တစ်နေ့မှာ ကျွန်တော့်ဆီကို ဒေါ်ကြီးခင်ဆို သူ အမျိုးသမီးကြီးတစ်ဦး ရောက်လာခဲ့ပါတယ်။ သူက ကျွန်တော့်သူငယ်ချင်းရဲ့ အမေပါ။ ကျွန်တော် ဗေဒင်ဟောတယ်ဆိုတာကို သိတော့ ရောက်လာခဲ့တာပါ။ ဒေါ်ကြီးခင်က –
“လူလေးရေ… လူလေးသိတဲ့အတိုင်းပဲ အဒေါ်လည်း အပျင်းထူတဲ့အစားထဲက မဟုတ်ပါဘူး၊ ဘာအလုပ်ပဲလုပ်ရလုပ်ရ သမာအာဇီဝအလုပ်ဆိုရင် ဖင်ပေါ့ပေါ့နဲ့ ကြိုးစားလာတဲ့ မိန်းမတစ်ယောက်ပါ၊ မင်းတို့ရဲ့ဦးလေး မရှိရှာတာလည်း ၁၅ နှစ်လောက် ရှိပြီလေ…၊
အရင်တုန်းကတော့ မင်းတို့ဦးလေးရဲ့လုပ်စာနဲ့ ထိုင်စားလာကြတာ၊ မင်းတို့ဦးလေးမရှိကတည်းက မင်းတို့သိတဲ့အတိုင်း အဒေါ် ကြိုးစားရုန်းကန်လာခဲ့တာပါ…၊ ဒါပေမဲ့ ဒီနေ့အထိ လုပ်ရတာပဲအဖတ် တင်တယ်…၊ အကျိုးအမြတ်ဆိုတာကတော့ အမောကို ပြေစရာမရှိပါဘူးကွယ်…၊
အဲဒီတော့ မင်းတို့ကိန်းခန်းလေးနဲ့တွက်ပြီး ဘာအလုပ်နဲ့ဆိုရင် ပင်ပန်းရကျိုးနပ်မလဲ…၊ စီးပွားဖြစ်လောက်လဲ… တွက်ပေးပါဦး…” လို့ ပြောလာခဲ့ပါတယ်။
အဲဒါနဲ့ ကျွန်တော်လည်း ဒေါ်ကြီးခင်ရဲ့ မွေးခုလရက်တွေနဲ့ အသေအချာတွက်ပြီး – “မုန့်ဟင်းခါးရောင်းဗျာ…”လို့ တည့်တည့်ကြီးပဲ ပြောချလိုက်ပါတယ်။ ဒေါ်ကြီးခင်က – “အေး… မဆိုးဘူးကွဲ့ …၊ ဒေါ်ကြီးခင်တို့ အမျိုးတွေက မုန့်ဟင်းခါးအချက်နာမည်ကြီးတယ်၊ လူလေးပြောသလို လုပ်မယ်ကွယ်…၊ ဒါပေမဲ့ တစ်ခါတည်း မုန့်ဟင်းခါး ရောင်းကောင်းစေမယ့် နည်းလေးလည်း ပေးလိုက်ပါဦး…”လို့ ပြောလာပါတယ်။ အဲဒါနဲ့ ကျွန်တော်က –
“မုန့်ဟင်းခါးတွေ ရောင်းကောင်းချင်ရင်တော့ ဆလပ်ညွန့် ၇ ညွန့်နဲ့ နှင်းဆီ ၇ ပွင့်ကို ပူးပြီး ဆိုင်မှာ ရိုက်ပေတော့ဗျို့…” လို့ ပြောပြလိုက်ရပါတယ်။
အခုတော့ ဒေါ်ကြီးခင်တို့မိသားစု မုန့်ဟင်းခါးဆိုင်ကလေးနဲ့ စီးပွားနာလန်ထူစ ပြုလာပြီဆိုတဲ့ သတင်းကောင်းကလေးကို ကြားသိနေရပြီဖြစ်ကြောင်းပါခင်ဗျား…။