မိဘလုပ်ကျွေး ဘေးရန်ဝေး၏

လွန်လေပြီးသောအခါက ဗာရာဏသီပြည် ရှိ တောအုပ်ကြီးတစ်ခုတွင် ဘုရားလောင်းသည် လင်းတမျိုး၌ ဖြစ်ခဲ့ပါသည်။ အရွယ်ရောက်လာ သောအခါ အလောင်းတော် လင်းတ၏ မိဘနှစ်ဦး   မှာ အိုမင်းမစွမ်းဖြစ်၍ အစာရေစာကိုပင် ရှာဖွေ  မစားနိုင်ဘဲ ရှိနေခဲ့ပါသည်။ ထို့ကြောင့် အလောင်း တော် လင်းတသည် မိဘတို့ကို လင်းတဂူ၌ နားနေ စေပြီး အစာရေစာကို ရှာဖွေကျွေး၍ ဝတ်ကြီးဝတ် ငယ်တို့ကို ပြုစုပေးနေပါသည်။

ထိုအချိန်တွင် မုဆိုးတစ်ယောက်သည် လင်းတများ ကျက်စားရာ သုသာန်၌ ကျော့ကွင်းကို ထောင်ထားပါသည်။ တစ်နေ့ အလောင်းတော် လင်းတသည် အသားရှာရန်အတွက် ထိုသုသာန်သို့ ရောက်ရှိခဲ့သည်။ ထိုအခါ အလောင်းတော်လင်းတ သည် မုဆိုးထောင်ထားသော ကျော့ကွင်း၌ ဖမ်းမိ သွားခဲ့ပါသည်။ ကျော့ကွင်းမိနေသော အလောင်း တော်လင်းတသည် မိမိလွတ်မြောက်ရေးကို မအောက်မေ့ဘဲ အရွယ်လွန်၍ အိုမင်းမစွမ်းရှိနေ သော မိဘတို့အတွက် “ငါ၏မိဘတို့သည် ငါ ကျော့ကွင်း၌ မိနေသည်ကို သိမည်မဟုတ်၊ အချိန် တန်၍ ငါပြန်မရောက်လျှင် သူတို့မည်မျှ ပူဆွေးကြ မည်နည်း၊ ငါမရောက်လာ၍ အစာရေစာမစားရသ ဖြင့် မိဘတို့သည် အစာရေစာပြတ်တောက်ပြီး ပူဆွေး သောကရောက်ကာ သေဖွယ်ရာပင် ရှိတော့မည်”ဟု တွေးမြော်ပြောဆိုငိုကြွေးခဲ့ပါသည်။

မုဆိုးသည် အလောင်းတော်လင်းတ ငိုကြွေးမြည်တမ်းသည်ကို တွေ့မြင်ကြားသိနေ၏။ ထို့ ကြောင့် မုဆိုးမှ ဤကဲ့သို့ ပြောဆိုမြည်တမ်း၍ ငိုကြွေးသောငှက်ကို မမြင်မတွေ့ဖူးကြောင်း၊ အဘယ်ကြောင့် ငိုေြွကးမြည်တမ်းရသည်ကို အလောင်းတော်  လင်းတ သို့မေး၏။ ထိုအခါ အလောင်းတော် လင်းတက မိမိတစ်ဦးတည်းအနေဖြင့် မုဆိုးလက်တွင်း၌ သေဆုံး ရသည်ကို မမှုကြောင်း၊ မိမိအား မှီခိုနေသည့်    အရွယ်လွန် ဒုက္ခိတမိဘနှစ်ဦးမှာ မိမိမရှိပါက သူတို့ လည်း အသက်ဆုံးရှုံးကြမည်ဖြစ်ကြောင်း၊ မုဆိုး၏ လက်ချက်ကြောင့် မိမိတစ်သက်သာ မဟုတ်ဘဲ အသက်သုံးချောင်း ဆုံးရှုံးရမည့်အရေးအတွက် ပူဆွေးကာ ငိုကြွေးမြည်တမ်းနေရကြောင်း ပြောဆိုပါသည်။

ထိုအခါ မုဆိုးမှ လင်းတတို့သည် ယူဇနာ တစ်ရာ အကွာအဝေးရှိ သားကောင်ကိုပင်မြင်တွေ့ သည်ဟု ကြားဖူးကြောင်း၊ ယခု လင်းတသည် အဘယ်ကြောင့် ဤကွန်နှင့်ကျော့ကွင်းကို မတွေ့ မမြင်ရပါကြောင်း မေးမြန်းပါသည်။ ထို့ကြောင့် အလောင်းတော် လင်းတက –

“မုဆိုး …သတ္တဝါတို့မည်သည် အသက်ကံ ကုန်ခြင်း၊ ပျက်စီးခြင်းအဖြစ်သို့ ကျရောက်ချိန်တွင် ကွန်ကိုလည်းကောင်း၊ ကျော့ကွင်းကိုလည်းကောင်း၊ အခြားအရာကိုလည်းကောင်း မတွေ့မမြင်မသိဘဲ ဖြစ်တတ်ပေသည်”

ဟု တရားစကားကိုဆိုပါသည်။ အလောင်း တော် လင်းတ၏ တရားစကားကို ကြားသိရသော မုဆိုးမှ “ပညာရှိသော လင်းတမင်းသည် ငိုကြွေးမြည်တမ်းသော်လည်း မိမိအကျိုးအတွက်မဟုတ်၊ မိဘတို့၏အကျိုးငှာ ငိုကြွေးခြင်းဖြစ်၍ ဤလင်းတမင်းကို သတ်ရန်မသင့်”ဟု တွေးဆမိပါသည်။ ထို့ကြောင့် မုဆိုးက –

“လင်းတမင်း …သင်သည် အိုမင်းမစွမ်းရှိ နေသော မိဘတို့ကို လုပ်ကျွေးပြုစုနိုင်ရန်အတွက် ငါသည်သင့်အား ချုပ်နှောင်ထားရာ ပိုက်ကွန်မှ လွှတ် ပေးပါမည်။ သင်သည် မိဘတို့အား လုပ်ကျွေး၍ ချမ်းသာစွာဖြင့် နေပါလော့”

ဟု ပြောဆိုကာ ချစ်စွာသောစိတ်၊ နူးညံ့သော စိတ်တို့ဖြင့် ကျော့ကွင်းအား ဖြေပေးခဲ့ပါသည်။ ကျော့ကွင်းမှ ထွက်လာသော အလောင်းတော် လင်းတမင်းက –

“မုဆိုး …သင်သည် ခပ်သိမ်းကုန်သော မိဘ၊ ဆွေမျိုးတို့နှင့် ချမ်းသာစွာ နေထိုင်နိုင်ပါစေ။ ငါသည်လည်း လိုဏ်ဂူ၌ ရှိနေသော မိဘတို့အား ချမ်းသာခြင်းအမှုကို ကောင်းစွာပြုပါအံ့”

ဟု မုဆိုးအား အနုမောဒနာ စကားဆိုပါ သည်။ ထို့နောက် အလောင်းတော်လင်းတမင်းသည် ခံတွင်း၌ အသားအပြည့်ဆောင်၍ အိုမင်းမစွမ်းဖြစ် နေသော မိဘများရှိရာလိုဏ်ဂူသို့ ပျံသန်းသွားခဲ့ပါ သည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် မိမိတို့ သည် သက်ကြီးရွယ်အို မသန်မစွမ်းရှိနေခဲ့သော မိဘ တို့အား ကျွေးမွေးပြုစုစောင့်ရှောက်ဖို့ အထူးလိုအပ် ပါသည်။ အရွယ်လွန်၍ အိုမင်းမစွမ်းဖြစ်တည်နေ သော မိဘတို့တွင် ရုပ်ပိုင်းဆိုင်ရာ ဝတ္ထုပစ္စည်းထက် စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုကို အထူးလိုအပ်ပါသည်။  အတူနေသော သားသမီးများမှ အနီးကပ် ခြေဆုပ် လက်နယ်ပြုစုခွင့် ရရှိနိုင်သော်လည်း အဝေးနေသား သမီးများကမူ ယနေ့တိုးတက်နေသော နည်းပညာ ခေတ်တွင် မိမိတို့၏ ရုပ်သံတို့ဖြင့် မိဘတို့အား အားပေးစကား၊ မုဒိတာစကားများ ပွားများစေချင်ပါ သည်။ ဤသည်မှာ အရွယ်လွန်၍ အိုမင်းမစွမ်းဖြစ် နေကြသော မိဘတိုင်း၏ စိတ်ရင်းဆန္ဒပင် ဖြစ်ပါ သည်။

အလျဉ်းသင့်၍ သားသမီးများအတွက် လောကသာရ ဆုံးမစာတွင် မှတ်သားနာယူ ပြုကျင့် အပ်သော စကားစုမှာ –

“မိခင်ဖခင် ကျေးဇူးရှင်ကို ချစ်ခင်မြတ်နိုး ဂူပုထိုးသို့ ရှိခိုးဦးတင် ကြည်လင်မြတ်လေး သိမ်းမြန်း မွေး၍ လုပ်ကျွေးခယ ရိုတုပ်ကွလျက် ကြီးထသက်အို   မျိုးဆွေကိုလည်း ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ် သိမ်း၍ ခပ်သိမ်းမယွင်း ငြိမ်းစေမင်း”ဟု မှတ်သား သမှုကို မေတ္တာပြုအပ်ပါသည်။

ထို့ကြောင့် မိဘကျေးဇူးကို အထူးသိတတ်၍ ပေးဆပ်နေကြသော သားကောင်းသမီးမွန်တို့အ တွက် မိခင် ဖခင်ကျေးဇူးရှင်ကို ပြုစုလုပ်ကျွေး ဘေးရန်ဝေး၏ဟု ပမာပြုအပ်ပေသည်။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး – ငါးရာ့ငါးဆယ် နိပါတ်တော်၊ ကုက္ကုဝဂ်မှ ဂိဇ္ဈ(လင်းတငှက်)ဇာတ်တော်။