ပြီးခဲ့တဲ့ အမေနေ့တုန်းက အမေ အဖေ သက်ရှိထင်ရှားရှိတုန်း ကိုယ့်နဖူးနဲ့ အမေ့ခြေဖမိုးနဲ့ အဖေ့ခြေဖမိုးနဲ့ တိုက်ပြီး ထိပြီးရှိခိုးရတဲ့အရသာဟာ ဘယ်အရသာနဲ့မှ မတူဘူး။ သိပ်အရသာရှိတယ်။ ပြီးတော့ အဲသလို ဖမိုး၊ နဖူးတိုက်(ဦးတိုက်)ပြီး ရှိခိုး လိုက်ရတဲ့အတွက် မိဘအပေါ်မှာ ပြောဆိုကြံစည်ခဲ့ ဖူးတဲ့ အကုသိုလ် အညစ်အကြေးတော်တော်များ များဟာ စင်ကြယ်သွားကြတဲ့ ကုသိုလ်ကောင်းမှု တရားတွေ နိုးကြားလာခဲ့ကြတော့တယ်။
ဆိုတဲ့ အဲဒီအကြောင်းလေးကို ဖေ့စ်ဘွတ်ခ်မှာ တင်ပေးလိုက်တယ်။ အဲဒါကို ဖတ်ရတဲ့ ကိုယ့်ရဲ့ တူတော်မောင်က အဲဒီနေ့မှာပဲ သူ့အမေနဲ့ အဖေရဲ့ခြေ ဖမိုးတွေကို နဖူးနဲ့တိုက် ဦးခိုက်ပြီး ကန်တော့တယ်။ ချက်ချင်းပဲ အကောင်အထည်ဖော်လိုက်တဲ့ တူတော် မောင် အောင်ကျော်ဆန်းကို သာဓုခေါ်ဖြစ်လိုက်ပါ တယ်။
များသောအားဖြင့်တော့ ဒီလိုမဟုတ်ကြဘူး။
ပိုက်ဆံရှိတဲ့လူတွေက ငါ့မိဘတွေကို ငါကျွေး ထားနိုင်တယ်။ နေ့သူနာပြု ညသူနာပြုနေ့စဉ်ငှား ထားပေးတယ်။ ငါ့အနေနဲ့ သားသမီးဝတ္တရားကျေ ပြီ။ အဲသလိုတွေးပြီး ငွေဘယ်လောက်ကုန်ကုန် မိဘ အတွက် အကုန်ခံတယ်(အကုန်ခံနိုင်လောက်အောင် လည်း သောက်သောက်လဲ ဝင်နေကြတာကိုး)။
ဒါပေမဲ့ … အဲဒီ ဒါပေမဲ့က သိပ်ပြီး အရေး ကြီးပါတယ်။ သူတို့က ငွေလမ်းခင်းပြီးသာ မိဘကို ပြုစုတာ။ ငွေဘယ်လောက်ကုန်ကုန်၊ သိန်းရာထောင် ချီပြီးဆေးကုတာ ဒါပေမဲ့ သူတို့ရဲ့ လက်ခြေနဲ့ ပြုစု ပေးကြတာ မဟုတ်ဘူး။ ယောင်လို့များ အမေ့ ခြေ သလုံးလေး အဖေ့ခြေသလုံးလေးကို တစ်ချက် နှစ် ချက်မနှိပ်ပေးဘူးတဲ့လူ ရှိတယ်။ တချို့များ မိဘ သေသာသွားရော ခြေဆုပ်လက်နယ် လုံးဝမပြုစု လိုက်ရတာမျိုးတွေ ရှိတယ်။
ငွေရှိလို့ အကုန်ခံပြီး ဆေးကုတာကောင်းပါ တယ်။ ဒါပေမဲ့ ဇက်ကြောလေး တစ်ချက်လောက် ကြင်ကြင်နာနာ ယုယုယယ ပြုစုတာကို မခံချင်တဲ့ မိဘရယ်လို့ ရှိမယ်မထင်ပါဘူး။ ငွေရှိလို့ ကျွေးတာ မွေးတာ၊ တန်ဖိုးကြီးတာတွေ ပေးကမ်းဆောင်ရွက် တာတွေဟာ ကောင်းပါတယ်။ ဒါပေမဲ့ အသားတုံး ကို အရိုးနွှင်ပေးတဲ့ သားသမီး မိဘကို အရိပ်တကြည့် ကြည့်နဲ့ အနီးကပ်ပြုစုတဲ့ သားသမီးမျိုးကိုတော့ မိဘ တွေ လိုချင်ရှာကြမှာပါပဲ။
တချို့ သားသမီးများကျတော့ မကျွေးလည်း မကျွေးမွေးနိုင်၊ မစောင့်လည်း မစောင့်ရှောက်နိုင်ဘဲ မိဘကို ပိဿာလေးနဲ့ ဘေးပစ်သလောက် အထိနာ တဲ့ စကားလုံးတွေနဲ့ ပြန်ပြောကြဆိုကြ၊ နှုတ်လှန်ထိုး ကြနဲ့ ငရဲအိုးကြီးကြီး မျက်စောင်းထိုးကြတဲ့ သားသမီး များလည်း ရှိကြလေရဲ့။
မိဘတွေ သက်ရှိထင်ရှားရှိတုန်းကတော့ ရှိ တယ်လို့ မအောက်မေ့ဘူး။ မျက်နှာလွှဲခဲပစ်နေခဲ့တယ်။ အတူနေစဉ်တုန်းကလည်း နှုတ်လှန်ထိုးကြတယ်။ ဟော မိဘတွေ ဆုံးပါးသွားတော့ သူတို့လည်း အရွယ်တွေ ရလာကြပြီ။ သူတို့ကိုနှုတ်လှန်ထိုးမယ့် သားသမီးတွေလည်း ပေါက်ဖွားလာကြပြီဆိုတာ့ သွား လေသူ မိဘများကို သတိတရရှိလာကြတယ်။ သူတို့ မှားယွင်းခဲ့တာတွေကို တွေးမိပြီး အသိတရားတွေ ဝင်လာခဲ့တယ်။ သို့သော် အခါနှောင်းခဲ့ပြီ။
ဖမိုးနဖူးတိုက်ကန်တော့ပြီး တောင်းပန်ရမယ့် မိဘတွေ မရှိရှာကြတော့ဘူး။ အဲဒီလို လူတွေအတွက် ပြေရာပြေကြောင်း ဖြေသာစရာ နည်းကောင်းတွေ ဆရာသမားလူကြီး သူမများက လမ်းညွှန်လာကြ တယ်။
အဲဒါကတော့ အဖေ့ခြေရာနဲ့ အမေ့ခြေရာကို အဝတ်ဖြူစမှာ ပုံနှိပ်ထားပြီးတော့ ခေါင်းရင်းမှာထား ရှိခိုးကြတဲ့ စနစ်ကလေးတွေ လုပ်ယူလာကြတယ်။ ရသေ့စိတ်ပြေပေါ့။ ဒါလည်း ကောင်းတဲ့ဓလေ့တစ်ခု ပါပဲ။ ဘာမှမလုပ်ဖြစ်တာနဲ့စာရင်ခုလို ခြေရာလေး တွေ ယူထားလိုက်ပြီး မိဘမရှိတော့တဲ့အခါ ကိုး ကွယ်စရာ ရှိခိုးစရာအဖြစ် ရှိနေတာ အများကြီး ကောင်းပါတယ်။ အပြစ်တွေရှိရင် ကျေတန် သလောက် ကျေသွားနိုင်တာပေါ့လေ။
မိဘခြေရာယူပြီးသိမ်းထားတာ ကောင်းပေ မယ့် သက်ရှိထင်ရှားရှိတုန်း မိဘကို ဖမိုးဦးတိုက်ကန် တော့နိုင်ရင် အကောင်းဆုံးယတြာပါပဲ။ အဲသလိုများ မိဘကို ဖမိုးဦးတိုက် နေ့စဉ်များဦးခိုက်နိုင်ရင် ဘယ် လောက်များ ကောင်းလိုက်မလဲ။ ဘုန်းတွေကြီးပြီး သက်တော်ရာကျော်ရှည်ကြမှာ။
လင်းရောင်တင်လည်း အသက်လေးဆယ် ကြမှ မိခင်ကြီးကို သွားတွေ့တိုင်း ဖမိုးနဖူးတိုက် ဦးခိုက် ကန်တော့ဖြစ်ခဲ့ပါတယ်။ ဒါကိုမြင်တဲ့ အစ်မတွေက –
“စာရေးဆရာကတော့ စတန့်ထွင်ပြန်ပြီ အမေ့ဆီက ဘာလိုချင်လဲမသိဘူး”
ဆိုပြီး စကြပြောင်ကြတယ်။ ကိုယ်ကတော့ သူတို့ကို သနားတယ်။ ငွေကြေးအရ ကိုယ့်ထက်ချမ်း သာကြပေမယ့် အမေ့ဖမိုးနဲ့ နဖူးနဲ့တိုက်ရတဲ့ အရသာ စိတ်ချမ်းသာမှုကို သူတို့မရသွားကြရှာဘူး။ ကိုယ်က တော့ အဲဒီကိစ္စကို ပြန်သတိရတိုင်း အင်မတန်ပီတိ ဖြစ်ရတယ်။ အလွန်စိတ်ချမ်းသာရတယ်။ မိဘတွေ ကို ပြောမှားဆိုမှားရှိခဲ့တဲ့ အပြစ်တွေ ကျေကုန်ပြီလို့ လည်း အောက်မေ့မိတယ်။ အမေနဲ့အဖေ့ရဲ့ခြေရာကို ယူပြီး ကိုးကွယ်စရာအဖြစ် မှတ်မှတ်ရရယူထားတာ လည်း ကောင်းတဲ့အစဉ်အလာပါပဲ။ သူတို့မရှိတော့ ပေမယ့် သူတို့ရဲ့ခြေရာကို အမြဲဦးခိုက်ကြသလို မိဘ ခြေရာတွေကို ပုံနှိပ်ယူတော့မယ်ဆိုရင် ဘယ်နေ့ ဘယ်ရက်မှာ ခြေရာပုံနှိပ်ယူပါ့မယ်ဆိုပြီး ခွင့်တောင်း ထား။ အဲဒီနေ့မှာ ခွက်တစ်ခွက်ထဲမှာ နနွင်းမှုန့် (ဆနွင်းမှုန့်လို့ ခေါ်ကြတယ်)ကို ရေနဲ့ပျစ်ပျစ်လေး ဖျော်ထား။
ပြီးတော့မှ အမေအဖေတွေရဲ့ ခြေထောက်ကို ရေနဲ့သန့်စင်အောင် ဆေးကြောပေး။ (ကိုယ်တိုင်ရေ အင်တုံလေးယူပြီး ဆပ်ပြာနဲ့တိုက်ချွတ်ဆေးကြောပေး ရင် ပိုပြီး ကုသိုလ်ဖြစ်တာပေါ့)ရေဆေးပြီးတဲ့ ခြေ ထောက်နှစ်ဖက်မှာ ဖျော်ထားတဲ့ နနွင်းကို သုတ်လိမ်း ပေးပြီး ပိတ်စ၊ အဖြူပေါ်မှာ ခြေစုံရပ် ခိုင်းလိုက်ရင် ခြေရာအစုံကို ရတော့တာပေါ့။ ထင်ထင် ရှားရှား လေးဖြစ်အောင် စိတ်ရှည်ရှည်နဲ့ ပုံနှိပ်ယူ။
နနွင်းခြောက်သွားတဲ့အခါ ခေါင်းအုံးအောက် မှာ ထားထား၊ သွားလေရာရာယူယူ အင်မတန် ကောင်းပါတယ်။ အန္တရာယ်ကင်း၊ မျက်နှာပွင့်အ ဆောင်လည်း ဖြစ်ပါတယ်။ ရှေးတုန်းက စစ်သည် တော်တွေ စစ်တိုက်ထွက်ကြတဲ့အခါ အမေ့ထမီစကို နားမှာ ပန်သွားကြတယ်လို့လည်း ဆိုပါတယ်။ အန္တရာယ်ကင်းတယ်။ စစ်အောင်တယ်လို့ ယုံကြည်ကြတယ်။
ရှေးပညာရှိများက အဲသလို ခြေရာတွေ ပုံ နှိပ်ယူထားပြီး ရှိခိုးတဲ့အခါ ဂါထာနဲ့ ပူဇော်ရွတ်ဆို ကြပြန်ပါတယ်။ အမေ့ခြေရာရှိခိုးတဲ့ ဂါထာ၊ အမေ့ ခြေရာရှိခိုးတဲ့ဂါထာဆိုပြီး ရှိပါတယ်။ ဂါထာလေးနဲ့ ရှိခိုးကြတဲ့အခါ ပိုပြီးစိတ်ကြည်နူးယုံကြည်မှုရှိတာပေါ့ လေ။ နေ့စဉ်ရှိခိုးနိုင်ရင်တော့ အန္တရာယ်ကင်းလာဘ်ရွှင်တဲ့ ဂါထာတွေ ဖြစ်လာပါလိမ့်မယ်။ မိဘခြေရာကို ဦးခိုက်ရှိခိုးတဲ့ဂါထာတွေဟာ အလွန်ချိုမြိန်ကောင်း မွန်တဲ့ယတြာပါပဲ။
အဖေ့ခြေရာရှိခိုးဂါထာ
ဝုဍ္ဎီုကာရော၊ အာလိင်္ဂေတွာ၊
ဥပ္ပိတွာ ပီယ၊ ပုတ္တကံ
ရာဇ ဝဇ္ဈံ၊ သုပတိဋ္ဌံ၊
ပါတုပါဒံ၊ နမာမဟံ။အသံထွက်
…
ဝုတ်ဒီ ကာရော၊ အာလိင်ဂစ်တွာ။
အုတ်ပိတွာပီယ၊ ပုတ်တကံ၊
ရာဇဝစ်ဇံ၊ သုပတ်တိတ်ထံ၊
ပါတုပါဒံ၊ နမာမဟံ။အမေ့ခြေရာရှိခိုးဂါထာ
…
ဒသမာသေ၊ ဥရေကတွာ၊
ပေါသေတိ၊ ဝုဍ္ဎီကာရဏံ၊
အာယုဒီဃံ၊ ဝဿသတံ
မာတုပါဒံ၊ နမာမဟံ။အသံထွက်
…
ဒတ်သမာသေ၊ အုရေကတွာ၊
ပေါသေတိ၊ ဝုတ်ထီကာရဏံ၊
အာယုဒီဂံ၊ ဝတ်သသတံ၊
မာတုပါဒံ၊ နမာမဟံ။
မှတ်ချက်။ ။ ဝုဍ္ဎီုဆိုတဲ့စာလုံးဟာ ဝတစ်ချောင်းငင်ဝုနဲ့ ဒရင်မှုတ်ထဲကို ဍရင်ကောက်ကလေးထည့်ပြီး ရေးထားတာဖြစ်ပါတယ်။ ဝုတ်ဒီလို့ ဖတ်ပါ။
အမေနဲ့အဖေရဲ့ ခြေရာကိုလည်း ပုံနှိပ်ယူထား။ ခြေရာရှိခိုးတဲ့ဂါထာတွေနဲ့လည်း ရှိခိုး၊ လုပ်နိုင်ရင် ကောင်းပါတယ်။ အမှန်ကတော့ အဖေ အမေ သက်ရှိထင်ရှားရှိနေတုန်း ကိုယ့်နဖူးနဲ့ ဖမိုးနဲ့ အမြဲ တိုက်ပြီး ကန်တော့နေနိုင်ရင်တော့ အကောင်းဆုံး ပါပဲ။ သူတို့ဟာ သက်ရှိဘုရားတွေပါပဲလေ။
ဇေယျတုသဗ္ဗမင်္ဂလံ
လင်းရောင်တင်
အရာရာ အောင်မြင်စေတဲ့ ရတနာဒီပံ ရွှေ ဖယောင်းတိုင်ကိစ္စ တခြားကိစ္စများအတွက် လာရောက် ဆွေးနွေးလိုပါက
တိုက်အမှတ် ၁၁၀၇၊ ယဿဝတီ ၁၈ လမ်း၊ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ရန်ကုန်မြို့။
ဖုန်း ဝ၉ ၄၂၀ ဝ၁၄ ၆၁၄