“မွေးဖွားချိန်နှင့် ကံကြမ္မာ”

အမိဝမ်းမှ ကျွတ်ကာ လူဖြစ်လာကြသူတိုင်း “လူလူချင်း အတူတူပါပဲ” ဟု ပြောဆိုမရပေ။ အကြောင်းမှာ လူတိုင်း၌ သူ့ကံကြမ္မာနှင့်သူက ကမ္ပည်းထိုးပြီးသားဖြစ်နေသောကြောင့်ပါပေ။ သည်တော့ တတ်သိနားလည်ကြကုန်သော ဗေဒင်ပညာရှင်ကြီးများ၏ ဟောကိန်းများမှာ လွန်စွာမှ အံ့ဩဖွယ်ကောင်းသည်နှင့်အမျှ လေ့လာမှတ်သားထားစရာတွေချည်းပဲဖြစ်သည်။

(၁) နံနက်နေထွက်ချိန်၌ မွေးဖွားသူများဆိုပါလျှင်

ကုသိုလ်ကံကောင်းကြသူတွေချည်းဟု ဆိုရပေမည်။ ၎င်းတို့သည် မိမိကိုယ်မိမိ ယုံကြည်စိတ်ချသူများ ဖြစ်ကြ၏။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကို ငယ်စဉ်ကတည်းက ထူထောင်ဆောင်ရွက်နိုင်သူများဖြစ်ကြပြီး ကြီးပွားချမ်းသာမှုကို အပြည့်အဝ ခံစားကြရသူများလည်း ဖြစ်၏။ လခစား ဝန်ထမ်းလုပ်ကိုင်ပါက ရာထူးကောင်းကို ရနိုင်၏။ အများအပေါ်၌ ဦးဆောင်ဦးရွက်ပြုပြီး ရဲဝံ့စွာ ဆောင်ရွက်တတ်သော စံပြပုဂ္ဂိုလ်ကောင်းဖြစ်တတ်၏။

(၂) နေထွက်ချိန်နှင့် မွန်းတည့်အချိန်အကြား မွေးဖွားလာသူများဆိုပါလျှင်

အပေါင်းအသင်း၊ အခြွေအရံတို့ များတတ်ပါသည်။ အဆိုပါ အပေါင်းအသင်းကောင်းများကြောင့် အကျိုးစီးပွားဖြစ်ထွန်းမည်။ ငယ်စဉ်ကလေးဘဝကတည်းက မိတ်ဆွေသူငယ်ချင်း၊ အပေါင်းအသင်းများအပေါ် အလွန်အမင်းတွယ်တာတတ်၏။ ၎င်းတို့ အနီးအနားမှာမရှိလျှင် မနေတတ်၊ မထိုင်တတ်ဖြစ်နေတတ်သည်။ အသက်အရွယ်ကြီးရင့်လာသည့်အခါ အသင်းအဖွဲ့များ၌ ဦးဆောင်သူဖြစ်တတ်သည်။

(၃) မွန်းတည့်ချိန်နှင့် မွန်းလွဲ ၂ နာရီအကြား မွေးဖွားသူဖြစ်လျှင်

မိမိရပ်ရွာမှသည် အခြားသော အရပ်တစ်ပါးသို့ ပြောင်းရွှေ့နေထိုင်ရတတ်သည်။ ပင်လယ်ရေ ကြောင်းခရီး၌ သွားလာ၊ စီးပွားရှာသူ ဖြစ်လိမ့်မည်။ ထိုသူတို့သည် အရပ်တစ်ပါး၌ စီးပွားရေးကို ပိုမိုထွန်းကားအောင် ဆောင်ရွက်နိုင်ကြသည်။ သို့ရာတွင် အိမ်ထောင်ဖက်ဆွေမျိုးသားချင်းများ၏ ဆိုးကျိုး ပေးခြင်းကို ခံရတတ်သည်။ အဆိုပါကာလ၌ မွေးဖွားလာကြကုန်သော ဇာတာရှင်တို့သည် ရှေ့နေများ တရားသူကြီးများ ဖြစ်လာပါက ဥပဒေပညာရပ်၌ သူမတူအောင်တတ်ကျွမ်းသည့် ပုဂ္ဂိုလ်ကျော်ကြီးများ ဖြစ်လာတတ်သည်။

(၄) မွန်းလွဲ ၂ နာရီနှင့် ၄ နာရီအကြား မွေးဖွားသူဖြစ်လျှင်

ဖက်စပ်စီးပွားရေး လုပ်ငန်းများ၌ အကျိုးပေး လိမ့်မည်။ လောင်းကစားဖက်၌ ဝါသနာထုံသူ ဖြစ် တတ်သည်။ အင်နှင့်အားနှင့် ရှာဖွေ၍ ရသော ဝင်ငွေ ထက် အကြောင်းအားလျော်စွာ ကံကောင်းထောက်မပြီး ငွေကြေးဥစ္စာရရှိခြင်းများ ကြုံရတတ်သည်။ သို့မဟုတ် အမွေဥစ္စာပစ္စည်းများ ရရှိတတ်သည်။

(၅) နေဝင်ခါနီး မွေးဖွားသူဖြစ်လျှင်

ကိုယ်ပိုင်လုပ်ငန်းလုပ်ပါက အောင်မြင်သင့်သလောက် အောင်မြင်မှု မရနိုင်ပေ။ သူတစ်ပါးထံ၌ အခကြေးငွေရယူပြီး လုပ်ဆောင်ရသော လခစား ဝန်ထမ်းဖြစ်တတ်သည်။ အိမ်ထောင်ဖက် သို့မဟုတ် သူတစ်ပါးနှင့် စပ်တူစီးပွားရေးလုပ်ငန်း ဆောင်ရွက် မှ အောင်မြင်နိုင်မည်။ နေဝင်ခါနီး ဖွားမြင်သူတို့သည် အိမ်ထောင်ဖက် သို့တည်းမဟုတ် စီးပွားပြိုင်ဖက်တို့၏ ခြယ်လှယ်စိုးမိုးခြင်းကို ခံရတတ်သည်။ အိမ်ထောင်ပြုပါက အိမ်ထောင်ရေးသုခကို တစ်သက်တာလုံး မရရှိနိုင်ပေ။

(၆) သန်းခေါင်ကျော်၌ မွေးဖွားသူများ

အဆိုပါ ဇာတာရှင်သည် ခရီးတို့ကို မနေမနား သွားနေရတတ်သည်။ မိမိ၏ အချစ်ရေး အိမ် ထောင်ရေးများ၌ မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုးသားချင်းတို့ နှောင့်ယှက်၍ အဟန့်အတား ဖြစ်တတ်သည်။ ထိုသူများသည် မိဘကြောင့် အိမ်ထောင် မပြုဖြစ်ကြသူများ ဖြစ်ကြသည်။ ကိုယ်စိတ် နှစ်ပါးကို နားမနေတတ်တဲ့ သူတွေလို့ဆိုလျှင် မမှားနိုင်ပါဘူး။ စာရေးဆရာများ၊ သိပ္ပံပညာရှင်များသည် သန်းခေါင်ကျော်တွင် မွေးဖွားကြပါသတဲ့။

လူတစ်ဦးတစ်ယောက်အဖို့ မည်သည့်နေရာ မည်သည့်ဒေသ၊ မည်သည့် အချိန်ကာလတို့၌ ဖွား မြင်ပါစေ၊ ကိစ္စမရှိ၊ ဖွားမြင်၍ လူလားမြောက်သည့်အခါ လူကောင်းသူကောင်းဖြစ်ရန် လူ့လောကကြီးကို ကောင်းကျိုးပြုရန်သာ အရေးကြီးပါကြောင်း။

ဂမ္ဘီရဆရာပွင့်