အလုပ်ကံ

သင်ရဲ့အလုပ်ကံက ဘယ်လိုလဲ

ချစ်စွာသော စာရှုသူများအတွက် မိမိတို့၏ ဖွားဇာတာကိန်း ခန်းကိုလိုက်၍ ကြုံတွေ့လာနိုင်သော အလုပ်ကံများအကြောင်းကို အဟုတ်အမှန် ရေးသားလိုက်ရပေတော့သတည်း။

လူကြီးသူမတို့သည် ကလေးငယ်များအား ‘သားသား ကြီးလာရင် ဘာလုပ်မှာလဲ၊ မီးမီး ကြီးလာရင် ဘာလုပ်မှာလဲ…’ စသည်ဖြင့် မေးမြန်းလေ့ရှိတတ်၏။

ကလေးငယ်များကလည်း ‘သားသားကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မှာ’

‘မီးမီးကြီးလာရင် ဆရာဝန်မကြီးလုပ်မှာ…’

‘သားသားကြီးလာရင် လေယာဉ်ပျံကြီး မောင်းမှာ…’

‘မီးမီးကြီးလာရင် အဆိုတော်ကြီး လုပ်မှာ…’ စသည်ဖြင့် ပြန်၍ပြောလေ့ရှိကြလေ၏။

များသောအားဖြင့် ငယ်စဉ်တောင်ကျေး ကလေးဘဝက ထိုသို့လျှင် စိတ်ကူးထင်ရာ ပြောခဲ့ကြသော ရည်ရွယ်ချက်များအတိုင်း ဖြစ်လာသူများရှိသကဲ့သို့ မဖြစ်လာသူများလည်း ဒုနဲ့ဒေးပါပေ…။

ကျွန်ုပ်၏ ဦးလေးတော်စပ်သူတစ်ဦးမှာမူ ၎င်းအား လူကြီးမိဘတို့က ‘သားကြီးလာရင် ဘာလုပ်မှာလဲ’ဟု မေးလေတိုင်း ၎င်းက ‘ရေခဲမုန့်ရောင်းမယ်…’ ဟု ထွေလီကာလီ ပြန်၍ဖြေလေ့ရှိလေ၏။ ၎င်း၏ အဖြေကိုကြားလျှင် လူကြီးမိဘတို့မှာ ဝါးကနဲ ရယ်သူတို့ကလည်း ရယ်ကြ၏။ ‘ကောင်လေး… ပေါက်တတ်ကရ…’ဟု ဆိုကာ ခေါင်းကို ခေါက်သူကလည်း ခေါက်ကြ၏။ ဆရာဝန်ကြီးဖြစ်လာရန်၊ စစ်ဗိုလ်ကြီးဖြစ်လာရန် ရည်မှန်းပါ့လားဟု လူကြီးများက ဖျောင်းဖျောင်းဖျဖျ တိုက်တွန်းလျှင်လည်း ၎င်းကမူ ရေခဲမုန့်ရောင်းစားမယ်ဟူသော အဖြေကိုသာ ပေးမြဲဖြစ်ပါလေတော့၏။

ငယ်စဉ်ဘဝတစ်လျှောက်လုံး ရေခဲမုန့်ရောင်းစားမယ်ဟုသာ တွင်တွင်ကြီးဖြေခဲ့သော ကျွန်ုပ်၏ဦးလေးသည် အချိန်တန်အရွယ်ရောက်သောအခါတွင်မူ သူ၏ရည်းစားကိုအကြောင်းပြုကာ အဖြေပြောင်းသွားခဲ့ပါလေတော့၏။ သူ၏အဖြေမှာ ‘ဌာနဆိုင်ရာတစ်ခုခုမှာဝင်ပြီး အရာရှိကြီးလုပ်မယ်…’ဟု ဖြစ်သွားလေတော့၏။

သူ့ရည်းစား၏မိဘအသိုင်းအဝိုင်းမှာ များသောအားဖြင့် အရာရှိ၊ အရာခံများ ဖြစ်လေ၏။ ထို့ကြောင့် သူတို့၏သမီးကို သာမန်စီးပွားရေးသမား၊ လက်လုပ်လက်စား ဆိုလျှင် လုံး၀ သဘောမတူနိုင်ဘဲ အရာရှိအသိုင်းအဝိုင်းထဲမှသာ ပေးစားမည်ဟု အရပ်ထဲတွင် ကျယ်လောင်စွာ လေသံပစ်ထားလေ၏။ သို့ဖြစ်သောကြောင့်လည်း ကျွန်ုပ်၏ဦးလေးခများ တစ်သက်လုံး ရေခဲမုန့်ရောင်းစားမယ်ဟု တွင်တွင်ကြီးပြောခဲ့ရာမှ နောင်သော် အရာရှိကြီးလုပ်မယ်ဟု ပြောင်းသွားခဲ့ခြင်းဖြစ်ပါလေတော့၏။

အမှန်တကယ်လည်း ကျွန်ုပ်၏ဦးလေးသည် ဘွဲ့ရပြီးသည့်နောက် သစ်တောဌာနသို့ ဝင်ရောက်ကာ အမှုထမ်းလေ၏။ အရာရှိတစ်ဦး ဖြစ်လာရေးအတွက် သည်းသည်းထန်ထန် ကြိုးပမ်းလေ၏။ ထိုရောအခါ မိဘများကပင် ‘ဟဲ့.. အကောင်ရဲ့ …၊ ရေခဲမုန့် ရောင်းမစားတော့ဘူးလား…’ဟု ရိသဲ့သဲ့ ပြောလာရလေတော့၏။

၆ နှစ်ခန့်ကြာသောအခါ ကျွန်ုပ်၏ဦးလေးသည် အရာရှိပေါက်စကလေး ဖြစ်လာပြီဖြစ်၏။ သူ အရာရှိပေါက်စကလေးဖြစ်ပြီး နောက်တစ်နေ့မှာပင် အဖမ်းခံရလေတော့၏။ သစ်မှောင်ခိုသမားများနှင့်ပေါင်း၍ တရားမဝင်သစ်များထုတ်သောကိစ္စတွင် အမှုတွဲလေသောကြောင့် အလုပ်ပြုတ်သည့်အပြင် ထောင်နန်းစံခဲ့ရလေတော့၏။ သူ့အား အမိန့်မချမီမှာပင် ‘ငါတို့အမျိုးထဲမှာ အဲဒီလိုမျိုးမရှိဘူးဟေ့…’ဟု ဆိုကာ ယောက္ခမဖြစ်သူများက သူတို့၏သမီးကို ပြန်သိမ်းသွားခဲ့ပါလေတော့၏။

ကျွန်ုပ်၏ဦးလေးသည် ထောင်မှလွတ်လာပြီးနောက် ပွဲရုံတစ်ခုတွင် စာရေးဝင်လုပ်လေ၏။ တစ်ပတ်ပြည့်သောနေ့မှာပင် အလုပ်ရှင်နှင့်စကားများကာ ထိုးကြကြိတ်ကြသည်အထိဖြစ်ပြီး အလုပ်ပြုတ်လေတော့၏။

နောက်ဆုံးတွင်မူ ကျွန်ုပ်၏ဦးလေးသည် ကြံရာမရဖြစ်ပြီးနောက် ရန်ကုန်သို့သွားကာ ဟိုတယ်တစ်ခု၌ စားပွဲထိုးကြီးဝင်လုပ်ရင်း ရေခဲမုန့်လုပ်နည်းကို သင်ယူလေ၏။ ပြီးနောက် ဇာတိမြို့ကလေးသို့ပြန်လာကာ ရေခဲမုန့်လုပ်ငန်းကို လုပ်လေ၏။ သူ၏ ရေခဲမုန့်သည် အခြားရေခဲမုန့်များနှင့် အတူတူပင်ဖြစ်သော်လည်း မည်သည့်နေရာတွင် ကွဲပြားသည်မသိ။ စားသုံးရသူအပေါင်းမှာ ပြောမပြတတ်သော အရသာတစ်ခုထူးနေသည်ဟု ခံစားကြရလေ၏။

ထို့ကြောင့်လည်း အလှူပွဲ၊ မင်္ဂလာပွဲ၊ ဧည့်ခံပွဲများတွင် ဦးလေး၏ရေခဲမုန့်သည် လက်မလည်အောင် ဇာတ်လိုက်ကျော် ဖြစ်ခဲ့ရလေတော့၏။ သူ၏ရေခဲမုန့်အမည်က လည်း ထူးထူးခြားခြားဖြစ်၏။ အရာရှိ၊ အရာခံကိုမှ သဘောကျသည်ဆိုသော သူ့ဇနီး ဟောင်း၏ မိဘအသိုင်းအဝိုင်းများဘက်က စိတ်ကလေးပြန်၍ လည်လာလိုလည်လာငြား ရေခဲမုန့်အမည်ကို ‘အရာရှိကြီး’ရေခဲမုန့်ဟု ပေးထားလေ၏။

အမှန်တကယ်လည်း ကျွန်ုပ်၏ဦးလေးသည် ရေခဲမုန့်လောက၌ ဆရာကြီးတစ်ဆူ၊ ဘုရင်ကြီးတစ်ပါး ဖြစ်လာခဲ့လေရာ သူ့ဇနီးဟောင်း၏ အသိုင်းအဝိုင်းကလည်း ရေခဲမုန့်အရာရှိဆိုတော့လည်း ပိုပြီးတော့တောင် ရှားရှားပါးပါး ထူးထူးခြားခြားပဲဟဲ့ဟု သဘောခွေ့တော်မူကာ ၎င်းင်းတို့ဇနီးမောင်နှံအား ကံအကြောင်းဟုတ်လေသောကြောင့် ပြန်ပေါင်းထုပ်စေခဲ့ပါလေတော့၏။

တစ်ချိန်တွင် ကျွန်ုပ်သည် ဗေဒင်ဆရာတစ်ဦးဖြစ်လာသောအခါ လူတို့၌ တစ်ဦးနှင့်တစ်ဦး အလုပ်အကျိုးပေးကံချင်း ကွဲပြားခြားနားသည်ကို ပို၍ပို၍ သိလာခဲ့ရပါလေတော့၏။ ဗေဒင်ကျမ်းများမှ တွက်ကိန်းအသိများထက် မိမိထံ ဗေဒင်လာမေးသူများ၏ မျက်မြင်လက်တွေ့ လုပ်ငန်းကိုင်ငန်းအခြေအနေများနှင့် ချိန်ဆမိကာ ပရိသတ်များထံမှရသောပညာကြောင့် ပို၍ပင် သဘောပေါက်လာရပါလေတော့၏။

ထို့ကြောင့်လည်း ချစ်စွာသော စာရှုသူများအတွက် မိမိတို့၏ ဖွားဇာတာကိန်း ခန်းကိုလိုက်၍ ကြုံတွေ့လာနိုင်သော အလုပ်ကံများအကြောင်းကို အဟုတ်အမှန် ရေးသားလိုက်ရပေတော့သတည်း။

မိမိ၏ မြန်မာမွေးခုနှစ်ကိုတည်၍ ၇ ဖြင့်စားပါ။

(၁)ကြွင်းသောသူများသည် အလုပ်တစ်ခုတည်းတွင် စွဲစွဲမြဲမြဲ အခြေချလုပ်ကိုင် ခြင်းဖြင့် အကျိုးမပေးတတ်ပါ။ မကြာခဏ အလုပ်ပြောင်းရွှေ့ခြင်း၊ ပေါ်ပင်အလုပ်များ ကိုလုပ်ကိုင်ခြင်း၊ သို့မဟုတ် ကူးသန်းသွားလာ ပြောင်းရွှေ့နေရသောအလုပ်များဖြင့် အကျိုးပေးထက်သန်တတ်ပါသည်။

(၂)ကြွင်းသောသူများသည် အနုပညာဆိုင်ရာကဲ့သို့ နာမည်ဂုဏ်သတင်း ထင် ပေါ်ကျော်ကြားခြင်းနှင့်ပတ်သက်သည့် အလုပ်များနှင့် အထူးအကျိုးပေးတတ်ပါသည်။ မိမိ၏အလုပ်တွင် ဆရာကြီးတစ်ဆူအဖြစ် အောင်မြင်ထွန်းပေါက်တတ်ပါသည်။ ကိုယ် ပိုင်အကြံဉာဏ်၊ ကိုယ်ပိုင်စီးပွားဖြင့် အထူး ချမ်းသာကြွယ်ဝတတ်ပါသည်။

(၃)ကြွင်းသောသူများသည် ဝန်ထမ်းကဲ့သို့သောအလုပ်များ၌ အကျိုးပေးထက် သန်တတ်ပါသည်။ ရာထူးဂုဏ်ရှိန်ကြီးခြင်း၊ အလုပ်နှင့်ပတ်သက်၍ ဆုထူး ဘွဲ့ထူး ဂုဏ်ထူးများ ရရှိခြင်း ခံစားရတတ်ပါသည်။ အလုပ်၌ အတက်အကျအပြောင်းအလဲ လည်း မြန်ဆန်တတ်ပါသည်။ ငွေကြေးစီးပွားထက် ရာထူးဂုဏ်ရှိန်ပိုင်းကို ဦးစားပေး သင့်သောဇာတာရှင်များဖြစ်ပါသည်။

(၄)ကြွင်းသောသူများသည် အများနှင့်မတူ တမူထူးခြားသော အလုပ်များကို လုပ်ရတတ်သည်။ စီးပွားရေးဆန်ဆန်မဟုတ်ဘဲ လူမှုရေးအလုပ်၊ ပရဟိတအလုပ်၊ အများအား ကူညီကယ်တင်ရသောအလုပ်၊ လှူတန်းပေးကမ်းရသောအလုပ်များဖြင့် ထူးထူးချွန်ချွန်ပေါက်မြောက်တတ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်နေရာချထားရေး ကဲ့သို့သောအလုပ်များ၌ အားပြုသင့်ပေသည်။

(၅)ကြွင်းသောသူများသည် ဝန်ထမ်းအဖြစ် အကျိုးပေးအားမကောင်းတတ်ပါ။ မကြာခဏ အလုပ်ပြောင်းခြင်း၊ အလုပ်ပြုတ်ခြင်း၊ မိမိဝင်လုပ်သောအလုပ် ရပ်ဆိုင်း သွားခြင်းများ ကြုံရတတ်ပေသည်။ ကျန်းမာရေးဆိုင်ရာ၊ ကုသရေးဆိုင်ရာနှင့် ဆေးဝါး လုပ်ငန်းများ၊ အသက်ကယ်တင်သောလုပ်ငန်းများ၌ စွမ်းစွမ်းတမံ အောင်မြင်တတ်ပါ သည်။ သု့ိရာတွင် အဖွဲ့အသင်း အများနှင့်ပေါင်းစု၍လုပ်ခြင်းထက် တစ်ကိုယ်တော် ကြိုးစားခြင်းက ပို၍ အကျိုးပေးတတ်ပါသည်။

(၆)ကြွင်းသောသူများသည် ထူးခြားနက်နဲ ဆန်းကြယ်သောအလုပ်များနှင့် အကျိုးပေးထက်သန်တတ်ပေသည်။ ဘာသာရေးလုပ်ငန်းများ၊ ဗေဒင်၊ ဂမ္ဘီရ၊ အဓိဋ္ဌာန် ကျင့်စဉ်လုပ်ငန်းများ၊ ရှေးဟောင်းပစ္စည်းရှာဖွေခြင်း၊ ရေအောက်ထဲမှ ရွှေ၊ ရေနံ၊ ရတနာ၊ ဓာတ်သတ္ထု… စသည့်ပစ္စည်းများရှာဖွေခြင်းအလုပ်များ၌ သူမတူအောင် ထူးချွန်တတ်ပေသည်။ ရှေးဟောင်းပစ္စည်း၊ ပစ္စည်းဟောင်း၊ အဆောက်အအုံဟောင်း နှင့်ပတ်သက်သော လုပ်ငန်းများ၌လည်း အကျိုးပေးအားကောင်းတတ်ပေသည်။

(ဝ)ကြွင်းသောသူများသည် တစ်နေရာတည်း၌ စောက်ချ၍လုပ်ကိုင်ရတတ် သော လုပ်ငန်းမျိုးနှင့် အကျိုးမပေးတတ်လှပါ။ ကူးသန်းသွားလာပြောင်းရွှေ့နေရသော အလုပ်များနှင့် ပို၍ အကျိုးပေးတတ်ပါသည်။ ဘိုးဘွားမိဘတို့၏ လက်ငုပ်လက်ရင်း လုပ်ငန်းများဖြင့်လည်း ကြီးပွားချမ်းသာတတ်ပါသည်။ အထူးသဖြင့် မိသားစု၏အလုပ် ကို ဝိုင်းဝန်းလုပ်ကိုင်ပေးရခြင်း၊ ဆရာသမားကြီးကဲသူတို့၏ အလုပ်များကို ဝိုင်းဝန်း လုပ်ကိုင်ပေးရခြင်းမျိုးဖြင့် ကြီးပွားချမ်းသာနိုင်ပေသည်။ အမွေဆက်ခံသောလုပ်ငန်း မျိုးဖြင့် အထူးအောင်မြင်တတ်ပေသည်။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ