ဆရာဝင်း(သာကီနွယ်)

ကမ္ဘာကြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဘာကြောင့်ကျရောက်နေတာလဲ…။

ယနေ့ ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်နေပါတယ်။

ယခုလပိုင်းတွေမှာပဲ ဂျပန်နိုင်ငံမှာ လေမုန်တိုင်းကြီးတွေတိုက်၊ ရေတွေကြီး၊ ပြင်းထန်တဲ့ ငလျင်တွေလှုပ်၊ တစ်ခုပြီးတစ်ခု ဖြစ်နေပါတယ်။ အမေရိကန်မှာလည်း တောမီးတွေလောင်၊ ဥရောပမှာလည်း ဆွီဒင်နိုင်ငံ၊ ဂရိနိုင်ငံတွေမှာတော့ မီးကြီးတွေ အကြီးအကျယ်အလောင်ခံရပြီး လူတွေ အိုးအိမ်တွေပါ အသေအပျောက်တွေရှိနေပါတယ်။ အိန္ဒိယ၊ တရုတ်နိုင်ငံတွေမှာလည်း ရေကြီးမှု တွေဖြစ်ပေါ်ခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းများမှာလည်း နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြီးမားဆုံးသော ရေဘေးနဲ့ ကြုံတွေ့နေပါတယ်။ ငလျင်ဆိုလျှင် ဒီဘက်နှစ်တွေမှာ ကျွန်တော်တို့ နိုင်ငံထဲမှာ မကြာခဏ လှုပ်နေပါတယ်။ လွန်ခဲ့တဲ့ မေလ လောက်ကဆိုလျှင် ဖြူးမြို့နယ်မှာ တစ်လထဲ ဆယ်ကြိမ်လောက် လှုပ်ခဲ့ပါတယ်။ ငလျင်နဲ့ ပတ်သက်လို့လည်း ငလျင်ပညာရှင်များက ပြင်းထန်တဲ့ငလျင်ကြီး လှုပ်နိုင်တယ်လို့ သတိပေးနေကြပါတယ်။

မြန်မာနိုင်ငံ ဝိဇ္ဇာဂိုဏ်းချုပ်ကြီး ဘိုးမင်းခေါင် ဦးဆောင်တဲ့ ဝိဇ္ဇာကြီး ၁၀၈ ပါးကလည်း လွန်ခဲ့တဲ့ တစ်လလောက်က ဖြူးမြို့နယ်ကို ကြွရောက်ပြီး ပဋ္ဌာန်းများ ရွတ်ဖတ်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဝိဇ္ဇာကြီးများက လွန်ခဲ့တဲ့ နှစ်လလောက်က အိန္ဒိယသမုဒ္ဒရာ၊ ဂျာဗားကျွန်းအနောက်မြောက်အရပ် ဂျာဗားကျွန်းနဲ့ မိုင် ၅၀ဝ အကွာမှာ ပဋ္ဌာန်း ဒေသနာတော်ကို သွားရောက်ရွတ်ဖတ်ပြီး ငလျင်ကြီး လှုပ်ခတ်မည့်ဘေးမှ ကင်းဝေးအောင် ဆောင်ရွက်ခဲ့ ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအစိုးရကလည်း သဘာဝဘေး အန္တရာယ်များ ကျရောက်တဲ့အခါ ပြည်သူလူထုတွေ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်များကို ရုပ်မြင်သံကြားနှင့် ရေဒီယိုများ၊ သတင်းစာများမှာ ပညာပေးလျက်ရှိပါတယ်။ ဒါတွေက ကျွန်တော်တို့ လူလတ်ပိုင်း ဘဝက ဒီလို သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးအဖွဲ့ ဖွဲ့ရတာ၊ ကြိုတင်ပြင်ဆင်ရတာ၊ လူထုကို ပညာပေးရတာတွေ အမြဲတမ်း ဆောင်ရွက်နေရတဲ့ အခြေအနေရောက်နေပါပြီ။ ကျွန်တော်လည်း ဒီသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သတိပေးတဲ့ ဆောင်းပါး တော်တော်များများ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး ရေးခဲ့ပြီးပါပြီ။ ယခုလည်း ထပ်မံရေးဖို့ အကြောင်းပေါ်လာပါတယ်။

၃၀-၇-၂၀၁၈ ရက် မနက်သုံးနာရီက ကျွန်တော့်ဘုရားခန်းသို့ အဖြူရောင်ဝတ်ရုံနှင့် တန်ခိုးရှင်ကြီးတစ်ပါး ကြွရောက်တော်မူလာပါတယ်။

ကျွနု်ပ်။ ။ တပည့်တော် တန်ခိုးရှင်ကြီးကို ကြိုဆိုပါတယ်။ ဘယ်လို အကြောင်းကိစ္စနဲ့ ကျွန် တော့်ဆီ ကြွရောက်လာတယ်ဆိုတာ အမိန့်ရှိပါဘုရား။

တန်ခိုးရှင်ကြီး။ ။ မင်းတို့လူသားတွေ သတိ ပြုရမည့် အချိန်ရောက်နေပြီ။ ဘယ်အပေါ် သတိ ပြုမည်လဲဆိုလျှင် အရေးသုံးပါး –

  • ယနေ့ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့သဘာဝ ဘေးအန္တရာယ်အမျိုးမျိုး၊
  • ဘာသာမဲ့တွေ ကမ္ဘာပေါ်မှာ တစ်နေ့တစ် ခြားများလာတဲ့အဖြစ်၊
  • လူ့ယဉ်ကျေးမှုတွေ အပြောင်းအလဲမြန်နေမှု၊

အဲဒီတော့ ရှေ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ တွေးခေါ်မြော်မြင်ကြရတော့မယ်။ သဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ လေမုန်တိုင်းကြီးတွေ ပိုကျရောက်တာ၊ မိုးကြီလေကြီးမှုဖြစ်စဉ်တွေ၊ မီးလောင်မှုဖြစ်စဉ်တွေ၊ ငလျင်လှုပ်ခတ်မှုတွေ ပိုများလာတယ်။ လူသားတွေဟာ ဒီဖြစ်စဉ်တွေအပေါ်မှာ အမှတ်တမဲ့ နေလို့မရတော့ဘူး။ ကာကွယ်ဖို့ကိစ္စ စဉ်းစားကြရတော့မယ်။ ဒီသဘာဝဘေးအန္တရာယ်တွေဟာ တစ်နှစ်ထက်တစ်နှစ် ဖြစ်ပွားမှုနှုန်းများလာလိမ့်မည်။

ကျွနု်ပ်။ ။ ဒီသဘာဝဘေး အန္တရာယ်တွေက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက် အခြေအနေမျိုး ဘယ်တော့ ပြန်ရောက်ပါမလဲ ဘုရား။

တန်ခိုးရှင်ကြီး။ ။ နောက် လေးနှစ်လောက် ခံရဦးမယ်။

ကျွနု်ပ်။ ။ ဒီလိုသဘာ ဝဘေးအန္တရာယ်တွေ ကျရောက်လာတာဟာ ရိုးရိုးသားသား သဘာဝအလျောက်ဖြစ်တဲ့ ဖြစ်စဉ်မဟုတ်ဘူးလို့ထင်ပါတယ်ဘုရား။

တန်ခိုးရှင်ကြီး။ ။ အေး …အဲဒါအမှန်ပဲ။ မင်းတို့ ကမ္ဘာက လူသားတွေရဲ့ အပြုအမူတွေကို ကမ္ဘာကြီးကို စောင့်ရှောက်နေတဲ့ နတ်ကြီးကိုးပါးက အလွန့်အလွန် စိတ်ဆိုးနေတယ်။ အဲဒီနတ်ကြီးကိုးပါးက မင်းတို့ကမ္ဘာ တင်မကဘူး၊ သက်ရှိသတ္တဝါတွေရှိတဲ့ ကမ္ဘာပေါင်းများစွာကို စောင့်ရှောက်နေတဲ့ နတ်ကြီးတွေဖြစ်တယ်။

မင်းတို့ကမ္ဘာက လူတွေက ကမ္ဘာရဲ့ အဆီအနှစ်သယံဇာတတွေကို စည်းကမ်းမရှိ ထုတ်ယူသုံးစွဲ နေကြတယ်။ ရေနံတွေဆိုလျှင် တစ်ရက်တစ်ရက် ပေပါသန်းပေါင်း ၂၀ဝ လောက် ထုတ်ယူသုံးစွဲနေကြတယ်။ ဒီနှုန်းနဲ့သုံးနေမယ်ဆိုရင် နောက်ထပ် ၁၅ နှစ်ထက် ပိုသုံးလို့ မရတော့ဘူး။ ကုန်ခန်းတော့မယ်။ အလားတူ အခြားသတ္တဝါတွေကိုလည်း ထုတ်ယူသုံးစွဲနေကြတယ်။ သစ်တောတွေကိုလည်း လူသားတွေ ခုတ်ယူသုံးစွဲတာဟာ ကမ္ဘာမှာ မူလကရှိတဲ့ သစ်တောကြီးတွေရဲ့ သုံးပုံနှစ်ပုံလောက် ကုန်သွားပြီ။ သစ်တောတွေပျက်စီးသွားတဲ့အတွက် သစ်တောတွေ အတွင်း မှီခိုနေထိုင် ကျက်စားနေကြတဲ့ သတ္တဝါ မျိုးစိတ်ပေါင်းများစွာလည်း ပျောက်ကွယ်သွားကြပြီ။ အဲဒါတွေကြောင့် ကမ္ဘာကို စောင့်ရှောက်တဲ့ နတ်ကြီးတွေက စိတ်ဆိုးပြီး ရာသီဥတုတွေ ဖောက်ပြန်အောင်၊ ရေကြီးတာတွေ၊ လေမုန်တိုင်းကျတာတွေ အပူလွန်ကဲပြီး မီးလောင်တာတွေ၊ ငလျင်ကြီးတွေလှုပ်အောင် ပြုလုပ်ပြီး လူသားတွေကို ပြစ်ဒဏ်ခတ်နေကြတယ်။

ကျွနု်ပ်။ ။ နတ်ကြီးတွေ ကျေနပ်အောင် ကျွန်တော်တို့ လူသားတွေက ဘာတွေ ဆောင်ရွက်ပေးရပါမလဲဘုရား။

တန်ခိုးရှင်ကြီး။ ။ သစ်တောတွေပြန်စိုက်ပေါ့။ သယံဇာတတွေ ထုတ်ယူနေတာလည်း လက်ရှိထုတ်ယူနေတာထက် တဖြည်းဖြည်း ပြန်လျှော့ထုတ်သွားကြပေါ့။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ထုတ်ယူခဲ့တဲ့ အခြေအနေမျိုးရောက်အောင် ကိုယ့်နိုင်ငံနဲ့ကိုယ် ပြန်လျော့ပြီးထုတ်ကြပေါ့။

ဒီလိုဆောင်ရွက်လျှင် နတ်ကြီးကိုးပါးလည်း စိတ်ဆိုးတာတွေ ပြေသွားပါလိမ့်မယ်။ မင်းတို့လူသားတွေက ဒီလိုမှ မပြုပြင်ကြလျှင် နတ်ကြီးတွေက မင်းတို့ကမ္ဘာ့လူဦးရေကို သန်းပေါင်း ၃၀ဝ၀ လောက်အထိ လျှော့ချလိမ့်မယ်။

ကျွနု်ပ်။ ။ လက်ရှိကမ္ဘာ့လူဦးရေက သန်း ပေါင်း ၆၀ဝ၀ ကျော်လောက်ရှိမည် ထင်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်လောက်ကို သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးနဲ့ ဖယ်ရှားဖြစ်မည့်သဘောပါလား။

တန်ခိုးရှင်ကြီး။ ။ အဲဒါအမှန်ပဲ။ ဒုတိယအချက်ဖြစ်တဲ့ ဘာသာမဲ့တွေ တစ်နေ့တခြား ပေါများလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးပြောမယ်။ လူတွေရဲ့ မကောင်းတဲ့စိတ်တွေကို ဘာသာတရားနဲ့ပဲ ထိန်းကြောင်းရတယ်။ ဘာသာရေး မရှိဘူးဆိုလျှင် ကုသိုလ် အကုသိုလ်ကို လူတွေ နားလည်မှာ မဟုတ်ကြတော့ဘူး။ အဲဒီလိုဘာသာမဲ့တွေ များလာလျှင် လူတွေကို ထိန်းချုပ်ရတာ ပိုခက်ခဲလိမ့် မယ်။ လူတွေရဲ့ အပြုအမူတွေက တရားမဲ့မှုတွေ ပိုများလာလိမ့်မယ်။ တရားမဲ့မှုတွေ ပိုများလာလျှင် လူ့ဘဝကြီး လူ့အဖွဲ့အစည်းကြီးဟာ မငြိမ်းချမ်းတော့ဘူး။ အဲဒီတော့ ကမ္ဘာကြီးကို စောင့်ရှောက်တဲ့ နတ်ကြီးကိုးပါးက ဒီအခြေအနေမျိုးကို အရောက်မခံနိုင်ဘူး။ လူတွေကို ကပ်ကြီးတွေတိုက်ပြီး ဆေးကြောလိမ့်မယ်။ မကောင်းတဲ့သူတွေကို တစ်ဖက်က ရှင်းလင်းရင်း အခြားတစ်ဖက်ကလည်း ဘာသာတရားတွေ ပြန်လည်ထွန်းကားလာအောင် ကူညီစောင့်ရှောက်လိမ့်မယ်။

ကျွနု်ပ်။ ။ ကမ္ဘာပေါ်မှာ ဘာသာကြီးလေးမျိုး ရှိပါတယ်ဘုရား။ ဘယ်ဘာသာတွေ ထွန်းကားပြန့် ပွားအောင် ဆောင်ရွက်မှာပါလဲဘုရား။

တန်ခိုးရှင်ကြီး။ ။ ဗုဒ္ဓဘာသာကိုပဲ ထွန်းကားအောင် ကူညီစောင့်ရှောက်လိမ့်မယ်။ နောင်နှစ်ပေါင်း ၂၀ နေလျှင် ကမ္ဘာ့နိုင်ငံအသီးသီးကို ဗုဒ္ဓဘာသာ ရောက်လိမ့်မယ်။ နောက်နှစ်ပေါင်း ၅၀ ကြာလျှင် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာဟာ လူအများစုကိုးကွယ်တဲ့ ဘာသာကြီး ဖြစ်ပါလိမ့်မယ်။

ကျွနု်ပ်။ ။ ဝမ်းမြောက်လှပါတယ်ဘုရား။

တန်ခိုးရှင်ကြီး။ ။ နောက်တတိယအချက် ဖြစ်တဲ့ လူတွေရဲ့ ယဉ်ကျေးမှုတွေ အပြောင်းအလဲ မြန်နေတဲ့ကိစ္စ ပြောဦးမယ်။ ယဉ်ကျေးမှုတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးလူးဆက်ဆံမှုတွေ မြန်နေ တယ်။ ယဉ်ကျေးမှုတွေလည်း ပြောင်းလဲနေတယ်။ နိုင်ငံကြီးတွေရဲ့ ယဉ်ကျေးမှုတွေကို နိုင်ငံငယ်တွေက အထင်ကြီးပြီး လိုက်နာတုပ လက်ခံဆောင်ရွက်နေကြတယ်။ နိုင်ငံကြီးတွေရဲ့ ယဉ်ကျေးမှုတွေကလည်း လျင်မြန်စွာ ပြောင်းလဲနေကြတယ်။

ဒီအထဲမှာ အဆိုးဆုံးက မေတ္တာအခြေခံနဲ့ ဖွဲ့စည်းရတဲ့ အိမ်ထောင်ရေးတွေ ပျက်စီးနေကြပြီ။ မိသားစုဘဝတွေဟာ မတည်မြဲတော့ဘူး။ အိမ်ထောင်ဆက်တွေ အပြောင်းအလဲတွေ များနေပြီ။ ကြာလျှင် လူတွေ စိတ်ရိုင်းတွေဝင်လာလိမ့်မယ်။ မိသားစုဘဝတွေ မရှိတော့ဘူးဆိုလျှင် သမိုင်းဦး လူ့အဖွဲ့အစည်းသဘော ပြန်ရောက်သွားလိမ့်မယ်။ အဲဒီအဖြစ်မျိုးကိုလည်း ကမ္ဘာကို စောင့်ရှောက်တဲ့နတ်ကြီးကိုးပါးက အရောက်မခံနိုင်ဘူး။ အဲဒီအတွက်လည်း နတ်ကြီးကိုးပါးက ထူးခြားတဲ့ အစီအစဉ်တွေရှိတယ်။

နတ်ကြီးကိုးပါးက မင်းတို့ကမ္ဘာကို မေတ္တာနဲ့နှောင်ဖွဲ့တဲ့ လူ့အဖွဲ့အစည်းကြီး ပြန်ဖြစ်လာအောင် တန်ခိုးကြီး နတ်ကြီးအပါး ၉၀ဝ၀ ကို စေလွှတ်လိမ့်မယ်။ အဲဒီနတ်ကြီးတွေက ကမ္ဘာ့လူထုတွေကို မေတ္တာတရားတွေ မွေးမြူလာအောင်၊ ယောကျာ်းလေးနဲ့ မိန်းကလေးတွေကို မေတ္တာတရား အခြေခံတဲ့စိတ်နဲ့ အိမ်ထောင်ပြုကြအောင် မနောတိုက်ပြီး စောင့်ရှောက်လိမ့်မယ်။ သားသမီးတွေက မိဘတွေကို ချစ်ခင်ကြင်နာလာအောင် မနောတိုက်ကြလိမ့်မယ်။ ဝတ်စားဆင်ယင်မှုတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်က အခြေအနေမျိုး လက်ခံနှစ်သက်လာ အောင် မနောတိုက်ကြလိမ့်မယ်။

ကျွနု်ပ်။ ။ အရှင်တန်ခိုးရှင်ကြီးက တပည့်တော်တို့ လူသားတွေကို သတိပေးတာ၊ ကမ္ဘာကို စောင့်ရှောက်မယ့် နတ်ကြီးတွေက တပည့်တော်တို့ ကမ္ဘာလူ့အဖွဲ့အစည်းကြီးကို စောင့်ရှောက်မယ်ဆိုတာ သိရတော့ ဝမ်းမြောက်လှပါတယ်။ ကမ္ဘာ့လူသားတွေရဲ့ ယဉ်ကျေးမှုတွေကို နိမ့်ကျပြီး စိတ်ရိုင်းတွေ ဝင်ရောက်လာတဲ့အတွက် အနောက်နိုင်ငံတွေမှာဆိုရင် မကြာခဏ အဓိပ္ပာယ်မဲ့ သေနတ်ပစ်ခတ်မှု၊ ဗုံးပေါက် ကွဲမှုတွေကြောင့် ဈေးဝယ်သွားရတာ၊ ကလေးတွေ ကျောင်းတက်ရတာပင် မလုံခြုံတော့ဘူး ဖြစ်နေပါတယ်။ တပည့်တော်တို့ နိုင်ငံမှာလည်း လုယက်မှု ခိုးဆိုးတိုက်ခိုက်သတ်ဖြတ်မှု၊ မုဒိမ်းမှုတွေ ပိုပိုပြီး သောင်းကျန်းလာတာ တွေ့ရပါတယ်။ အဲဒါကြောင့် နတ်ကြီးကိုးပါးက အချိန်မီ စောင့်ရှောက်တော့မယ် သိရတဲ့အတွက် ဝမ်းမြောက်ရပါတယ် ဘုရား။

သတ္တဝါများ ကျန်းမာချမ်းသာပါစေ…

ဆရာဝင်း(သာကီနွယ်)

(ဤဆောင်းပါးပါ အယူအဆများသည် စာရေးသူ၏အယူအဆများသာဖြစ်ပါသည်၊ အယ်ဒီတာအဖွဲ့၏အာဘော်မဟုတ်ပါကြောင်း၊ အယ်ဒီတာအဖွဲ့)