နေ့စဉ်နှင့်အမျှ ကံကောင်းကြပါစေ

ဒီလိုပါ ဆရာ နေ့စဉ်နဲ့အမျှ လှုပ်ရှားသွား လာနေရသူတွေအတွက် ခရီးသွားလာတဲ့အခါမှာ ကံကောင်းစေဖို့အတွက် ဘယ်လိုအဆောင်မျိုးတွေ ကို ဆောင်သွားရမလဲဆိုတာ သိချင်လို့ပါ။

ဝါတွင်းကာလ၏ ဥပုသ်နေ့တစ်နေ့တွင် ဖြစ်၏။ ကျောင်းထိုင်ဆရာတော်ကြီးထံ၌ ဥပုသ်သီလခံယူစောင့်တည်ကြပြီးနောက် ဥပုသ်သည် ယောဂီများသည် ကိုယ့်အစုနှင့်ကိုယ် ဝိုင်းဖွဲ့၍ ရေနွေးကြမ်းသောက်ရင်း စကားဝိုင်းဖွဲ့နေကြလေ၏။ ထိုအထဲတွင် ကျွန်တော်လည်း အပါအဝင် ဖြစ်လေ၏။ ကျွန်တော် ထိုင်နေသည့် စကားဝိုင်းသို့ ဂေါပကလူကြီးဖြစ်သော ဦးသန်းဝင်းဆိုသူ ရောက်ရှိလာပြီး – “ကိုယ်ကတော့ ဝိပဿနာသမားဆိုတော့ ကွာ ဗေဒင်လက္ခဏာကို မယုံဘူး။ ဗေဒင်ဆရာကို ရှေ့ထားပြီး ပြောရတာတော့ အားနာပါတယ်။ ဗေဒင်၊ ယတြာတွေထက် ဒါန၊ သီလ၊ ဘာဝနာတရားတွေ ကိုပဲ အားကိုးအားထားရမယ် မဟုတ်ဘူးလား”

ဥပုသ်သီလစောင့်တည်ထားသည် မှန်သော် လည်း ဂေါပကလူကြီး ဦးသန်းဝင်းသည် ကျွန်တော့် အား ချိုးနှိမ်သလိုမျိုးဖြင့် ပြောဆိုနေပါတော့၏။ အတူ ထိုင်နေသူများ၏ ထောက်ခံချက်ကိုပါ တောင်းဆို သေးပြန်၏။ ဘေးလူများသည် ခေါင်းညိတ်ခေါင်းခါ ခြင်းတောင် မပြုကြဘဲ ကျွန်တော့်ကိုသာ အားတုံ့ အားနာဖြင့် ကြည့်နေကြပါ၏။ ကျွန်တော်ကသာ ထောက်ခံစကား ဆိုလိုက်ရပါသည်။

“ဟုတ်တာပေါ့ ဦးသန်းဝင်းရယ်…၊ ဒါန၊ သီလ၊ ဘာဝနာဆိုတာ ထေရဝါဒဗုဒ္ဓဘာသာရဲ့ အသက်ပဲလေ။ ဒါန သီလ နှစ်ဖြာသောကောင်းကျိုး ကျင့်သုံးလိုက်နာမယ်ဆိုရင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာတွေကို ရရှိမယ်၊ အမြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကို မျက်မှောက်ပြုနိုင်တဲ့အထိ အငြိမ်းဓာတ်တွေရရှိစေမယ်ပေါ့ဗျာ။” ကျွန်တော်ကတောင် ထောက်ခံစကားဆိုလိုက်၍ ဦးသန်းဝင်းခင်ဗျာ ခေါင်းနှင့် ကျောင်းခေါင်မိုး ထိလုမတတ်အောင် ဝင့်ကြွားသွားလေ၏။ မာနသံ လွှမ်းလျက် – “ဒါဆိုလည်း မောင်ရင့်အနေနဲ့ ဘုရားရှင် အသိအမှတ်မပြုတဲ့ ဗေဒင်အလုပ်ကို စွန့်လွှတ်ပြီး ဒါန၊ သီလ၊ ဘာဝနာတရားတွေကိုပဲ ကြိုးစားပြီး လုပ်ဆောင်ပါလား။ တရားစခန်းတွေကို လိုက်ခဲ့လေ။ နားမလည်တာတွေရှိရင် တရားရှုမှတ်နည်းတွေကို သင်ပြပေးမယ်”ဟူ၍ ဆရာကြီး လေသံဖြင့် ပြောလေတော့၏။ ထိုလူအများကြားတွင် ကျွန်တော် တစ်ဦးတည်းကိုသာ ချိုးနှိမ်၍ ပြောလာသော ဦးသန်းဝင်း၏ မာန်စွယ်အား ချိုးနှိမ်ပေးရန် ဆုံးဖြတ်မိသည်နှင့် – “ဟုတ်ကဲ့ပါ တရားဘာဝနာတွေနဲ့ ပတ်သက်ပြီး ဦးလေးကို ဆရာတင်ပါမယ်။ ဒါပေမဲ့ ဦးလေး ကိုယ်တိုင်က ဒါန၊ သီလ ဘာဝနာတွေကို လုပ်ဆောင်ရမယ်ဆိုတဲ့ ဗုဒ္ဓရဲ့ ရည်ရွယ်ချက် လမ်းညွှန်မှု အမှန်ကို သိလို့လား။ ဘုရားရှင်က ဘာကြောင့် ဒါန သီလ၊ ဘာဝနာတရားတွေ ဆောင်ရွက်ရမယ်လို့ ဟောခဲ့တာလဲ” “ကုသိုလ်ရဖို့အတွက်လေ” “လူတိုင်းသိတဲ့ အသိမျိုးလေးနဲ့ လာဖြေနေသေးတယ်။ ဒီမှာ မှတ်ထားဗျ။ ဒါန ကောင်းမှုပြုတယ်ဆိုတာ လောဘဦးဆောင်တဲ့ ကိလေသာတွေ ကုန်ခန်းစေဖို့အတွက်ပဲ…၊ သီလကောင်းမှုဆိုတာ ဒေါသဦးဆောင်တဲ့ ကိလေသာတွေ ကုန်ခန်းစေဖို့ အတွက်ပဲ…၊ ဘာဝနာ ကောင်းမှုပြုတယ်ဆိုတာ မောဟ ဦးဆောင်တဲ့ ကိလေသာတွေ ကုန်ခန်းစေဖို့ အတွက်ပဲ”ဟု ရှင်းပြလိုက်သည်။

“ဗေဒင်ဆရာက တယ်ဟုတ်ပါလား။ ဗေဒင် ဆရာက ဝိပဿနာအကြောင်း မသိလောက်ပါဘူးလို့ တို့တစ်တွေက ထင်ထားတာ၊ အခုမှပဲ ဗေဒင် ဆရာက တကယ့်ကို တရားသမား စစ်စစ်ပဲဟေ့” “ဟုတ်ပါ့ကွာ ဒါန၊ သီလ၊ ဘာဝနာနဲ့ ပတ်သက်ပြီး ကိလေသာတွေ ကုန်စေနိုင်ကြောင်း အထိကို လေ့လာ ဆည်းပူးထားတာပဲ” “ဆရာက မတတ်ဘဲ ဆရာလုပ်နေတာ မှ မဟုတ်တာ” အတူထိုင်နေသူများသည် ဦးသန်းဝင်းအား ပျက်ရယ်ပြုသလိုမျိုးဖြင့်လည်း ကျွန်တော့်ကို ကောင်းချီးပေးကြလေ၏။ ဦးသန်းဝင်းခမျာ တုံ့ပြန် စကားမဆိုဝံ့ဘဲ ငြိမ်ကုတ်သွားလေ၏။ ငှဲ့ထားသော ရေနွေးပူပူကိုပင် အအေးမခံ၊ မမှုတ်တော့ဘဲ မော့သောက်ချလေတော့၏။

“ကိလေသာတရားတွေ ကုန်ကြောင်းဖြစ်တဲ့ ဝိပဿနာသမားကြီးဖြစ်တယ်ဆိုတော့ ဦးသန်းဝင်းကို မေးဦးမယ်ဗျာ။ တရားစခန်းပွဲတွေလည်း ဝင်ထားဖူးတယ်ဆိုတော့ ကိလေသာဆိုတာ ဘာကိုခေါ်တာလဲ။ ကိလေသာဆိုတာကို သိမှပယ်နိုင်မှာလေ။ မသိရင် မပယ်နိုင်ဘူး။ ကျွန်တော်နဲ့ ဒီက ဥပုသ်သည်တွေ နားလည်အောင် ရှင်းပြပေးပါဦး၊ တစ်လုံးတစ်ပါဒပဲ ဖြစ်ဖြစ် နာကြားပါရစေဗျာ” ဦးသန်းဝင်းခမျာ နှုတ်ဆွံ့နေ၏။ ကျွန်တော့်ကိုသာ စိမ်းစိမ်းကားကား ကြည့်နေပါတော့သည်။ “ကိုသန်းဝင်းက အခြေခံမပိုင်တော့ ရှင်းမပြတတ်ဘူး ဖြစ်ပါလိမ့်မယ် ဗေဒင်ဆရာကပဲ ရှင်း ပြလိုက်ပါ” ဘေးတွင်ထိုင်၍ တစ်ချိန်လုံး ငြိမ်သက်နေသော ကပ္ပိယကြီ ဦးထွန်းစံက ဝင်ပြောလေ၍ –

“ကိလေသာဆိုတာ ပါဠိပျက်စကား…၊ ကိလေသဆိုတဲ့ ပါဠိကလာတာ၊ အဓိပ္ပာယ်ကတော့ ကိလေသစိတ်ရဲ့ ညစ်ညူးကြောင်းတရား၊ စိတ်ရဲ့ ပူလောင်ကြောင်းတရားတဲ့။ ကိလေသ ၁၀ ပါးရှိတယ်။ အဲဒီ ၁၀ ပါးက –

  • ၁။ လောဘ- သက်ရှိကိုဖြစ်စေ၊ သက်မဲ့ကို ဖြစ်စေ၊ တပ်မက်စွဲလန်းခြင်း
  • ၂။ ဒေါသ- စိတ်ဆိုးခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ အာဃာတထားခြင်း
  • ၃။ မောဟ- အမှန်ကိုမသိခြင်း
  • ၄။ မာန- ငါသိ၊ ငါရှိ၊ ငါတတ်ဟု ထောင် လွှားခြင်း
  • ၅။ ဒိဋ္ဌိ- ငါရှိတယ်၊ သူရှိတယ်၊ ယောကျာ်း မိန်းမရှိတယ်။ ပုဂ္ဂိုလ်သတ္တဝါရှိတယ်ဟု အထင်မှားခြင်း
  • ၆။ ဝိစိကိစ္ဆာ- ငါဟူသည် အရင်က ဖြစ်ခဲ့သလား၊ အခုဖြစ်ဆဲလား၊ နောင်လည်း ဖြစ်ဦးမှာလားဆိုပြီး မဆုံးဖြတ်နိုင်ခြင်း
  • ၇။ ထိန- စိတ်၏လေးလံထိုင်းမှိုင်းခြင်း၊ ဝိပဿနာရှုပွားနာကြားလျင် တစ်ခဏဖြင့် ငိုက်မြည်းလာခြင်း
  • ၈။ ဥဒ္ဓစ္စ- တရား၌အာရုံမရောက်ဘဲ စိတ်ပျံ့လွင့်နေခြင်း
  • ၉။ အဟိရိက- အကုသိုလ်လုပ်ရမှာ မရှက်ခြင်း
  • ၁၀။ အနေဝတ္တပ္ပ- အကုသိုလ်တရားမှ မကြောက်ခြင်း”တဲ့ဟူ၍ ရှင်းပြလိုက်သည်။

ကိုသန်းဝင်းသည် ထိုင်ရာမှ ထသွားတော့မည်အပြုတွင် ကပ္ပိယကြီး ဦးထွန်းစံက – “ဟေ့ ကိုသန်းဝင်း… နောက်တစ်ခါ ဗေဒင်ဆရာနဲ့တွေ့ရင် စကားကို အရမ်းကာရော မပြောနဲ့နော်။ လောကမှာ ကိုယ်တစ်ယောက်တည်းတတ်တာ မဟုတ်ဘူး။ ကိုယ့်ထက်တော်တဲ့ တတ်တဲ့သူတွေ အများကြီးပဲရှိသေးတယ်ဆိုတာ မှတ်ထားဦး”ဟူ၍ သတိပေးလေတော့၏။

စကားဝိုင်းတွင် ဦးသန်းဝင်း မရှိတော့သည့် အခါမှ ကိုမြဖေဆိုသူသည် ကျွန်တော့်အနီးသို့ တိုးကပ်လာပြီးနောက် – “စောစောက ကိုသန်းဝင်းရှုပ်နေလို့ ပြောချင်တဲ့စကားတောင် မပြောရဘူး။ ကံကောင်းစေတဲ့ အဆောင်ယတြာအကြောင်း ဆရာ့ကို မေးချင်လို့ပါ” “ဟုတ်ကဲ့ မေးပါ ဦးမြဖေ ကျွန်တော်သိသလောက် ပြောပြပါ့မယ်” “ဒီလိုပါ ဆရာ နေ့စဉ်နဲ့အမျှ လှုပ်ရှားသွား လာနေရသူတွေအတွက် ခရီးသွားလာတဲ့အခါမှာ ကံကောင်းစေဖို့အတွက် ဘယ်လိုအဆောင်မျိုးတွေ ကို ဆောင်သွားရမလဲဆိုတာ သိချင်လို့ပါ”ဟု ပြောလေ၏။ “ဒါက လွယ်ပါတယ်…၊ ခရီးသွားမယ့်နေ့ သင်္ချာဂဏန်းရယ် ခရီးသွားမယ့်သူရဲ့ မွေးနံရယ် ပေါင်းပြီး ၇ နဲ့စား၊ မဟာဘုတ်တိုင်ထူ၊ အထွန်းဌာနမှာရှိတဲ့ နံရဲ့ အရောင်ပါတဲ့ အသုံးအဆောင်ပစ္စည်း၊ အဝတ်အစားတစ်ခုခုကို ဝတ်ဆင်အသုံးပြုသွားရင် အထွန်းကို ဆောင်ဆိုတဲ့ အတိုင်း ကံကောင်းအောင် မြင်စေမှာပေါ့ဗျာ။

ခရီးသွားမည့်နေ့ – သောကြာ – ၆
ခရီးသွားမည့်သူ – တနင်္လာသား – ၂
၈ ÷ ၇=၁

သောကြာနေ့တွင် ခရီးသွားမည့် တနင်္လာသားအတွက် ၁ ကြွင်း မဟာဘုတ်ဖြစ်သောကြောင့် ဆောင်သွားရမည့် အထွန်းနံ စနေဖြစ်သည်။ စနေနံဖြစ်သောကြောင့် အနီရောင်၊ အနက်ရောင်ပါသော အသုံးအဆောင်တစ်ခုခုကို ဆောင်သွားခြင်း၊ အနီရောင် အနက်ရောင်ပါသော အဝတ်အစားကို ဝတ်ဆင်သွားခြင်းဖြင့် ကံကောင်းအောင်မြင်မှုတွေ ရရှိစေနိုင်၏။ အထက်ပါအတိုင်း ဥပမာပေး၍ ရှင်းပြသော်လည်း ဦးမြဖေသည် နားလည်ဟန် မရှိဘဲ – “ကျွန်တော်က သင်္ချာညံ့တယ်ဆိုတော့ မတွက်တတ်ဘူးဆရာ။ ဆရာပဲ ရေးပေးလိုက်ပါ” ဦးမြဖေသည် မှတ်စုစာအုပ်လေးကို ထုတ်ပေးလေ၏။

ထို့ကြောင့် ကျွန်တော်သည် ခုနစ်နေ့တာ အတွက် ခရီးသွားကြမည့် ခုနစ်ရက်သားသမီးများ ဆောင်ထားကြရန်ယတြာကိုရေးပေးရလေတော့၏။

၁။ တနင်္ဂနွေနေ့တွင် ခရီးသွားလာကြမည့်

  • တနင်္ဂနွေသားသမီးများသည် အနီရောင်၊ အုန်းခွံ ရောင်
  • တနင်္လာသားသမီးများသည် အဖြူရောင်၊ ငွေရောင်
  • အင်္ဂါသားသမီးများသည် အစိမ်းရောင်
  • ဗုဒ္ဓဟူးသားသမီးများသည် အဝါရောင်၊ ရွှေ ရောင်
  • ကြာသပတေးသားသမီးများသည် အပြာ ရောင်
  • သောကြာသားသမီးများသည် အဖြူမှိုင်း ရောင်
  • စနေသားသမီးများသည် အနက်ရောင်၊ အညိုရောင်

စသည့်အရောင်ပါသော အသုံးအဆောင်၊ အဝတ်အစားများကို ဝတ်ဆင်အသုံးပြု ဆောင်ထား ခြင်းဖြင့် ကံကောင်းအောင်မြင်မှုများ ရရှိစေပါသည်။

၂။ တနင်္လာနေ့တွင် ခရီးသွားလာကြမည့်

  • တနင်္ဂနွေသားသမီးများသည် အဖြူရောင်၊ ငွေရောင်
  • တနင်္လာသားသမီးများသည် အစိမ်းရောင်
  • အင်္ဂါသားသမီးများသည် အဝါရောင်၊ ရွှေ ရောင်
  • ဗုဒ္ဓဟူးသားသမီးများသည် အပြာရောင်
  • ကြာသပတေးသားသမီးများသည် အဖြူ မှိုင်းရောင်
  • သောကြာသားသမီးများသည် အနက် ရောင်၊ အညိုရောင်
  • စနေသားသမီးများသည် အနီရောင်၊ အုန်းခွံရောင်

စသည့်အရောင်ပါသော အသုံးအဆောင်၊ အဝတ်အစားများကို ဝတ်ဆင်အသုံးပြု ဆောင်ထား ခြင်းဖြင့် ကံကောင်းအောင်မြင်မှုများ ရရှိစေပါသည်။

၃။ အင်္ဂါနေ့တွင် ခရီးသွားလာကြမည့်

  • တနင်္ဂနွေသားသမီးများသည် အစိမ်းရောင်
  • တနင်္လာသားသမီးများသည် အဝါရောင်၊ ရေရောင်
  • အင်္ဂါသားသမီးများသည် အပြာရောင်
  • ဗုဒ္ဓဟူးသားသမီးများသည် အဖြူမှိုင်းရောင်
  • ကြာသပတေးသားသမီးများသည် အနက် ရောင်၊ အညိုရောင်
  • သောကြာသားသမီးများသည် အနီရောင်၊ အုန်းခွံရောင်
  • စနေသားသမီးများသည် အဖြူရောင်၊ ငွေရောင်

စသည့်အရောင်ပါသော အသုံးအဆောင်၊ အဝတ်အစားများကို ဝတ်ဆင်အသုံးပြု ဆောင်ထားခြင်းဖြင့် ကံကောင်းအောင်မြင်မှုများ ရရှိစေပါသည်။

၄။ ဗုဒ္ဓဟူးနေ့တွင် ခရီးသွားလာကြမည့်

  • တနင်္ဂနွေသားသမီးများသည် အဝါရောင်၊ ရွှေရောင်
  • တနင်္လာသားသမီးများသည် အပြာရောင်
  • အင်္ဂါသားသမီးများသည် အဖြူမှိုင်းရောင်
  • ဗုဒ္ဓဟူးသားသမီးများသည် အနက်ရောင်၊ အညိုရောင်
  • ကြာသပတေးသားသမီးများသည် အနီ ရောင်၊ အုန်းခွံရောင်
  • သောကြာသားသမီးများသည် အဖြူရောင်၊ ငွေရောင်
  • စနေသားသမီးများသည် အစိမ်းရောင်

စသည့်အရောင်ပါသော အသုံးအဆောင်၊ အဝတ်အစားများကို ဝတ်ဆင်အသုံးပြု ဆောင်ထား ခြင်းဖြင့် ကံကောင်းအောင်မြင်မှုများ ရရှိစေပါသည်။

၅။ ကြာသပတေးနေ့တွင် ခရီးသွားလာကြမည့်

  • တနင်္ဂနွေသားသမီးများသည် အပြာရောင်
  • တနင်္လာသားသမီးများသည် အဖြူမှိုင်းရောင်
  • အင်္ဂါသားသမီးများသည် အနက်ရောင်၊ အညိုရောင်
  • ဗုဒ္ဓဟူးသားသမီးများသည် အနီရောင်၊ အုန်းခွံရောင်
  • ကြာသပတေးသားသမီးများသည် အဖြူ ရောင်၊ ငွေရောင်
  • သောကြာသားသမီးများသည် အစိမ်းရောင်
  • စနေသားသမီးများသည် အဝါရောင်၊ ရွှေရောင်

စသည့်အရောင်ပါသော အသုံးအဆောင်၊ အဝတ်အစားများကို ဝတ်ဆင်အသုံးပြု ဆောင်ထား ခြင်းဖြင့် ကံကောင်းအောင်မြင်မှုများ ရရှိစေပါသည်။

၆။ သောကြာနေ့တွင် ခရီးသွားလာကြမည့်

  • တနင်္ဂနွေသားသမီးများသည် အဖြူမှိုင်းရောင်
  • တနင်္လာသားသမီးများသည် အနက်ရောင်၊ အညိုရောင်
  • အင်္ဂါသားသမီးများသည် အနီရောင်၊ အုန်းခွံရောင်
  • ဗုဒ္ဓဟူးသားသမီးများသည် အဖြူရောင်၊ ငွေရောင်
  • ကြာသပတေးသားသမီးများသည် အဝါ ရောင်၊ ရွှေရောင်
  • သောကြာသားသမီးများသည် အစိမ်းရောင်
  • စနေသားသမီးများသည် အပြာရောင်

စသည့်အရောင်ပါသော အသုံးအဆောင်၊ အဝတ်အစားများကို ဝတ်ဆင်အသုံးပြု ဆောင်ထားခြင်းဖြင့် ကံကောင်းအောင်မြင်မှုများ ရရှိစေပါသည်။

၇။ စနေနေ့တွင် ခရီးသွားလာကြမည့်

  • တနင်္ဂနွေသားသမီးများသည် အနက်ရောင်၊ အညိုရောင်
  • တနင်္လာသားသမီးများသည် အနီရောင်၊ အုန်းခွံရောင်
  • အင်္ဂါသားသမီးများသည် အဖြူရောင်၊ ငွေ ရောင်
  • ဗုဒ္ဓဟူးသားသမီးများသည် အဝါရောင်၊ ရွှေရောင်
  • ကြာသပတေးသားသမီးများသည် အစိမ်း ရောင်
  • သောကြာသားသမီးများသည် အပြာရောင်
  • စနေသားသမီးများသည် အဖြူမှိုင်းရောင်

စသည့်အရောင်ပါသော အသုံးအဆောင်၊ အဝတ်အစားများကို ဝတ်ဆင်အသုံးပြု ဆောင်ထားခြင်းဖြင့် ကံကောင်းအောင်မြင်မှုများ ရရှိစေပါသည်။

သိဒ္ဓိစံ(မင်္ဂလာကုန်း)