မနောမယသိဒ္ဓိနှင့် ပြည့်စုံစေတဲ့ ဂြိုဟ်သက်ကျင့်စဉ်

စိတ်ပုတီးဘာကြောင့် စိပ်တာလဲ

ဝိဇ္ဇာလမ်းစဉ် လိုက်စားသူ ပုတီးစိပ်တာ ဝါသနာပါတဲ့သူတွေအနေနဲ့ ဘုရားဂုဏ်တော် ကိုးပါးကို နည်းမျိုးစုံနဲ့ ရွတ်ပွားပူဇော်ကြလေ့ရှိပါတယ်။ အမြဲမပြတ် ပူဇော်ရွတ်ပွားလေ့ရှိတဲ့သူတွေအတွက် အကြောင်းကောင်းတဲ့အတွက် အကျိုးကောင်းတွေလည်း ရရှိတတ်ကြပါတယ်။ ဒီကနေ့ ရေတွင်းတူး ဒီကနေ့ ရေကြည်ချက်ချင်းသောက်လိုကြတဲ့ သဘောမျိုးနဲ့တော့ ဘုရားဂုဏ်တော်တွေကို အသုံးချ နည်း ပညာတွေအနေနဲ့ မဆောင်ရွက်စေချင်ပါဘူး။

“ဪ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တုန်းက အနောက်မဇ္ဈိမဒေသမှာ ဗုဒ္ဓဘုရားရှင်ဟာ ပွင့်ပေါ်ခဲ့တယ်။ ဘုရားရှင် ပွင့်ပေါ်ခဲ့တဲ့အတွက် ငါတို့ဟာလည်း ဘုရားတရားတော်တွေ ခေတ်အဆက်ဆက် နာယူပူဇော်နိုင်ခဲ့ကြတယ်။ အဲသလို နာယူပူဇော်ခဲ့ကြတဲ့အတွက်လည်း ငါတို့ဟာ လူဆိုး လူမိုက်၊ လူယုတ်မာများ မဖြစ်ကြဘဲ လူကောင်းသူကောင်းတွေ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် ဘုရားရှင်ဟာ တို့ဘဝရဲ့ ပဲ့ကိုင်ဖြစ်တယ်။ အနှိုင်းမဲ့ကျေးဇူး ရှင် ဖြစ်တယ်။ အဲဒီကျေးဇူးရှင်ကြီး (ဘုရား) တစ်ဦး တည်းသာ ပိုင်ဆိုင်တော်မူတဲ့ ဂုဏ်တော်ကိုးပါးကို ရွတ်ဆိုပူဇော်ခြင်းနဲ့ ဘုရားရှင်ကို ကျေးဇူးဆပ်မယ်။”

အဲသလို နှလုံးသွင်းပြီး ဂုဏ်တော်ပုတီးစိပ်တွေ စိပ်ပြီး ပူဇော်သင့်ပါတယ်။ ပုတီးစိပ် ပူဇော်ရာမှာ လူတိုင်းလိုပဲ အကျိုးဖြစ်လိုစိတ်နဲ့ ပူဇော်တာ ဖြစ်ပေမယ့် ဖြစ်လာမယ့် အကျိုးကိုချည်းပဲ မမျှော်ကိုးပဲ ဘုရားကိုကြည်ညိုသဒ္ဓါတဲ့ စိတ်ဦးဆောင်ပြီးတော့ ပုတီးစိပ်သင့်ပါတယ်။ အဲသလို စိပ်မယ်ဆိုရင် လောဘဦးဆောင်လုပ်တာ မဟုတ်ဘဲ သဒ္ဓါဦးဆောင် လုပ်တာမျိုးဖြစ်လို့ အဓိပ္ပါယ်လည်း ပိုရှိပါတယ်။

ဂုဏ်တော်ကိုးပါးရဲ့ အနက်အဓိပ္ပာယ်

ပါဠိလိုချည်းပဲ ရွတ်ဆိုပူဇော်ရင်လည်း အကျိုးရှိနိုင်တယ်၊ ကုသိုလ်ရနိုင်တယ် ဆိုပေမယ့် ဂုဏ်တော်တစ်ပါးခြင်းရဲ့ အနက်အဓိပ္ပာယ်ကို တိတိကျကျ ရေရေရာရာ သိထားနားလည်နေရင်တော့ ပိုပြီး ပီတိ ဖြစ်မှာ၊ အကျိုးရှိမှာပါ။ ဂုဏ်တော်ကိုးပါးရဲ့ အနက်ကို အနီးစပ်ဆုံး လွယ်လွယ် ဘာသာပြန်ထားတာ ရှိပါတယ်။

(၁) သောဘဂဝါ ဣတိပိအရဟံ-သော ဘဂဝါ ထို မြတ်စွာဘုရားသည် ဣတိပိ ဣမိနာ စကာရဏေန-ရာဂမြူတိမ် ရန်သူရိန်ကို ဇီဝိန်ခြွေဖြတ် မဂ်အရဟတ်ဖြင့် အကြွင်းမဲ့ သတ်တော်မူ သော အကြောင်းကြောင့်လည်း အရဟံ-အရဟ မည်တော်မူ၏။

(၂) သောဘဂဝါ ဣတိပိသမ္မာသမ္ဗုဒ္ဓေါ- သောဘဂဝါ-ထိုမြတ်စွာဘုရားသည် ဣတိပိဣမိနာ စကာ ရဏေန- မြေမိုးအောက်ထက်ဘဝဂ်မကျန် ညေယျဓံကို သယမ္ဗူဉာဏ်ဖြင့် အမှန်သိမြင်တော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာ သမ္ဗုဒ္ဓမည်တော်မူ၏။

(၃) သောဘဂဝါ ဣတိပိဝိဇ္ဇာ စရဏသမ္ပ န္နော၊ သောဘဂဝါ-ထိုမြတ်စွာဘုရားသည် ဣတိပိ ဣမိနာစ ကာရဏေန ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး ဆယ့်ငါးစရဏ ထွန်းပဝင်းရှိန် လင်းလင်းထိန်သော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နော-ဝိဇ္ဇာ စရဏ သမ္ပန္နမည်တော်မူ၏။

(၄) သောဘဂဝါ ဣတိပိသုဂတော၊ သော ဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာ စကာရဏေန၊ ကောင်းသောစကားကိုသာ ဆိုတော်မူ တတ်သော အကြောင်းကြောင့်လည်း သုဂတော သုဂတ မည်တော်မူ၏။

(၅) သောဘဂဝါ ဣတိပိ လောကဝိဒူ၊ သောဘဝါ ထိုမြတ်စွာဘုရားသည် ဣတိပိ ဣမိနာစ ကာရဏေန သတ္တလောက၊ သင်္ခါရလောက၊ ဩ ကာသလောကတည်းဟူသော လောကသုံးပါးကို ထင်ရှားစွာ သိမြင်တော်မူသော အကြောင်းကြောင့် လည်း လောကဝိဒူ၊ လောကဝိဒူမည်တော်မူ၏။

(၆) သောဘဂဝါ ဣတိပိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ သောဘဂဝါ ထိုမြတ်စွာဘုရား သည် ဣတိပိ ဣမိနာစ ကာရဏေန-လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ကို ကောင်းစွာ ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမတော်မူနိုင်သော အကြောင်းကြောင့် လည်း အနုတ္တရောပုရိသ ဒမ္မသာရထိ-အနုတ္တရော ပုရိသ ဓမ္မသာရထိ မည်တော်မူ၏။

(၇) သောဘဂဝါ ဣတိပိ၊ သတ္ထာဒေဝ မနုဿာနံ၊ သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိဣမိနာစကာရဏေန ဇာတိအာဏာ ဝိသယာ ဟု သုံးဖြာခေတ်လုံး ရိုက်ခြုံးကြေညာစိန္တေယျာသည် နက်စွာဆုံးမရှိ၊ ဇာတိဇရာဗျာဓိမရဏ ကန္တာရလမ်း ခရီးကြမ်းမှ နွေနန်းစန္ဒီ၊ ဂုဏ်ဆီနက်ေြွကနိဗ္ဗူတေ သို့ ဆောင်ပေကယ်တတ် လူနတ်တို့ ဆရာ ဖြစ် တော်မူတတ်သော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝ မနုဿာနံ-သတ္ထာဒေဝ မနုဿာနံ မည်တော် မူ၏။

(၈) သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ-သောဘဂဝါ ထိုမြတ်စွာဘုရားသည် ဣတိပိ ဣမိနာစ ကာရဏေ န သုံးဆင့်ဝိဇ္ဇာ အနာဝရဏဈာနသိဒ္ဓိ၊ မဟိဒ္ဓိနှင့် ဣဒ္ဓိကြီးမား တရားအထွတ် သစ္စာလေးပါး မြတ် တရားကို ပိုင်းခြားထင်ထင် သိမြင်သောမူနိုင်သော အကြောင်ကြောင့်လည်း ဗုဒ္ဓေါ-ဗုဒ္ဓမည်တော်မူ၏။

(၉) သောဘဂဝါ ဣတိပိ ဘဂဝါ-သော ဘဂဝါ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာ စကာရဏေန၊ ဣဿရိယ၊ ဓမ္မ၊ ယဿ၊ သီရိ ကာမပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ -ဘဂဝါမည်တော်မူ၏။

အထက်ပါ ဂုဏ်တော်ကိုးပါးအနက် အဓိပ္ပာယ်ကို အလွတ်ကျက်ထားနိုင်ပါက ကောင်းပါတယ်။ ဘုရားရှိခိုးတိုင်းရွတ်ဆို ပူဇော်ပေးနိုင်ရင် အကျိုး ကြီးပါတယ်။ တကယ်လို့ အကျိုးကြီးမားအောင် ဂုဏ်တော်ကိုးပါးနဲ့ ဂြိုဟ်တိုင်တွေမှာ အစီအစဉ်တကျ လှည့်လည်ပူဇော်ချင်ရင်လည်း နည်းကောင်း ရှိပါတယ်။

တနင်္ဂနွေနေ့က စနေနေ့အထိ ခုနစ်ရက်ပတ်လုံး နေ့စဉ်တစ်နေ့ ဂုဏ်တော်တစ်ပါးကျ ပူဇော်ရင် အကျိုးထူးပါတယ်။ ဂြိုဟ်သက်အလိုက် ပူဇော်ရမှာပါ။ အိမ်မှာလည်း ရပါတယ်။

  • (၁) တနင်္ဂနွေနေ့-ဂြိုဟ်သက် ၆ နှစ်ဖြစ် လို့ (အရဟံ) ဂုဏ်တော် ၆ ပတ်။
  • (၂) တနင်္လာနေ့-ဂြိုဟ်သက် ၁၅ နှစ်ဖြစ် လို့ (သမ္မာသမ္ဗုဒ္ဓေါ) ဂုဏ်တော် ၁၅ ပတ်။
  • (၃) အင်္ဂါနေ့-ဂြိုဟ်သက် ၈ နှစ်ဖြစ်လို့ (ဝိဇ္ဇာစရဏသမ္ပန္နော) ဂုဏ်တော် ၈ ပတ်။
  • (၄) ဗုဒ္ဓဟူးနေ့-ဂြိုဟ်သက် ၁၇ နှစ်ဖြစ်လို့ (သုဂတော) ဂုဏ်တော် ၁၇ ပတ်။
  • (၅) ဗုဒ္ဓဟူးနေ့ ညနေပိုင်း ရာဟု-ဂြိုဟ်သက် ၁၂ နှစ်ဖြစ် လို့ (လောကဝိဒူ) ဂုဏ်တော် ၁၂ ပတ်။
  • (၆) ကြာသပတေးနေ့-ဂြိုဟ်သက် ၁၉ နှစ် ဖြစ်လို့ (အနုတ္တရော ပုရိသ ဒမ္မသာရထိ) ဂုဏ်တော် ၁၉ ပတ်။
  • (၇) သောကြာနေ့-ဂြိုဟ်သက် ၂၁ နှစ်ဖြစ် လို့ (သတ္ထာဒေဝမနုဿာနံ) ဂုဏ်တော် ၂၁ ပတ်။
  • (၈) စနေနေ့-ဂြိုဟ်သက် ၁၀ နှစ်ဖြစ် လို့ (ဗုဒ္ဓေါ) ဂုဏ်တော် ၁၀ ပတ်။
  • (၉) စနေ ညနေပိုင်း-ကိတ်ဂြိုဟ်သက် ၁၁ နှစ်ဖြစ်လို့ (ဘဂဝါ) ဂုဏ်တော် ၁၁ ပတ်။

တန်ခိုးကြီး ဘုရားစေတီများရဲ့ ဂြိုဟ်တိုင်တွေမှာ သွားပြီး စိပ်နိုင်သလိုပဲ အိမ်မှာလည်း နေ့အလိုက် ပတ်ရေအလိုက် စိပ်ချင်ရင်လည်း ရပါတယ်။

ပုတီးမစိပ်ခင် ငါးပါးသီလခံ၊ မေတ္တသုတ်တော် ရွတ် ဆိုပူဇော်ပြီး စိပ်ရင် ပိုကောင်းပါတယ်။ ခြေလေး ချောင်းသတ္တဝါများ မစားဘဲ အဓိဋ္ဌာန်ဝင်နိုင်ရင် ပိုကောင်းပါတယ်။

ဂြိုဟ်သက်ပုတီးစိပ်ရန် ဆုတောင်းပုံ

ဘုရားတပည့်တော်သည် ဤနေ့ဤရက် (တနင်္ဂနွေ)နေ့မှစ၍ စနေနေ့တိုင်အောင် ခုနစ်ရက်တိတိ ဘုရားဂုဏ်တော် ကိုးပါးကို နေ့စဉ်ဂြိုဟ်သက် အလိုက်ပွားများ အားထုတ်ပါမည်ဟု လေးနက်စွာ အဓိဋ္ဌာန်ပြုပါသည်။ ဤသို့ပွားများအားထုတ်ရသော ကုသိုလ်စေတနာအကျိုးတို့ကြောင့် လိုအပ်သော ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံရပါလို၏ အရှင် ဘုရား(သို့မဟုတ်) လိုရာဆုကိုတောင်းပါ။

ဤနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည့်အ တွက် တနင်္ဂနွေနေ့ဖွား ဘုရားရဟန္တာ ကိုယ်တော် မြတ်အပေါင်းတို့အား ရည်မှန်း၍ အရဟံဂုဏ်တော် ကို တနင်္ဂနွေဂြိုဟ်သက်အလိုက် ၆ ပတ်ပုတီးစိပ်၍ ပူဇော်ပါမည်ဘုရား။ ဤသို့ ပူဇော်ရသောကုသိုလ်နှင့် စေတနာအကျိုးအားကြောင့် –

  • (၁) တနင်္ဂနွေဂြိုဟ်မင်းကြီးသည် ကျွန်ုပ်အား ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ပါစေသတည်း။
  • (၂) တနင်္ဂနွေနေ့ဖွား သူတော်စင်သူတော် မြတ်အပေါင်းတို့က စောင့်ရှောက်ပါစေသတည်း။
  • (၃) တနင်္ဂနွေနေ့ဖွား ယောကျာ်းမိန်းမ အ ပေါင်းနှင့် သတ္တဝါအပေါင်းတို့သည် ကျွနု်ပ်အား ကူညီ စောင့်ရှောက်ခြင်းပြု၍ အန္တရာယ်ပြုခြင်းမှ ရှောင်ရှား ပါစေသတည်း။
  • (၄) တနင်္ဂနွေနေ့တွင် ပြုလုပ်သမျှ ကိစ္စအဝ၀ အောင်မြင်ပါစေသတည်း။

မှတ်ချက်။ ။ နေ့အလိုက် ဂြိုဟ်သက်အလိုက် နောက်နေ့များမှာ ပြောင်းပြီး စိပ်သွားရန် ဖြစ်ပါတယ်။

ဂြိုဟ်ခွင်အလိုက် ပုတီးစိပ်နည်းရဲ့ အကျိုးကျေးဇူး

၇ ရက် ၇ ခါ ၄၉ ရက် စိပ်ပြီးပါက ပါရမီ အနုအရင့်အလိုက် စီးပွားရေး၊ ကျန်းမာရေး၊ လူမှု ရေး၊ ပညာရေး၊ ရာထူးတိုး၊ အရောင်းအဝယ်များ ထူးခြားလာပါလိမ့်မယ်။ ပါရမီရင့်သူများ ဖြစ်ပါက ခုနစ်ရက်သားသမီးများရဲ့ ဆရာတစ်ဆူဖြစ်လာပါ လိမ့်မယ်။ ရန်သူတွေတောင် ခယဝပ်တွားလာလိမ့် မယ်။ ၄၉ ရက် သုံးကြိမ်ပြီးမြောက်ပါက ထူးခြားမှုတွေ တွေ့ရလိမ့်မယ်။ အမြဲစိပ်သွားပါက အကြားအမြင်ရခြင်း၊ မနောမယသိဒ္ဓိနှင့် ပြည့်စုံခြင်းတို့ ဖြစ် လာပါလိမ့်မယ်။

ဇေယျတု သဗ္ဗမင်္ဂလံ
လင်းရောင်တင်

(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆)လမ်း၊ တောင်ဥက္ကလာ (၁၃)ရပ် ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)