ဆရာစုနှင့် အဘအောင်မင်းခေါင် တွေ့ဆုံပုံ

မောင်စု သည် ဗုဒ္ဓဘာသာဖြစ်၍ ဘာသာရေးကို သက်ဝင် ယုံကြည်သည်။ ပုတီးစိပ်ခြင်း၊ သမာဓိထူထောင်ခြင်း ဖြင့် အာရုံနိမိတ်များ ထင်လာသည်။

အမည်မှာ မောင်စုဖြစ်ပါသည်။ ပုသိမ်မြို့ “ရာမည”ရပ်ကွက်တွင် နေထိုင်သည်။ လက်သမား ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ မောင်စု သည် ဗုဒ္ဓဘာသာဖြစ်၍ ဘာသာရေးကို သက်ဝင် ယုံကြည်သည်။ ပုတီးစိပ်ခြင်း၊ သမာဓိထူထောင်ခြင်း ဖြင့် အာရုံနိမိတ်များ ထင်လာသည်။ အထူးသဖြင့် ဝိဇ္ဇာလောကမှ အစောင့်များနှင့် တွေ့ထိ ဆက်ဆံရ လေသည်။ တစ်ခါတစ်ရံ မိမိ ဘာဖြစ်သည်ကိုမသိ။ သူ့သဘောအတိုင်း ဖြစ်နေတတ်သည်။ နောက်မှ သိရသည်မှာ မိမိမှာ ဝိဇ္ဇာမျိုးစေ့ပါလာသည်။ ဝိဇ္ဇာ တွေက စောင့်ရှောက်သည်။ အိပ်မက်နှင့် တစ်မျိုး၊ အာရုံနိမိတ်ဖြင့် တစ်ဖုံ စေခိုင်းတတ်သည်။ ဝိဇ္ဇာလမ်း စဉ်ကို ပေါက်မြောက်ဖို့မှာ အဓိက ဆရာရှိရမည်။ ထို သုံးချက်နှင့်ပြည့်စုံပါက ဝိဇ္ဇာဖောက်ပြီးသော လမ်းကို မပင်မပန်း လျှောက်ရုံပင်ဖြစ်သည်။

ဝိဇ္ဇာတွေက စောင့်ရှောက်ပုံကို ကွက်ကွက် ကွင်းကွင်းသိရန် ဥပမာတင်ရသော် သီဟိုဠ်ခေတ် အချိန်ကာလက ဖြစ်ပါသည်။ ဆုတောင်းကြောင့် တန်ခိုးကြီးသော ဘုရင်တစ်ပါး ပေါ်ထွန်းခဲ့ပါသည်။ အမည်မှာ မိလိန္ဒမင်းဖြစ်သည်။ ဗုဒ္ဓစာပေများကို နှံ့နှံ့စပ်စပ် သိကျွမ်းပြီး ရဟန်းများအား မေးခွန်း များကို လျှောက်ထားလေသည်။ မဖြေနိုင်သော ရဟန်းများကို နေပြည်တော်မှ နှင်ထုတ်တော်မူလေ သည်။ ကိလေသာကင်းစင်သော ရဟန္တာများဖြစ် လင့်ကစား မေးခွန်းတိုင်း မဖြေနိုင်ကြပါ။ ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာများ မဟုတ်ကြပါ။ ကိလေသာကိုသာ သေစေပြီး စာမတတ်သော သာမန်ရဟန်းများစွာ ရှိပါသည်။ ဘုရင်းမင်းမြတ်၏ ခက်ခဲသော မေးခွန်း ပုစ္ဆာများကို မဖြေနိုင်ကြသဖြင့် ဟိမဝန္တာတောင်သို့ ရှောင်ပြေးနေကြလေသည်။

တစ်နေ့ ရဟန္တာများစုဝေးပြီး ဘုရင်မင်းမြတ် ကြီး၏ မေးခွန်းများကို ဖြေရှင်းနိုင်မည့်သူ ရှိ/မရှိ အဘိညာဉ်ဖြင့် ကြည့်သောအခါ မိစ္ဆာမျိုး၌ သန္ဓေ တည်သော ကလေးငယ်ကို သွားတွေ့လေသည်။ ထိုကလေး ကြီးလာပြီး ထိုကလေး၏ ပညာဉာဏ် သည် မိလိန္ဒမင်းကြီး၏ ဉာဏ်ထက် သာလွန်ပြီး မင်းကြီး၏အမေးပုစ္ဆာများကို ဖြေကြားနိုင်မည့်သူဟု သိကြလေသည်။ ထိုအစည်းအဝေးတွင် နောက်ကျမှ တက်ရောက်လာသော ရဟန္တာတစ်ပါးကို အပြစ်ဒဏ် ခတ်မည်ဟု ဆုံးဖြတ်ကြသည်။ ထိုကလေး ဗုဒ္ဓဘာ သာဖြစ်အောင်၊ ရှင်သာမဏေမှ ရဟန္တာဖြစ်အောင် ထိန်းသိမ်း စောင့်ရှောက်ရန်တာဝန်ပေးသော ပြစ်ဒဏ်ချမှတ်လိုက်သည်။

ရှင်နာဂသိန် အလောင်း အလျာ ကလေးဘဝမှ ရဟန္တာ ဘဝသို့ရောက်အောင်စောင့်ရှောက် သော ရဟန္တာကဲ့သို့၊ ဝိဇ္ဇာဖြစ် အောင် ဝိဇ္ဇာများက စောင့်ရှောက် ကြခြင်းဖြစ်ပါသည်။ မိမိစောင့် ရှောက်သော ဝိဇ္ဇာ၏သွန်သင် ဆုံးမမှု စခန်းဝင်၍ စရဏရှိမှု ကြောင့် ဖြောင့်တန်းသောလမ်း ကြောင့် မကြာမီ ဝိဇ္ဇာဖြစ်လာ မည်ဖြစ်သည်။ ရှင်နာဂသိန်သည် ရှေးဆုတောင်း ပဋ္ဌာန်းဆက် ရှိ သလို ဝိဇ္ဇာဖြစ်ရမည့်သူလည်း ဝိဇ္ဇာမျိုးစေ့ ဝိဇ္ဇာပဋ္ဌာန်းဆက်ရှိဖို့ လိုအပ်ပါသည်။ မောင်စု အမည်ရ ကျွနု်ပ်မှာဝိဇ္ဇာမျိုးစေ့ပါလာသည်။ ထို့ကြောင့် ဝိဇ္ဇာလမ်းသို့ မဖြစ် မနေ လျှောက်လှမ်းရပါမည်။

ကျွန်ုပ်သည် မြောင်းမြမြို့ တန် ၁၀ဝ ကျ ဆန်စက်စီမံကိန်းတွင် လက်သမားဆရာအဖြစ် သွား ရောက် တာဝန်ထမ်းဆောင်ရသည်။ စက်ရုံဆောက် လုပ်ခြင်း၊ ဆိပ်ကမ်းတွင် သင်္ဘာဆိပ်ခံခုံ တည် ဆောက်ခြင်းလုပ်ငန်းများကို ကန်ထရိုက်ရသော ဆရာ ဦးဘဦးက ခေါ်ယူခဲ့သဖြင့် သူ့လက်အောက်တွင် လက်သမားအလုပ် လုပ်ရသည်။ မြောင်းမြမြို့သည် ပုသိမ်-ရန်ကုန် သင်္ဘောများ ဆိုက်ကပ်သော ဆိပ် ကမ်းမြို့ဖြစ်သည်။ ရန်ကုန်နှင့် ပုသိမ်တို့မှ နေ့စဉ် အစိုးရသင်္ဘာ နှစ်စင်း ပြေးဆွဲပေးသည်။ ညနေ ၂ နာရီနှင့် ၃ နာရီတို့တွင် ပုံမှန်ထွက်ခွာပြီး တစ်ညလုံး ခုတ်မောင်းရသည်။ လမ်းတွင် မြောင်းမြ၊ ဝါးခယ်မ၊ ဖျာပုံ၊ ကျိုက်လတ်မြို့များတွင် ရပ်နားသည်။ နောက် နေ့ နံနက် ၈ နာရီနှင့် ၁၀ နာရီတွင် ရောက်ကြသည်။  ဧရာဝတီတိုင်းသည် ယခင်က သင်္ဘောဖြင့်သာ ခရီး သွားလို့ရသော ဒေသဖြစ်ပါသည်။

ကျွန်ုပ် ညက အိပ်မက် မက်သည်။ အဘ အောင်မင်းခေါင် ပုသိမ်ကြလာမည်။ သင်္ဘောဖြင့် စီးလာမည်။ မြောင်းမြမှ ကြိုရမည်။ အိမ်မက်သည် တကယ် မဟုတ်ဟု ထားလိုက်သည်။ မိမိတာဝန် လက်သမားအလုပ်ကို လုပ်နေသည်။ စိတ်သည် လေးလာသည်။ ညရောက်သည်အထိ အိပ်လို့မရ။ သင်္ဘောဆိပ်ကိုပဲ သွားချင်နေသည်။ ဘယ်လိုမှ တားမရသော စိတ်တို့သည် ကျွနု်ပ်အား အနိုင်ယူ သွားလေသည်။ လွယ်အိတ်ကို အဝတ်တစ်ထည်၊ အင်္ကျီတစ်ထည် ထည့်ပြီး မိမိဆရာ ဦးဘဦးထံ သွား သည်။

“ဆရာ ဆရာ ထပါဦး”

“ဟာ မောင်စု ဘာအရေးကြီးကိစ္စလဲ။ ညကြီး မင်းကြီး”

“ကျွန်တော် ပုသိမ်ခဏပြန်ချင်တယ်ဆရာ”

“ဟ မင်းဟာက မနေ့တစ်နေ့ကပဲ ပုသိမ်က ပြန်လာတာ။ ခုတစ်ခါ ဘာကိစ္စဖြစ်ရပြန်လဲ?”

“ဘာကိစ္စရယ်လို့ မသိဘူး။ ကျွန်တော် တအား ပြန်ချင်နေတယ်”

“အေး အေး။ မင်းကြည့်ရတာ မပြန်နဲ့ ပြောလည်း လက်ခံမယ့်ပုံမပေါ်ဘူး။ ရော့ ရော့ … လမ်းစရိတ်”

ဆရာဦးဘဦးကို နှုတ်ဆက်၍ သင်္ဘော ဆိပ်သို့ ဆင်းလာပါသည်။ သင်္ဘောက မြောင်းမြကို ည ၂ နာရီလောက်မှ ရောက်မှာ။ ဘယ်အချိန်ရောက် ရောက် မနက်ဖြန် ပုသိမ်ရောက်ဖို့လိုတယ်။ ငါတော့ ဆိပ်ကမ်းက စောင့်မယ်။ ကျွနု်ပ်သည် သင်္ဘောဆိပ်မှ သင်္ဘောအလာကို လည်ပင်းရှည်စွာ စောင့်နေရပါ တော့သည်။

ဟော လာပြီ။ ရန်ကုန်ဘက်က သင်္ဘော တစ်စီးဝင်လာပြီ။ သင်္ဘောမီးမောင်းကြီးက မြစ် ကမ်းများကို လှည့်၍ ထိုးပြီး လမ်းကြောင်းရှာဖွေ နေသည်။ သင်္ဘောဥဩသံကလည်း ရန်ကုန် သင်္ဘော လာပြီဟု အချက်ပေးသလို ဖြစ်နေသည်။ မြောင်းမြ မြို့မှ ပုသိမ်သို့ ထလိုက်ကြမည့် ခရီးသည်များကလည်း အထုပ်အပိုးကိုယ်စီဖြင့် မတ်တပ်ရပ် စောင့်နေကြလေ သည်။ ဈေးရောင်းမည့် ဈေးသည်များကလည်း ဟန် တပြင်ပြင် ဖြစ်နေသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် စုဝေး၍ သင်္ဘောကမ်းကပ်မှုကို စောင့်နေကြသည်။ မကြာမီ သင်္ဘောကြီးသည် မြောင်းမြဆိပ်ကမ်းသို့ ကပ်မိသွားလေသည်။ သင်္ဘောအား ကြိုးဖြင့် မြဲ အောင်ချည်နှောင်ပြီး ခရာမှုတ်လေသည်။ ခရီးသည် များ ဆင်းလို့တက်လို့ရပြီ ဖြစ်ကြောင်း အချက်ပြ လေသည်။

သင်္ဘောနှင့် လူနှင့်မဆံ့အောင် အပြည့်တင် လာသော ညနေ ၂ နာရီသင်္ဘော ဖြစ်လေသည်။ ကျွန်ုပ်သည် လွယ်အိတ်ကိုလွယ်ပြီး လူအုပ်ကြားတွင် သင်္ဘောပေါ်တက်ရန် စောင့်နေရသည်။ သင်္ဘော ပေါ်မှ ခရီးသည်များ ဆင်းလာတာကို စောင့်ရသည်။ အဆင်းခရီးသည် ကုန်မှ အတက်ခရီးသည်က တက် ရလေသည်။ သင်္ဘောဦးဘက်သို့ တက်ရောက်လာ ပြီး ထိုင်စရာ တစ်နေရာလေးကို ရေဘုံဘိုင်ဘေးတွင် ခင်းပြီးထိုင်ရင်း အိပ်ငိုက်၍ ပုသိမ်သို့ လိုက်လာလေ သည်။ မြောင်းမြမှထွက်ခွာလာပြီး ကပ်စရာ ဆိပ်ကမ်း မရှိတော့ပါ။ ပုသိမ်သို့ရောက်မှ နားမည်ဖြစ် ပါသည်။

သင်္ဘောပေါ်တွင် ခရီးသည်ကအပြည့် လမ်း သွားစရာနေရာ မရှိပေ။ သင်္ဘောဝမ်းဗိုက်ထဲသို့ ဝင်ရသော လှေကားထိပ်က အဝင်အပေါက် နှစ်ခု၏ အပိတ်မှာလည်း လူတွေက အပြည့်။ အပေါ်ထပ် တက်ကြည့်သောအခါ အပေါ်ထပ်မှာလည်း ခြေချ စရာ နေရာမရှိ။ လူတွေ ခရီးသည်တွေ များနေကြသည်။

ကျွန်ုပ်သည် အိပ်တစ်ဝက် နိုးတဝက်ဖြင့် နံနက်မိုးလင်းရလေသည်။ မိုးလင်းသောအခါ မိမိထိုင် သောနေရာသည် ရေဘုံဘိုင်များဖြစ်၍ ရေချူခြင်း၊ ရေငင်ခြင်းများကြောင့် ရေစက်ရေပေါက်များ စင်သ ဖြင့် မိမိမှာ ဣန္ဒြေမရ ဖြစ်နေလေသည်။ ပိုဆိုးတာက အိမ်သာတက်ချင်နေသည်။ ချီးပါချင်သလို သေး ပေါက်ချင်သလို ဖြစ်နေသည်။ မအောင့်နိုင်သဖြင့် သင်္ဘော၏နောက်ဘက်အိမ်သာသို့ သွားရလေသည်။ လမ်းပေါ်မှ ခရီးသည်များကိုတောင်းပန်ပြီး ဖိနပ်ချွတ် ၍ ကျော်လွှားသွားရသည်။ အိမ်သာတွင် တန်းစီ စောင့်ရသည်။ မိမိအလှည့်ရောက်မှ အိမ်သာတက်ပြီး ကိစ္စဝိစ္စ ပြီးမှာ။ မိမိခန္ဓာကိုယ်သည် သက်သောင့် သက်သာ ဖြစ်သွားသည်။ သင်္ဘောဦးဘက်သို့ ခဲရာ ခဲဆစ် ပြန်လာရသည်။

ဟော ဗိုက်က ရစ်နာနေပြန်သည်။ သေးက ပေါက်ချင်လာသည်။ မအောင့်နိုင်ဖြစ်လာပြန်သဖြင့် သင်္ဘောနောက်ဘက် အိမ်သာသို့ ပြန်သွားရပြန် သည်။ တစ်ခါတစ်ခါ သွားရဖို့အရေး လူတွေကြားမှာ မလွယ်ကူပေ။ အိမ်သာ ရောက်တော့ ချီးလည်း မထွက်၊ သေးလည်း မထွက်ပါ။ ရော… ခက်ပြီ။ အိမ်သာထဲတွင် အနံ့အသက်နှင့်မို့ ကြာကြာ မနေနိုင်ပါ။ သင်္ဘောဦးခန်းသို့ ပြန်လာရသည်။

ဟော လုပ်ပြန်ပြီ။ ဗိုက်ကနာလာပြန်သည်။ သေးကပေါက်ချင်ပြီ။ အောင့်ထားကွာ။ မသွားတော့ ဘူးဆိုပြီး ဇွတ်မှိတ်၍ အောင့်ထားသည်။ ဘယ်လိုမှ အောင့်လို့မရ။ ငါမခံနိုင်ဘူး။ သွားဦးမှဆိုပြီး အိမ်သာ သို့ သွားပြန်သည်။  အိမ်သာထဲရောက်တော့ ဘာမှ မဟုတ်။ ဒီလိုနဲ့ သင်္ဘောဦးခန်းကို သွားရပြန်သည်။ ထိုင်စရာနေရာလေးကို ထိုင်ဖို့လုပ်စဉ် ဗိုက်က နာလာ ပြန်သည်။ အိမ်သာသွားရပြန်သည်။ အိမ်သာထဲ ရောက်တော့ ဘာမှမထွက်။ ဤသို့ဖြင့် သုံးလေးကြိမ် အသွားအပြန်လုပ်ပြီး အိမ်သာမှအထွက် သင်္ဘော ဝမ်းဗိုက်အဖုံးပေါ်တွင် ထိုင်နေသော အဘိုးကြီးကို သွားတွေ့လိုက်ရသည်။ တင်ပျဉ်ချိတ်ထိုင်ပြီး စီး ကရက် သောက်နေသည်။ ဘယ်သူလဲ? ဘာလဲ? စသဖြင့် သိချင်၍ အနား သွားလေသည်။ အဘိုးကြီး နားရောက်သောအခါ ကျွန်ုပ် အသိစိတ်ပျောက်ပြီး ဒူးတုတ်၍ ဦးချနေမိပါတော့သည်။

“မောင်စု ငါစောင့်လိုက်ရတာ”

“သား ကန်တော့ပါတယ်”

“အေး အေး။ မင်းကို ငါအိမ်မက်ပေးထား တာ … ငါလာမယ်ဆိုတာ သိတယ်မဟုတ်လား”

“သိပါတယ်အဘ။ ဒါကြောင့် သင်္ဘောပေါ် မှာ တွေ့တာပေါ့”

ကျွန်ုပ်နှင့်တွေ့သူမှာ အဘအောင်မင်းခေါင် ပင် ဖြစ်သည်။ ရန်ကုန်မှပုသိမ်သို့ သင်္ဘောဖြင့် လိုက်ပါလာသည်။ မိမိအား အိမ်မက်ဖြင့် ကြိုခိုင်းသည်။ သင်္ဘောပေါ်တွင် သူ့အနားသို့ မရောက် ရောက် အောင်ခေါ်ပြီး စကားပြောဆို ခြင်းဖြစ်ပါသည်။ ပုသိမ် တွင် ဝိဇ္ဇာနှင့်ပတ်သက်၍ ပြုဖွယ်ကိစ္စများရှိကြောင်း၊ ဝိဇ္ဇာနှင့်ပတ်သက်သော ပြောစရာများ ဆုံးမစရာများ ကို ပြောကြဆိုကြ ဆွေးနွေးကြပါသည်။ ဝိဇ္ဇာသည် လူကြားထဲမှာလည်း တွေ့ရတတ်သည်။ သို့သော် မိမိမှာ ဝိဇ္ဇာကို ဝိဇ္ဇာပဲလို့သိသော ဉာဏ်ရှိဖို့လိုသည်။ ထိုဉာဏ်မရှိပါက ဝိဇ္ဇာနှင့်တွေ့သော်လည်း ကျော် သွားမည် ဖြစ်သည်။

“အဘ ပုသိမ်ကို ဘာကိစ္စရှိသလဲ?”

“ပုသိမ်မှာ ဘိုးစိန်ကြီး အသုဘချဖို့ ရှိတယ်”

“ဟာ အဘကလည်း ဘိုးစိန်ကြီးက မသေသေးပါဘူး။ ဘယ်လိုလုပ် အသုဘချရမှာလဲ?”

“ဟို ရေကြည်ရေနောက်မှာ ဓာတ်ခန်းဖွင့်ပြီး ငါ့နာမည်ကို အလွဲသုံးစားလုပ်စားတဲ့ မအေးမြင့်ကို ဆုံးမရမယ်”

“ဟုတ်ကဲ့ အဘ”

“ငါ့မယ်တော် တော်စပ်ခဲ့တဲ့ မိဘတွေကို လည်း ကျေးဇူးဆပ်ရမယ်”

“ဟုတ်ကဲ့ အဘ”

“ငါ လာတယ်လို့ ဘယ်သူ့မှမပြောနဲ့။ ကြား လား”

“ဟုတ်ကဲ့ အဘ”

ဘိုးစိန်ကြီးဆိုသူမှာ ဓာတ်လုံးထိုးနေသော ဓာတ်ရူးဖြစ်သည်။ သူလည်း ဝိဇ္ဇာနှင့် အဆက် အသွယ်ရ၍ ဖိုထိုးနေသူဖြစ်သည်။ အဘပြောပုံအရ အဘသား ဖြစ်လိမ့်မယ်ထင်တယ်။ ရေကြည်ရေ နောက်မှာ ခုတလော နာမည်ကြီးနေတဲ့ အဘ အောင်မင်းခေါင်နာမ်စီးပြီး ဟောတဲ့ ဗေဒင်ဆရာမ ဒေါ်အေးမြင့်ဆိုတာ ကြားဖူးတယ်။ သူ့ဓာတ်အစစ် မဟုတ်ဘဲ အခြားဓာတ်ဖြင့် သူ့နာမည်အလွဲသုံးစား လုပ်သည်ဟု ပြောနေခြင်းဖြစ်သည်။ အဘအောင် မင်းခေါင်၏ မိဘတွေဆိုတာတော့ မသိပါ။ မကြား မိပါ။ အဘ ပြောသော ကိစ္စများ မကြာမီ ကြုံတွေ့ရ တော့မည်ဖြစ်ပါသည်။

နံနက် ၉ နာရီတွင် ပုသိမ်မြို့သို့ရောက်ရှိပါ သည်။ ပုသိမ်မြို့အဝင် ကျောက်ဂူတွင် ကျောက် တိုင်ကြီးတစ်ခုမှာ ပုသိမ်ထီးများဖြင့် ပုသိမ်သင်္ဘော များကို ဖော်ပြနေပါသည်။ ပုသိမ်၊ သီတာဦး ဆိပ် ကမ်းတွင် ဆိုက်ကပ်ပါသည်။ အဘနှင့် ကျွန်တော် သည် သင်္ဘောပေါ်မှဆင်းပြီး ဆိပ်ခံတံတားပေါ်သို့ ရောက်သောအခါ အဘကို ကြိုဆိုသောအဖွဲ့က လာရောက်ကြိုဆိုလေသည်။ ထီးဖြူ နှစ်လက်ကို ဖွင့်ပြီး အဘကိုပင့်ဆောင်သွားကြသည်။ အဘက ကျွန်ုပ်အား အတူ လိုက်ခဲ့ရန်ပြောသဖြင့် လိုက်သွား ပါသည်။

ပထမ ရွှေမော်ဓောဘုရားသို့ဝင်ပြီး ဘုရားဖူး ကြသည်။ ဘုရားဝင်းထဲတွင် အဘအောင်မင်းခေါင် ြွကလာမည် ဟူသော သတင်းကြောင့် လူအုပ်ကြီးမှာ ဆီးကြိုနေလေသည်။ အဘကို ဓာတ်ပုံရိုက်ကြသည်။ အဘ၏ခွင့်ပြုချက်မရဘဲ ရိုက်သောကင်မရာများ ဓာတ်ပုံမထင်ပေ။ မီးပွင့်မလာတော့ချေ။ ရွှေမော် ဓောဘုရား၏ ရာဟုထောင့်တွင် အဘ ခဏနား သည်။ လူများရှဲသွားသောအခါ အဘတည်းခိုရာ ကိုးသောင်းရပ်ကွက် ဓာတ်ခန်းသို့ ဆက်လက်ထွက် ခွာသွားပါသည်။

ဓာတ်ခန်းသို့ရောက်သောအခါ တပည့်များ စောင့်နေကြသည်ကို တွေ့ရသည်။ အဘကိုဦးချ ကန်တော့ပြီး အားရဝမ်းသာ နှုတ်ဆက်ကြသည်။ အဘက ကုလားထိုင်တွင်ထိုင်ရင်း တပည့်များကို ဆုံးမလေသည်။ အင်းပညာ လိုက်စားသူကိုလည်း ဘာလွဲနေတယ်၊ ဘာပြင်လိုက်ဟုပြော၏။ အဂ္ဂိရတ် ထိုးသူလည်း ဘာဓာတ်လိုတယ်၊ ရှာပြီးထည့်ဟု ပြောလေသည်။ မန္တန်ရွတ်ဖတ်သူကိုလည်း ရွတ်ပုံ ရွတ်နည်းကို သင်ပေးလေသည်။ တပည့်များကို ပြောဆိုဆုံးမပြီးနောက် ကျွနု်ပ်ဘက်သို့လှည့်ပြီး –

“ဟေ့ကောင် မောင်စု။ ငါမင်းအိမ်မှာ ထမင်း စားချင်တယ်”

“ဘာထမင်း စားမလဲအဘ?”

“ဒံပေါက်ထမင်းစားမယ်”

“ဟုတ်ကဲ့အဘ။ ဒီည လာစားပါ အဘ။ သား ပြင်ထားပါ့မယ်”

“အေး ဒီကအဖွဲ့နဲ့ လာမယ်”

“ဟုတ်ကဲ့ အဘ”

ကျွနု်ပ်လည်း အဘကိုရှိခိုးပြီး ရာမညသို့ ပြန်လာခဲ့ပါသည်။ အိမ်သို့ရောက်သောအခါ အမျိုး သမီးက အံ့ဩသောအမူအရာဖြင့် မေးမြန်းပါသည်။

“ရှင် မနေ့တစ်နေ့ကမှ ပြန်သွားတာ။ ဟော အခုပြန်လာပြန်ပြီ။ ဘာကိစ္စပေါ်လာလို့လဲ”

“အေး ဒီည အဘအောင်မင်းခေါင် ငါတို့ အိမ်မှာ ထမင်းစားလိမ့်မယ်။ ဒံပေါက် စားမယ် ပြောတယ်”

“ကိုစု ရှင် ဘာတွေပြောနေတာလဲ။ ကျွန်မ မေးတာက ဘာလို့ပြန်လာတာလဲလို့ သိချင်တာ”

“ငါ ဘာလို့ပြန်လာတာလဲဆိုတာ မင်းကို ပြောပြီးပြီလေ။ အဘလာမှာမို့ ငါ မြောင်းမြက ကြို လာတာ။ အခု အဘ ပုသိမ်ရောက်နေပြီဟေ့။ ဒီည ငါတို့အိမ်ကို ဒံပေါက်ထမင်း လာစားမယ်။ ဒါပဲ”

အိမ်ရှင်မသည် မျက်လုံးအပြူသားနှင့် ငေး ကြည့်နေလေတော့သည်။ လင်တော်မောင်သည် အလုပ်ကို ပစ်၍ အဘဆိုသူနှင့် လိုက်လာသည်။ ဒီလလုပ်ခ ရတော့မည်မဟုတ်။ သူက ဝိဇ္ဇာလမ်း စဉ်ကိုလိုက်သည်။ ဝိဇ္ဇာအတွေးပဲ တွေးသည်။ အိမ်မှာ ဆန် မရှိတာမသိ။ ဆီမရှိတာမသိ။ ဝင်ငွေ နတ္ထိ။ ပြောလို့ မရ၊ ဆိုလို့မရသော လင်တောင်မောင်ကို တွေတွေကြီး ကြည့်နေပါတော့သည်။ သို့သော် လင် တော်မောင်ကိုတော့ မဆန့်ကျင်ပါ။ သူ့အလို သူ့ အကြိုက်ကို ကူညီ၍ ပါရမီဖြည့်ပေးရလေသည်။

ညနေစောင်းတွင် မောင်စုသည် အိမ်မှ ဆိုက္ကားကိုနင်းပြီး ဒံပေါက်ဆိုင်သို့ ထွက်ခွာသွားသည်။ ကြက်သား ဒံပေါက် ငါးပွဲ၊ သက်သတ်လွတ် ဒံပေါက် သုံးပွဲဝယ်ပြီး ပြန်လာသည်။ အိမ်ရှင်မ အသင့်ပြင်ဆင် ထားသော ထမင်းဝိုင်းတွင် ဒံပေါက်တို့ဖြင့် တည် ခင်းထားလေသည်။ ဘုရားစင်ကို သန့်ရှင်းအောင် ပြင်ထားသည်။ ဖယောင်းတိုင်၊ အမွှေးတိုင်များ ထွန်း သည်။ အဘရုပ်တုကို အမွှေးတိုင်ထွန်း၍ ပူဇော် သည်။ မကြာမီ အဘနှင့်အဖွဲ့ ရောက်လာကြသည်။ ကြက်သား ဒံပေါက်များဖြင့် တည်ခင်းဧည့်ခံကြ သည်။ အဘတို့စားပြီးသောအခါ ဦးလေးကြီးဆိုင်မှ ဝယ်ထားသော ရွှေရင်အေးဖြင့် ဧည့်ခံသည်။

အဘသည် ကျွန်ုပ်အား သွန်သင်ဆုံးမသည်။ အင်းပညာတွင် လိုတာတွေ ထောက်ပေးသည်။ စရဏ ဘယ်လိုကျင့်မလဲဆိုတာတွေ ပြောသွားသည်။ နောက် အဘက ဆုပေးလေသည်။

“အခုလို ဒံပေါက် ကျွေးရသော ကောင်းမှုကံ စေတနာတို့ကြောင့် လူ့ဘဝတွင် ပြည့်ပြည့်ဝ၀ ပေါက် ပေါက်မြောက်မြောက် ဖြစ်ပါစေကွယ်”

“ပေးတဲ့ဆုနဲ့ပြည့်ပါစေ”

“ဟိုကောင်မ နောက်ဘက်က ပွစိပွစိ မလုပ် နဲ့။ သူလျှောက်တဲ့လမ်း သူ လွတ်လွတ်လပ်လပ် လျှောက်ပါစေ။ ကြားလား?”

“ဟုတ်ကဲ့အဘ”

“မင်း ငတ်မသေပါဘူး။ ငါပစ်မထားဘူး။ အိမ်မှာ ဆေးလိပ် လိပ်ပြီးစား၊ ကြားလား”

“ဟုတ်ကဲ့”

ကျွန်ုပ်အားလည်းကောင်း၊ ကျွန်ုပ်ဇနီးအားလည်းကောင်း ဆုံးမပြီး ပြန်ထွက်သွားကြလေသည်။ ကျွန်ုပ်သည် ဝိဇ္ဇာမျိုးစေ့ပါသည်။ ဆရာကောင်းလည်း တွေ့ပြီ။ ဘာလိုသလဲ? ကျင့်ဖို့ပဲလိုတာ။ စရဏ အကျင့်ကို အသက်စွန့်၍ ကျင့်ကြံမည်ဟု ဆုံးဖြတ် ခဲ့လေသည်။

ဤသို့ဖြင့် အဘအောင်မင်းခေါင်နှင့် ခဏတာတွေ့ဆုံခဲ့ရသောအဖြစ်အပျက်လေးအား ပျောက် ပျက်မသွားစေဘဲ အမြဲရှင်သန် ကိန်းဝပ်နေလေတော့သည်။

အဏ္ဏဝါလှိုင်း