုက်ပါတယ် …အမှန်ဆို အဆက်မဖြတ်သင့်ပါဘူး။ ပြီးတော့ အဆက်ဖြတ်စဉ်က သူတို့ပေးခဲ့တဲ့ ကတိကို သူတို့မတည်ခဲ့ပါဘူး။ ဒါကြောင့် သူတို့ကိုခွဲထားတာပါ” လို့ အပစ်ပြောသွားပါတယ်။

“ကဲ ညီးတို့အပြစ်ရှိလို့ သူတို့က အပြစ်ပေးတဲ့ သဘော …သူတို့ကိုလှည့်စားခဲ့လို့ ဒဏ်ခတ်လိုက်တာ။ အဆင်ပြေချင်ရင်တော့ သူတို့နဲ့ညှိလိုက်ရင် အဆင်ပြေသွားမှာပါ”
“ဘယ်လိုလုပ်ရမလဲ ဆရာ”
ကျွန်ုပ်လည်း မိန်းကလေးနဲ့ ပတ်သက်တဲ့ သိုက်နန်းရှင်ကို ခေါ်တွေ့လိုက်ပါတယ်။ သိုက်နန်းရှင်ကတော့ သူတို့ကို ပွဲသုံးပွဲပေးဖို့ တောင်းဆိုပါတယ်။ မိန်းကလေးက ပထမပွဲပေးလိုက်ချိန်မှာ သူ့ကောင်လေးရဲ့ သတင်းကြားရပါတယ်။ နောက်ဒုတိယပွဲပေးပြီးတော့ အမျိုးသား ပြန်ရောက်လာပြီး မိဘတွေနဲ့အတူ မိန်းကလေးကို လာရောက် တောင်းရမ်းပါတယ်။ တတိယပွဲကိုတော့ သူတို့ မင်္ဂလာပွဲပြီးတော့မှ လာလှူပါတယ်။ ဒါကြောင့် နတ်နဲ့နဂါးကို မလှည့်စားဘဲ အဆင်ပြေအောင် နေကြမယ်ဆိုရင် ကိုယ့်မိသားစု ဘဝလည်း အဆင်ပြေလာနိုင်ပါတယ်။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇