သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

ဘေးမရှိအောင် နေကြမယ်

ဘုရားအစရှိသော ကျေးဇူးရှင်များကို ပြစ်မှားသောသူများသည် ဘေး (၂၅)မျိုးကို တွေ့ကြုံရတတ်၏။

ပိဋကတ်တော် ပါဠိ၊ အဋ္ဌကထာများ၌ ဘေး (၂၅)မျိုးလာရှိ၏။ ဘေးကြီး (၂၅)ပါး ဟူ၍လည်း ခေါ် ကြ၏။ ထိုဘေးများမှာ –

(၁။ ဆွေမျိုးပျက်စီးခြင်းဘေး၊ ၂။ ရောဂါဝေဒနာနှိပ်စက်ခြင်းဘေး၊ ၃။ ဥစ္စာပျက်စီးခြင်းဘေး၊ ၄။ သီလပျက်စီးခြင်းဘေး၊ ၅။ အယူပျက်စီးခြင်းဘေး၊ ၆။ မင်းဘေး၊ ၇။ သူခိုးဘေး၊ ၈။ ရန်သူဘေး၊ ၉။ ငတ်မွတ်သောဘေး၊ ၁၀။ မီးဘေး၊ ၁၁။ ရေဘေး၊ ၁၂။ လှိုင်းတံပိုးဘေး၊ ၁၃။ ရေဝဲဘေး၊ ၁၄။ မိကျောင်းဘေး၊ ၁၅။ မကာရ်းငါးရဲဘေး၊ ၁၆။ မိမိကိုယ်ကိုနောင်တပူပန်ခြင်းဘေး၊ ၁၇။ သူတစ်ပါး စွပ်စွဲခြင်းဘေး၊ ၁၈။ နှုတ်ဒဏ်၊ လက်ဒဏ်၊ ကြေးဒဏ်သင့် သောဘေး၊ ၁၉။ မကောင်းသောအဖြစ်သို့ လားသောဘေး၊ ၂၀။ ပရိသတ်အလယ်၌ရှက်ရွံ့သောဘေး၊ ၂၁။ သူတစ်ပါးကို အမှီပြု၍ အသက်မွေးရသောဘေး၊ ၂၂။ ပဋိသန္ဓေနေရခြင်းဘေး၊ ၂၃။ အိုရခြင်းဘေး၊ ၂၄။ နာရခြင်းဘေး၊ ၂၅။ သေရခြင်းဘေး)

ထိုဘေးများကို များသောအားဖြင့် ခင်ပွန်းကြီးဆယ်ပါးဟုခေါ်သည့် ကျေးဇူးရှင်ဆယ်ပါးကို ပြစ်မှား သူတို့ ခံရတက်၏။ ခင်ပွန်းကြီး (ကျေးဇူးရှင်) ဆယ်ပါးဟူသည် –

(၁။ ဗုဒ္ဓ – ဘုရား၊ ၂။ ပစ္စေကဗုဒ္ဓါ – အသီးအခြားဖြစ်သော ဘုရားငယ်၊ ၃။ အရဟန္တ – ရဟန္တာ၊ ၄။ အဂ္ဂသာဝက – မြတ်စွာဘုရား၏ မြတ်သော တပည့်ကြီး၊ ၅။ မာတာ – အမိ၊ ၆။ ပိတာ – အဖ၊ ၇။ ဂုရု(ဝုဒ္ဓါပစာယန) – အလေးအမြတ်ပြုအပ်သောပုဂ္ဂိုလ်၊ ၈။ သတ္ထာ(အာစရိယ) – ဆုံးမသောဆရာ၊ ၉။ ဓမ္မဒေသက(ဓမ္မကထိက) – တရားဟောပြသူ၊ ၁၀။ ဒါယကာ(ဟိတကရ) – ထမင်း၊ အဖျော်၊ အိပ်ရာနေရာ၊ အဝတ်ပုဆိုး စသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဘူးသူမှန်သမျှ )

ဆောင်ပုဒ် – ဘုရား၊ ပစ္စေကာ၊ ရဟန္တာ၊ အဂ္ဂသာဝက၊ မိနှင့်ဖ၊ အလေးပြုအပ် အတတ်ကိုသင် ဟောညွှန်တရား၊ ဝတ်စားနေရာပေးသူမှာ ဆယ်ဖြာခင်ပွန်းကြီး။

ဘုရားအစရှိသော ကျေးဇူးရှင်များကို ပြစ်မှားသောသူများသည် ဘေး (၂၅)မျိုးကို တွေ့ကြုံရတတ်၏။ ပြစ်မှားခြင်းဟူသည် ဝစီစိတ်ဖြင့် အပြစ်တင်ပြီး ကိုယ်နှုတ်တို့ဖြင့် အကျိုးမဲ့ဖြစ်အောင် ဆင်းရဲဒုက္ခရောက်အောင် ပြုခြင်းပင်ဖြစ်၏။ ပြစ်မှားသူတို့သည် ဘုရား ပစ္စေကဗုဒ္ဓ ရဟန္တာ အဂ္ဂသာဝက ပုဂ္ဂိုလ်တို့အတွက်မူ ကိုယ်ဆင်းရဲအောင် ပြုနိုင်ပြီး စိတ်ဆင်းရဲအောင် မပြုနိုင်ကြချေ။ အနာဂါမ် ရဟန္တာမဟုတ်ရှာသော မိဘစသော ပုဂ္ဂိုလ်တို့ကိုမူ ကိုယ်ရောစိတ်ပါ ပင်ပန်းဆင်းရဲအောင် ပြုနိုင်ကြ၏။

ပြစ်မှားတတ်သူတို့ တွေ့ကြုံရတတ်သည့် ဘေးများတွင် ဆွေမျိုးပျက်စီးခြင်းဘေး ပါရှိလေရာ သူ့အတွက်ကြောင့် သူသာမက သူ့ဆွေမျိုးများပါ ပျက်စီးတက်သဖြင့် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဆွေမျိုးများ ပျက်စီးရခြင်းကို ဉာတိဗျသန ဟုခေါ်၏။ ဘုရားရှင်ကို ခြေမတော် သွေးစိမ်းတည်အောင်ပြုခြင်း၊ နာဠာဂီရိဆင်ကို လွှတ်၍ နင်းစေခြင်း၊ သံဃာသင်းခွဲခြင်း စသဖြင့် ပြစ်မှားခဲ့သော ရှင်ဒေဝဒတ်၊ ဘုရားရှင် ဆွမ်းခံကြွတော်မူရာ တားဆီး ပိတ်ပင်ကာ အနှောင့်အယှက်ပေးခဲ့သော ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓဘုရင်၊ ဘုရားရှင်နှင့် ကိုယ်ဝန်ရလေ ဟန်ဆောင်ကာ ပရိသတ်အလယ်၌ စွပ်စွဲကာ ဘုရားရှင်ကို အရှက်ခွဲခဲ့သော စိဉ္စမာဏဝိကာတို့ အရှင်လတ်လတ်မြေမျိုကာ အဝီစိငရဲသို့ ရောက်ခဲ့ကြရ၏။ သူမ၏ဆရာဖြစ်သော် တတ္ထိတို့၏ အစီအစဉ်ဖြင့် ဘုရားရှင်ကို အရှက်ခွဲခဲ့သော သုန္ဒရီ ပရဗိုဇ်မ ကား တိတ္ထိတို့ နှုတ်ပိတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

အတိတ်တစ်ခုသော ဘဝက မင်းဖြစ်စဉ် မြင်ရသော ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါကို ဆင်ပေါ်မှမြင်၍ လူနူဟုနှုတ်ဖြင့် ပြစ်မှားမိသဖြင့် ဗုဒ္ဓလက်ထက်တော်၌ သောတာပန် အရိယာဖြစ်ရမည့် သုပ္ပဗုဒ္ဓသည် မွေးစကပင် ကုဋ္ဌနူနာရောဂါ ရခဲ့၏။

ပထမအဂ္ဂသာဝက အရှင်သာရိပုတ္တရာ၏ ရိတ်ပြီးစဦးခေါင်းကို တင်းပုတ်ဖြင့် ထုရိုက်ခဲ့သော နန္ဒဘီလူးသည် ချက်ခြင်း မြေမျိုကာ အဝီစိငရဲသို့ ရောက်ခဲ့၏။

ဒုတိယအဂ္ဂသာဝက အရှင်မဟာမောဂ္ဂလာန်အား အခပေး၍ သတ်ခိုင်းသော တိတ္ထိများနှင့် ရိုက်သတ်ခဲ့သော ခိုးသားငါးရာတို့သည် ရာဇဝတ်ဘေးသင့်ကာ မီးလောင်တိုက် အသွင်းခံရပြီး အားလုံး သေကြရ၏။

သောရေယျသူဋ္ဌေးသားသည် ရွှေအဆင်းနှင့်တူသော လှပသည့် အဆင်းရှိသည့် အရှင်မဟာကစ္စည်း မထေရ်အား “ဤမထေရ်မူလည်း ငါ့မယား ဖြစ်ပါမူကား ကောင်းလေစွ၊ ငါ့မယား၏ ကိုယ်အဆင်းသည်မူလည်း ဤမထေရ်၏ ကိုယ်အဆင်းကဲ့သို့ ဖြစ်ပါမူကား ဪကောင်းလေစွ”ဟု တွေးကြံမိ၏။ စိတ်ဖြင့်ပြစ်မှားသော ထိုခဏ၌ သောရေယျသည် ယောကျာ်းအသွင်ကွယ်၍ မိန်းမအသွင် ထင်ရှားစွာ ဖြစ်လာလေ၏။

သီရိလင်္ကာရာဇဝင် မဟာဝံသ၌ ဒုဋ္ဌဂါမဏိမင်း၏သား သာလိကုမာရမင်းသား၏ ကြင်ရာတော် အသောက မာလာဒေဝီ မိဖုရားသည် ယခင်ဘဝက ဗောဓိပင်ကို သုတ်သင်ရှင်းလင်း ညောင်ရေသွန်းခဲ့၍ အဆင်းအလွန်လှ၏။ သို့သော် ထိုဘဝ၌ပင် သူမ ယာဂုသောက်စဉ် ထမင်းလုံးများ ပြန့်ကျဲနေ၍ မိခင်က “ဟဲ့ စဏ္ဍာလ အယုတ်မ”ဟု ဆုံးမသည်ကို “အမေသာလျှင် စဏ္ဍာလ အယုတ်မ ဖြစ်လိမ့်မည်”ဟု ပြန်ဆဲရေးခဲ့သဖြင့် သာလိကုမာရ မင်းသား၏ ကြင်ယာတော်ဖြစ်ရသည့်ဘဝ၌ အလုပ်ကြမ်းလုပ်သူ စဏ္ဍာလ အကြီးအကဲ၏သမီး ဖြစ်ခဲ့၏။ သူ၏ခင်ပွန်းလည်း စဏ္ဍာလသမီးကို ယူခဲ့၍ ထီးနန်းကို စွန့်ခဲ့ရ၏။

ဘုရားရှင်လက်ထက်က အဇာတသတ် မင်းသားသည် ရာဇဂြိုဟ်ပြည့်ရှင် ခမည်းတော်ဘုရား ကျောင်းဒါယကာ ဗိမ္မိသာရမင်းကြီးအား ခြေဖဝါး ဓားဖြင့်ခွဲကာ သေစေခဲ့သဖြင့် ဘဝတစ်လျှောက်လုံး စိတ်ရောဂါခံစားခဲ့ရပြီး သေလွန်သောအခါ လောဟကုမ္ဘီငရဲသို့ ကျရောက်ခဲ့၏။

ရှေးအခါက အမျိုးသားတစ်ယောက်သည် ဘုရားလောင်း ဒွန်းစဏ္ဍားထံမှ အခါမဲ့သရက်သီး သီးစေ၊ မှည့်စေတတ်သော မန္တရားကို သင်ယူတတ်မြောက်ထား၏။ ဘုရင့်ထံ ခံစားကာ ထိုမန္တန်အစွမ်းဖြင့်ပင် လစာရိက္ခာယူ၍ အသက်မွေးနေ၏။ ထိုမန္တန်ရွတ်လိုက်သည်နှင့် တစ်ပြိုင်နက် အချိန်အခါမဟုတ်ဘဲ သရက်ပင်မှ သရက်သီးကင်း၏။ ကင်းရာမှရင့်၏။ ရင့်ရာမှ မှည့်၏။ ဘုရင်က အလွန်သဘောကျ၍ ထိုပညာသင်ပေးသောဆရာကို မေးရာ ဒိသာ ပါမောက္ခ ဆရာကြီးထံမှ သင်ယူခဲ့သည်ဟု ပြော၏။ ထိုပြောသောအခိုက်၌ပင် သူသင်ယူထားသော မန္တန်များ မေ့ပျောက်သွားခဲ့၏။ ဤမန္တန်အတတ်သည် သိပ္ပံနည်းပညာတို့ဖြင့် လိုက်၍မမီလောက်အောင် နက်နဲလှသော်ကြာင့် ဂမ္ဘီရပညာဟု ခေါ်၏။

ဘုရင်က အခါမဲ့သရက်သီးကို လိုချင်၍ စေခိုင်းသောအခါ မစွမ်းဆောင်နိုင်တော့ချေ။ မစွမ်းဆောင်နိုင်ရခြင်းအကြောင်းကို ဘုရင်ကမေးရာ ဂုဏ်ငယ်မည်စိုး၍ ဒွန်းစဏ္ဍားထံမှ မန္တန်သင်ယူခဲ့သည်ဟု မပြောဘဲ ဒိသာပါမောက္ခ ဆရာကြီးမှ သင်ယူခဲ့သည်ဟု ပြောမိသောကြောင့် သင်ယူထားသော မန္တန်ကွယ်ပျောက်၍ မစွမ်းနိုင်တော့ပါဟု လျှောက်၏။ ဘုရင်ကား ဤသူငယ်ကား ယုတ်မာ၏။ မြတ်သော မန္တရားကို မကြည့်၊ မည်သူ့ဆီက ရသည်ဖြစ်စေ အမျိုးကား အဓိကမကျဟုဆိုကာ ဆရာကို တောင်းပန်စေပြီး မန္တရားကို ပြန်၍သင်ယူခိုင်း၏။ ဆရာက သူ့အား မန္တရားကို သင်မပေးတော့ချေ။ သူလည်း မင်းထံမပြန်ရဲသဖြင့် ဘဝပျက်တော့၏။

တရားဟောပြသူနှင့် ပိဋကတ်ဆိုင်ရာစာပေများ ပို့ချသူများကို ပြစ်မှားခဲ့၍ ဘဝပျက်ခဲ့ရသူ၊ အသက်တိုခဲ့ရသူများကား အများအပြားပင်ဖြစ်၏။ အဝတ်အစား၊ နေရာ၊ ရာထူးပေးသူများကို ပြစ်မှားသူများလည်း ဘဝတစ်လျှေက်လုံး အရောင် မတောက်မပြောင်ဘဲ သူများကို မှီခိုရခြင်း ဘေးသင့်ကာ တစ်ဘဝ နိဂုံးချုပ်ခဲ့ရလေ၏။

ဘေးအမျိုးမျိုးတို့ မတွေ့မကြုံကြစေရန် ခင်ပွန်ကြီးဆယ်ပါးကို မပြစ်မှားမိအောင် သတိပြုသင့်ကြပါသတည်း။

စိရံ တိဋ္ဌတု သဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်