ဝိဇ္ဇာမသော်လည်း

ယခုအခါ ရန်ကုန်မြို့ကြီးမှာ ကားတွေကများ၊ လမ်းတွေက ဟိုနေရာပိတ်၊ ဒီနေရာပိတ်နဲ့မို့ သွားလာရတာ အဆင်မပြေ။ အဆင်မပြေရတဲ့အထဲက တစ်ဖက်လမ်းကြောကနေ တစ်ဖက်လမ်းကြောကို သွားချင်လို့ မီးအချက်ပြတဲ့အပြင် လက်ပါအချက်ပြတာတောင် တစ်ဖက်ယာဉ်ကြောက ကားက အရှိန်လျှော့ခြင်း၊ ခေတ္တရပ်ပေးခြင်း မရှိ။ လိုင်းကားတွေကလည်း ယာဉ်ကြောနှစ်ကြောလောက်ကနေ အတင်းဝင် အတင်းထွက်နဲ့ ဒါတွေကိုမြင်ရတော့ လူတွေဟာ ကိုယ်ချင်းစာတရားတွေ နည်းပြီး လောဘဇောတွေနဲ့ အတ္တတွေများလာတာ တွေ့လာရပါတယ်။

အဲဒါတွေ တွေ့ရတော့ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်က ဝိဇ္ဇာတကယ်မပေမယ့် လောဘကြောင့် ရမယ့်အကျိုးတွေ ဆုံးရှုံးခဲ့ရတာလေးတစ်ခုကို ပြန်သတိရမိတယ်။

အဲဒီပုဂ္ဂိုလ်နာမည်က ဦးလှစိန်(တောင်ဥက္ကလာပ)မှာ နေတယ်။ သူ့ကို သူ့ဆရာ ဦးခင်ကြည်ကြောင့် သိရတာပါ။ ဦးခင်ကြည်က ကျွန်တော့်အဖေနဲ့ ညီအစ်ကိုလို ခင်တဲ့သူပါ။ ဦးခင်ကြည်က သင်္ဃန်းကျွန်း၊ ဘဝမြင့်မှာ နေတယ်။ တစ်လမှာ နှစ်ခေါက် လောက် ဦးခင်ကြည်က ကျွန်တော်တို့အိမ်ကို ညအိပ်ညနေ လာလည်လေ့ရှိတယ်။ လာလည်ရင် အဖေနဲ့ ဘာသာရေးအကြောင်း၊ ဖိုထိုးတဲ့အကြောင်း၊ လူမှု ရေး စသဖြင့် ပြောဆိုဆွေးနွေးလေ့ရှိပါတယ်။ ဦးခင်ကြည်က ဖိုထိုးတာ ဝါသနာကြီးတော့ သေသည်အထိ ဖိုထိုးခဲ့ပါတယ်။ တစ်ခေါက် ဦးခင်ကြည်လာတော့-
“ကိုခင်ကြည် …ခင်ဗျားတပည့်အကြောင်း ပြောပြပါဦး …” လို့ မေးတော့ –
“မောင်လှစိန်အကြောင်းလား …ဒီတစ် ခေါက် သူ့ကိုခေါ်လာခဲ့မယ် …၊ ကိုယ်တိုင် ပြောပြခိုင်းမယ်ဗျာ …” လို့ ပြန်ပြောပါတယ်။
နောက်တစ်ခေါက် ဦးခင်ကြည်လာတော့ အသားညိုလတ်၊ အရပ် ငါးပေခန့် လူတစ်ယောက် ပါလာပါတယ်။
“ကိုမြင့်သိန်းရေ …သူက ခင်ဗျား သိချင် တဲ့ ကျုပ်တပည့် မောင်လှစိန် …”လို့ မိတ်ဆက် ပေးပါတယ်။ နေ့လယ် ထမင်းစားသောက်ပြီး ရေနွေးကြမ်းနဲ့ လက်ဖက်သုပ် မြည်းချိန်ရောက်မှ ဦးလှစိန်က သူ့အကြောင်းကို ခုလို ပြောပြပါတယ်။
ဦးလှစိန်ဟာ ပြည်တွင်းရေကြောင်းသင်္ဘော သားလုပ်ခဲ့သူမို့ အသောက်အစားနည်းငယ်ရှိပါတယ်။ စီးပွားရေးလည်း သိပ်အဆင်မပြေတော့ တစ်ခါတစ်ရံ ညည်းလေ့ရှိပါတယ်။ ဘယ်လိုညည်းလဲဆိုတော့ “ဒီ လောက်ဆင်းရဲတာ ဘယ်ပုဂ္ဂိုလ်မှ ကယ်မယ့်ကူမယ့် သူ မရှိဘူး …၊ ကံကလည်း ညံ့လိုက်တာ …”လို့ မကြာခဏ မကျေမနပ်နဲ့ ညည်းလေ့ရှိပါတယ်။ တစ်ခါတစ်ရံ မကျေမနပ်နဲ့ လောကကိုအရွဲ့တိုက်ပြီး အရက်သောက်လေ့ရှိတယ်။ ဒီလိုနဲ့ တစ်နေ့ည ဦးလှ စိန် အိပ်ပျော်နေစဉ် “ဟေ့ကောင် လှစိန် …၊ ထစမ်း …” ဆိုပြီး ခေါင်းကို တောင်ဝှေးနဲ့ခေါက် ပြီး နှိုးတာနဲ့ အိပ်ချင်မူးတူးနဲ့ နိုးလာပြီး ကြည့်လိုက် တော့ ဝတ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ တောင် ဝှေးကိုင်လို့ ရပ်နေတာ တွေ့ရပါတယ်။
“အဘက ဘယ်သူလဲ …” လို့ မေးလိုက်တော့ –
“ငါဘယ်သူလဲ အရေးမကြီးဘူး၊ မင်းက ဆင်းရဲနေတာ ကယ်မယ့်သူလည်း မရှိဘူး ခဏခဏ ပြောနေလို့ လာခဲ့တာကွ …”လို့ ပြောပါတယ်။
“မင်းက ဘာဖြစ်ချင်တာလဲ …” လို့ ထို အဘက မေးတော့ ဦးလှစိန်က –
“ကျွန်တော် ဆင်းရဲနေတော့ ချမ်းသာချင်တာပေါ့ …”လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ထိုအဘက-
“ချမ်းသာချင်ရင် ငါခိုင်းတာလုပ်ရမယ် …၊ လုပ်မလား …” မေးတော့ ဦးလှစိန်က –
“ချမ်းသာမယ်ဆို လုပ်မယ် …” လို့ ပြန် ပြောပါတယ်။
“ဒါဆို မင်း …ဗေဒင်ဟောရမယ် …” ပြောရာ
“ကျွန်တော်မှ ဗေဒင်မဟောတတ်တာ …၊ ဘယ်လိုဟောရမလဲ …” ဟု ပြန်ပြောရာ –
“မင်း လုပ် မလုပ်ဘဲ ပြောပါ …၊ ကျန်တာ ငါ့တာဝန်ထား …” လို့ ပြောမှ –
“ဒါဆို ဟောမယ်ဗျာ …၊ ဘယ်လိုလုပ်ရ မလဲ …” ဆိုမှ –
“မင်း မနက်မိုးလင်းရင် မျက်နှာသစ်၊ ကိုယ် လက်သန့်စင်ပြီး ဘုရားကန်တော့၊ အရက်မသောက် ပါဘူးလို့ ဘုရားကို ကတိခံ၊ ဗေဒင်မေးသူလာရင် ဆေးမပါတဲ့ ကွမ်းယာတောင်းပြီး ပါးစပ်ထဲထည့်ငုံ လိုက် …၊ ပြီးရင် ဗေဒင်ဟောတော့ …” ဟု ပြောပါတယ်။
“မင်းလိုက်နာရမယ့် စည်းကမ်းက ဗေဒင် ဟောခ မတောင်းရဘူး …၊ သူ့ဟာသူ သဒ္ဓါလို့ ပေးရင်ယူ …” လို့ ပြောပါတယ်။ “အဲဒီစည်းကမ်း လိုက်နာသမျှ မင်း ဗေဒင်ဟောတာ မှန်စေရမယ်၊ ကဲ …ဘယ်လိုလဲ …” မေးတော့ ဦးလှစိန်က –
“လိုက်နာမယ် …”ဟု ပြောရာ ထိုအဘ လည်း ဦးလှစိန်ရှေ့တွင် ပျောက်ကွယ်သွားပါတယ်။ ဒီတော့မှ သူ့အိမ်မှာ မှောင်မည်းနေတာတွေ့လို့ မိုး မလင်းသေးဘူးလို့ သိရပြီး ပြန်အိပ်ပါတယ်။

မနက်ရောက်တော့ သူ့အိမ်တံခါးကို ယောကျာ်း၊ မိန်းမ သုံးလေးယောက်က ခေါက်ပြီး –
“ဆရာ …ဆရာ …မနိုးသေးဘူးလား” နဲ့ နှိုးတော့မှ နိုးလာပါတယ်။ ဒီတော့ ဦးလှစိန်က –
“ဘာကိစ္စလဲ …” မေးရာ “ဗေဒင်လာမေးတာပါ …”လို့ ဖြေလို့ “ဘယ်သူပြောလို့လဲ” လို့ မေးတော့ “အဘကြီးတစ်ယောက်က ဝတ်ဖြူ စင်ကြယ်နဲ့ ဒီမှာ ဗေဒင်မေးရင် အခက်အခဲတွေ ပြေလည်မယ် …” ပြောလို့ လာမေးကြောင်း ပြော ပြမှ ဦးလှစိန်လည်း ဒီအဘ ညက တကယ်လာပြော သွားကြောင်း ယုံကြည်ပြီး –
“ကဲ …ဒါဆိုလည်း ဆေးမပါတဲ့ ကွမ်းယာ သွားဝယ်ကြ …” ပြောပြီး အဆိုပါ အဘမှာကြားသလို မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ဘုရားရှိခိုး၊ အရက်လှူနဲ့ ဆောင်ရွက်ပါတယ်။

ဗေဒင်မေးသူရဲ့ ကွမ်းယာ ပါးစပ်ထဲထည့်ငုံ လိုက်တာနဲ့ မေးသူရဲ့အကြောင်းကို စုံစေ့အောင် ဟောပြောပါတော့တယ်။ ဗေဒင်မှန်လို့ နာမည်ကြီးလာတာ ထိုခေတ်က လူကြီးအချို့ပင် လာရောက် မေးမြန်းသည်အထိ ဖြစ်လာပါတယ်။ အိမ်ကိုလည်း လှူသွားတဲ့ငွေနဲ့ ပြင်ဆောက်နိုင်ခဲ့ပါတယ် ဗေဒင် ဟောတာ နှစ်ချီကြာလာတော့ ဦးလှစိန်ဟာ လောဘ စိတ်တစ်ခု ဖြစ်ပြန်ပါတယ်။ ဒါက ဘာလဲဆိုတော့ နေ့စဉ် ဗေဒင်ဟောရတာ ကြာလာတော့ ညောင်း ညာကိုက်ခဲပြီး ဘယ်မှလည်း မသွားဖြစ်တော့ပါဘူး။ ဒါကြောင့် “အဘ ကြွလာရင်ကောင်းမယ်၊ ဒီမှာ ဗေဒင်ဟောရတာ ကြာရင် ဒူလာဖြစ်တော့မယ် …၊ ဒိထက် သက်သက်သာသာနဲ့ ချမ်းသာမယ့်နည်းရှိ ရင် တောင်းရမယ်”လို့ နေ့စဉ် တွေးလည်းတွေး ပါးစပ်ကလည်း ပြောမိနဲ့ လက်ရှိအခြေအနေကို မတင်းတိမ်နိုင် ဖြစ်နေပါတယ်။

ဒီလိုနဲ့ တစ်ရက် ညမှာ အရင်လိုပဲ အဘကြွလာပြီး “လှစိန် ထစမ်း …၊ မင်းဟာ တော်တော် လောဘကြီးတာပဲ …၊ ခုလို ကူညီထားတာတောင် ဒီထက်သက်သာမယ့်အလုပ် တောင်းနေသေးတယ်” ပြောတော့ ဦးလှစိန်ကလည်း ‘နေ့စဉ်ထိုင်ပြီး ဗေဒင် ဟောရတာ ညောင်းညာကိုက်ခဲပြီး အဆင်မပြေ ကြောင်း၊ ဒီထက် သက်သာပြီး ငွေရမယ့်ပညာပေးဖို့ တောင်းပါတယ်။ အဘကလည်း “တခြား ပညာပေးရင် ကတိပျက်တဲ့အခါ ဒုက္ခရောက်မှာစိုးလို့ပါ”လို့ ပြန်ပြောပါတယ်။ အဘတောင်းတဲ့ကတိ တည်အောင်နေပါ့မယ် …၊ သက်သက်သာသာနဲ့ ငွေရမယ့်ပညာ ပေးဖို့ ထပ်ခါထပ်ခါတောင်းတော့မှ “ကဲ …ဒီလိုဆိုလည်း သင်ပေးမယ်၊ ကတိမတည် ရင်တော့ မင်း ဒုက္ခဖြစ်မယ်နော် …”လို့ ပြောပြီး ပုဆိုးခါးလိပ်ထဲကနေ ဓာတ်လုံးတစ်လုံးထုတ်ယူပြီး
“ဒီဓာတ်လုံးနဲ့ ရွှေဖြစ်အောင် လုပ်နည်းကိုပြောပြ ပြီး တစ်ခါလုပ်ရင် တစ်မူးသာ လုပ်ရမယ်လို့ ကတိ အထပ်ထပ်တောင်းပါတယ်။ (တစ်မူး၊ တစ်ပဲ ဆို သည်ကို သိပ်မမှတ်မိတော့ပါ။) ဦးလှစိန်ကလည်း ကတိတွေ အလီလီပေးပြီး ပြောတော့မှ ထိုအဘ မျက်စိရှေ့တင် ပျောက်ကွယ်သွားပါတယ်။

ဒီလိုနဲ့ ဦးလှစိန်ဟာ တစ်ကြိမ်လုပ်ရင် ရွှေ တစ်မူး၊ တစ်ပဲနှုန်းနဲ့ဖြစ်ပြီး သူဖြစ်ချင်သလို သက် သက်သာသာနဲ့ ငွေရလို့ အဆင်ပြေနေပါတယ်။ တကယ်ဆို အဲလို ပုံမှန်လေးနဲ့ အေးချမ်းနေရမှာပါ။ ဒါပေမဲ့ ဒီလိုလုပ်နေတာ နှစ်ကြာလာတော့ သူ့မိန်းမ အပါအဝင် မိသားစုက “ကိုလှစိန် …ခုဆို ရှင် ဝိဇ္ဇာဖြစ်ပြီ၊ ဒီတော့ တစ်မူးတစ်ပဲ မလုပ်ပါနဲ့ …၊ တစ်ပိဿာလောက်လုပ်ပါ …၊ ဒါဆို ခဏခဏ မလုပ်ရဘူး …၊ တစ်ခါတည်းလည်း သူဌေးဖြစ်တာ ပေါ့ …” လို့ တိုက်တွန်းပါတယ်။ ဦးလှစိန်ဟာ တစ်ကြိမ် နှစ်ကြိမ် ပြောစဉ်က ဘာမှမဖြစ်ပေမယ့် အကြိမ်ကြိမ်ပြောလာတဲ့အခါ “အေးလေ …သူတို့ ပြောသလို လုပ်ကြည့်မယ် …၊ အဘလည်း သိတာ မှ မဟုတ်တာ …” ဆိုတဲ့အတွေးနဲ့ လောဘစိတ် ဖြစ်လာပါတယ်။ နောက်တော့ ပြောတဲ့အတိုင်း စတင် ဆောင်ရွက်ဖို့ ပြင်ဆင်ပါတယ်။ သူ့ရဲ့ဖိုကို ပြင်ပြီး လုပ်မယ့်အခါ သူ့နားထဲမှာ “လှစိန် …မင်း ကတိ ဖျက်ရင် ဒုက္ခရောက်မယ် …၊ လောဘကို သတ်လိုက် …”လို့ ပြောသံကြားတဲ့အခါ ကြောက်ပြီး မလုပ်ဖြစ်ပါဘူး။ နောက်ရက်အတန်ကြာလို့ ထပ်ပြီး သူ့အိမ်က ရွှေတစ်ပိဿာလုပ်ဖို့ တိုက်တွန်းပြန်ပါတယ်။ ဒီတစ်ခါလည်း သတိပေးသံ ကြားရပါတယ်။ ဒါနဲ့ မလုပ်ဖြစ်ပြန်ပါဘူး။
နောက်ထပ် ရက်အတန်ကြာလို့ တိုက်တွန်းတဲ့အပြင် “ဝိဇ္ဇာဖြစ်လို့ ရွှေလုပ်နိုင်ရဲ့နဲ့ မလုပ်ဘူး၊ အလကား ဘာမှအားမကိုးရဘူး …” စသဖြင့် မြည်တွန်လာလို့ တတိယအကြိမ် လုပ်မယ်လို့ ပြင်ဆင်ပါတယ်။ ဒီတစ်ခါ ဘာသတိပေးသံမှ မကြားရလို့ အဘတော့ ငါ့ကို လက်လျှော့သွားပြီနဲ့ တူတယ်ဆိုပြီး သူ့လုပ်ငန်းကို လုပ်ပါတယ်။ လုံထဲကို သူ့ပြဒါး ရှင်လုံးထည့်ပြီး ခဏအကြာမှာ လုံထဲကနေ “ရွှီ” ဆိုပြီး ပြဒါးရှင်လုံးက တက်လာပါတယ်။ သူ့မျက်လုံး နဲ့တည့်တည့်လောက်မှာ အရောင်တွေလင်းပြီး ပြဒါး ရှင်လုံး ရပ်နေတာတွေ့ရတော့ တစ်ခါမှ ဒီလိုမဖြစ် ဘူးလို့ ကြောင်ပြီးကြည့်နေမိပါတယ်။ ခဏနေတော့ “ရွှီ”ဆိုတဲ့အသံနဲ့ အိမ်ခေါင်မိုးကို “ဒိုင်း”ခနဲ ဖောက်ထွက်သွားပါတယ်။ သူလည်း သတိလစ်ပြီး မေ့လဲ သွားပါတယ်။ အသံက ကျယ်လွန်းလို့ အိမ်နီးချင်းတွေရော ရဲစခန်းကပါ သေနတ်သံကြားတယ်ဆိုပြီ လာစုံစမ်းပါတယ်။ သတိမေ့နေတဲ့ ဦးလှစိန်နားထဲမှာ “လှစိန် …အတော်မိုက်တဲ့ကောင်၊ စနေနေ့မနက် ၇ နာရီ ရွှေတိဂုံဘုရား စနေထောင့်ကိုလာခဲ့ …” ဆိုပြီး ပြောတာကြားမှ သတိရလာပါတယ်။ ပြဒါး ရှင်လုံးရှာတာ မတွေ့တော့ မျက်ရည်တောင် ကျမိပါတယ်။

ဒီလိုနဲ့ စနေနေ့ရောက်တော့ အဘပြောတဲ့အတိုင်း ရွှေတိဂုံဘုရားပေါ် တက်ရှာပါတယ်။ နှစ်ပတ် သုံးပတ် ပတ်မိတော့မှ စနေထောင့်မှာ တစ်ယောက် တော့ ထိုင်နေတယ်။ သွားကြည့်ဦးမှဆိုပြီး ပုတီးစိပ်နေတဲ့ရှေ့ကနေ မျက်နှာကိုကြည့်မိတော့မှ သူ့ကို အိပ်မက်ထဲမှာ လာလာတွေ့တဲ့ အဘဖြစ်နေပါတယ်။ အဘက “ဟေ့ကောင် …ဘုရားလာပြီး ငါ့ကို ကြည့်မနေနဲ့၊ ဘုရားရှိခိုး …” လို့ ပြောမှ ဘုရား ကန်တော့ပါတယ်။ ပြီးတော့ သူ့ရဲ့ဖြစ်ကြောင်းကုန် စင်ကို ငိုသံနှောပြီး ပြောပြပါတယ်။ အဘက “လှစိန် ငါ့မှာ ဓာတ်လုံးတစ်လုံး ရှိသေးတယ်ကွ …၊ ဒီမှာ” ဆိုပြီး ပုဆိုးလိပ်ဖြည်လို့ ဓာတ်လုံးတစ်လုံး ထုတ်ပြပါတယ်။ ဓာတ်လုံးပေါ်မှာ ဟင်္သာနှစ်ကောင် ထပ်နေ တာလေးတောင် ပါပါတယ်။ ဦးလှစိန်က “ဟာ ဟုတ်တယ် …၊ ကျွန်တော့်ဓာတ်လုံးလေးပဲ …” ဆိုပြီး ပြန်တောင်းပေမယ့် ဓာတ်လုံးကို ပုဆိုးလိပ်ထဲ ပြန်ထည့်ပြီး “လှစိန် …မင်း အတော်မိုက်တာပဲ၊ အတန်တန်တားရဲ့နဲ့ နားမထောင်ဘူး၊ လောဘတက် နေတယ် …၊ မင်းနဲ့မတန်ဘူးကွ …၊ မင်း ငါ့ကို ဘယ်သူထင်လဲ …၊ —–မြို့၊ —–ဒေသ ကနေ၊ —–အချိန်မှာ ဓာတ်လုံးနဲ့အောင်လို့ ဝိဇ္ဇာ ဖြစ်သွားတဲ့ ——ပဲကွ …” လို့ ပြောပါတယ်။

“မင်းဟာ ငါ့တပည့်ဖြစ်ခဲ့ပြီး ငါ့ဓာတ်စခန်း အောင်ဖို့ ပါရမီဖြည့်ခဲ့လို့ ငါလာမçတာကွ …၊ ခုတော့ လောဘစိတ်ကြောင့် ကတိပျက်၊ သစ္စာဖျက် လို့ မင်းကို ကယ်လို့မရတော့ဘူး …၊ မင်းထိုက်နဲ့ မင်းကံ အပြစ်တွေဆပ်ပေါ့ကွာ …၊ ပြီးရင် အသက် ရှင်သမျှ ရတနာသုံးပါးမမေ့နဲ့ …၊ သီလစောင့်ထိန်းပါ..၊ မင်းနဲ့ငါ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့” လို့ ပြောတော့ ဦးလှစိန်က ငိုနေပါတယ်။ ဘိုးတော် က “ကဲ …ဟေ့ကောင် ဘုရားကန်တော့ …” လို့ ပြောလို့ ဘုရားကို ငုံ့ကန်တော့ပြီး ပြန်အကြွမှာ ဘိုးတော် မရှိတော့ပါဘူး။

ဒါနဲ့ စိတ်ညစ်ညစ်နဲ့ ဘုရားကဆင်းလာတာ သူ ဘာဖြစ်လို့ဖြစ်မှန်းမသိဖြစ်ပြီး အိမ်ပြန်မရောက် တော့ပါဘူး။ ဒီလိုနဲ့ တစ်နေ့ ရွှေတိဂုံဘုရားပေါ်တက် ပြီး အိပ်ပျော်သွားတာ နိုးလာလို့ အိမ်ပြန်မယ်ဆိုပြီး ပြန်တဲ့အခါ သူ့အိမ်က အရင်လိုမဟုတ်ဘဲ ပြောင်းလဲ နေပါတယ်။ အကုန်လုံးကလည်း သူသေပြီလို့ မှတ် ထင်နေကြပါတယ်။ မေးကြည့်မှ သုံးနှစ်ခန့်ကြာပြီး ပျောက်နေတာလို့ သိရပါတယ်။

ခုတော့ အရင်လိုပါပဲ။ ဘာမှလုပ်လို့ မရတော့ ပါဘူး။ ဦးခင်ကြည် ပြောပြချက်အရ သူများတွေ ဖိုထိုးလို့ ရွှေအနည်းအပါးဖြစ်တယ်ဆိုပြီး ဦးလှစိန်ကို ထိုးခိုင်းရင် ဘာမျှမဖြစ်ပါဘူး။ ဦးလှစိန်ဟာ ကျွန် တော်တို့အိမ် ပါလာတော့ သမ္မာအာဇီဝကျကျ ထရံ ယက်ပြီး အသက်မွေးပါတယ်။ ဒီအကြောင်းတွေ ပြောပြတော့လည်း ဝမ်းနည်းစိတ်ကြောင့် မျက်စိ မျက်နှာ ပျက်နေရှာပါတယ်။ နားထောင်ရတဲ့ ကျွန် တော်တို့လည်း စိတ်မကောင်းဖြစ်ကြပါတယ်။

ဒီထဲက ပုဂ္ဂိုလ်တွေရဲ့အမည်ဟာ အမည်ရင်း၊ နေရပ်ကလည်း အမှန်တွေပါ။ ခုချိန်မှာ ဦးလှစိန် ရှိသေးလား၊ မရှိတော့ဘူးလား မသိတော့ပါဘူး။ ရှိ နေသေးရင်လည်း နောက်လူတွေ အတုယူ သတိ ထားပြီး မမှားသင့်တာ မမှားရလေအောင် ရေးသား တာမို့ ကျွန်တော့်ကို နားလည်ပေးပါ။ တကယ်တော့ ဦးလှစိန်ဟာ ကိုယ်တိုင် အိပ်မက်မဟုတ်ဘဲ ဝိဇ္ဇာနဲ့ တွေ့ပြီး ဝိဇ္ဇာကူညီတာ၊ မစတာ ခံခဲ့ရတဲ့သူ တစ်ဦး ပါ။ ဒါပေမဲ့ လောဘဇောကြောင့် ကတိပျက်မိလို့ ခုလို ဖြစ်သွားတာပါ။ စာဖတ်ပရိသတ်များလည်း ဒီအဖြစ်အပျက်ကို နမူနာယူပြီး ထားသင့်တဲ့လောဘ ထက် ပိုပြီးမထားဘဲ သင့်တင့်တဲ့စိတ်နဲ့ မိမိတို့ဘဝ အဆင့်ဆင့်မြင့်တက်ပြီး သာသနာပြုနိုင်ပါစေ …။ သာသနာ့ရန်စူးရန်ငြှောင့်တွေကို ဖယ်ရှားရှင်းလင်း နိုင်ပါစေ။ အစစအရာရာ အောင်မြင်ကြပါစေကြောင်း မေတ္တာရေလောင်းလိုက်ပါရစေ …။


ဆရာကိုကျော်ဟန်

ဝ၉၂၅၀ဝ၆၃၉၂၂၊ ဝ၉၇၉၉၉၈၁၀၈၃