အိမ်ပိုင်ချင်ရင်

အိမ်ပိုင်ချင်ရင် ဒီလိုလုပ်

“ကဲ ဒီအပတ်တော့ ခုနစ်ရက်သားသမီးများ အိမ်ပိုင်ယာပိုင်ရဖို့ရန်အတွက် အကြံအစည် အထမြောက်ဖို့ရာ …
အိမ်ရှိဘုရားရှင်နှင့် အဘဘိုးမင်းခေါင်အား ကြံရည်နှင့် အဖန်ရည်ကပ်၍ အုန်းသီးအခွံနှင့် စာကလေးအိမ်လုပ်ပြီး အုန်းဆံကြိုးကျစ်၍ ချည်ပါ။ ပြီးနောက် မိမိအိမ်ရှေ့ တံစက်မြိတ်အောက်၌ တွဲလောင်းချထား၍ အစာလေးများလည်း ထည့်ထားပေးပါ။ စာကလေးများ အဝင်အထွက်များပြီ ဆိုတာနဲ့ တစ်နှစ်အတွင်း အိမ်ရပြီလို့ မှတ်လိုက်တော့။

မှတ်ချက်။ ။

  • (အဘဘိုးမင်းခေါင် ဓာတ်ပုံ၊ ရုပ်တုမရှိလျှင် ရည်မှန်း၍ ကပ်လှူပါ)
  • (အုန်းသီးအခွံအား အုန်းသီးခြစ် ညှစ်သည့် ဆိုင်တွင်ရနိုင်သည်)

နောက်တစ်ခုကတော့ ခုနစ်ရက်သားသမီးများအားလုံး အိမ်မှာလည်း ဆူဆူပူပူ မဖြစ်ရအောင် ဧည့်သည်ကောင်းလဲလာဖို့ အဘပေးတဲ့ နည်းလေးနဲ့ ဘုရားရှင်အား ရက်ပေါင်း ၁၀၈ ရက် မီးပူဇော်ကြရအောင် မြေအိုးခပ်တန်တန် တစ်လုံးထဲ၌ သဲအပြည့်ထည့်၍ သဲပေါ်၌ အုန်းသီး အခွံချွတ်တစ်လုံး တင်၍ ထိုအုန်းသီး၌ ထုံးနှင့် (ဧ)လို့ ထင်ထင်ရှားရှားရေးပြီး အုန်းသီးထိပ်၌ ဖယောင်းတိုင်အဖြူရောင် တစ်တိုင်ထွန်းပြီး ဘုရားမီးပူဇော်၍ လေးလေးနက်နက် ဆုတောင်းပါ။ အနည်းဆုံးတစ်နေ့တစ်တိုင် မိမိမွေးနေ့မှစ၍ ၁၀၈ ရက်ပူဇော်ပါ။

  • မှတ်ချက်။ ။ ဘုရားစင်ရှေ့၌ ပြုလုပ်ရန်။

မြတ်သိမ်းခိုင်(စမ်းချောင်း)