အိမ်ပိုင်ပါစေဗျာ…

အိုးပိုင်အိမ်ပိုင်မရှိသေးသော မိသားစုများအတွက် အိုးပိုင်အိမ်ပိုင်ရရန် ကံအခွင့်အလမ်းများ ပွင့်လန်းကြပါစေသော်…။

“ဆရာရယ်… ကျွန်တော်တို့လည်း တစ်သက်လုံး ကုန်းရုန်းပြီး ကြိုးစားနေတာပါ…၊ အခု ပင်စင်လည်း ရတော့မယ်…၊ အခုထိ အိုးပိုင်အိမ်ပိုင် မရှိသေးပါဘူးဆရာရယ်…၊ ယတြာချေရုံနဲ့ ရက်ပိုင်းလပိုင်းအတွင်း အိမ်တစ်လုံးရလာဖို့ မလွယ်ဘူးဆိုတာ သိနေပေမယ့် အိုးပိုင်အိမ်ပိုင်လေးဖြစ်လာဖို့ အခွင့်အလမ်းကောင်းလေးတွေ ပေါ်လာလိုပေါ် လာငြား ဆရာတို့မှာ နည်းကောင်းလေးဘာလေးများ မရှိဘူးတဲ့လားဗျာ…”

ထိုသို့သောအသံများသည် ကျွန်တော်တို့ မကြာမကြာဆိုသလို ကြားရလေ့ရှိသော ဗေဒင်ပရိသတ်များ၏ အသံများပင်ဖြစ်ပါသည်။

ကိုယ်ချင်းလည်းစာမိပါသည်။ ဤခေတ်ဤအခါကြီးတွင် ပို၍ပင် ဆိုးပေတော့သည်။ စားရေး၊ ဝတ်ရေးထက် နေထိုင်ရေးစရိတ်မှာ အထူးပင် ကြီးမားလှသည်မဟုတ်ပါလော။ ထိုသို့သောပရိသတ်များကြုံလာလျှင် ကျွန်တော့်ကိုယ်တွေ့ နည်းကလေးဖြင့် ကိုယ်ချင်းစာစိတ်ကြီးမားစွာ ပြောပြပေးလေ့ရှိသော နည်းလေးတစ်ခု ရှိပါသည်။ ထိုနည်းမှာ –
“အင်္ဂါနေ့နံနက်ပိုင်းတွင် ရုက္ခစိုးစင်ရှိသော ညောင်ပင်ကြီးကြီးတစ်ပင်သို့သွားပါ…၊ ရုက္ခစိုးမင်းကြီးကိုရည်ရွယ်၍ အမွှေးတိုင်အလင်းတိုင်လေးများ ထွန်းညှိပူဇော်ပါ…၊ ထို့အပြင် ကောက်ညှင်းပေါင်းတွင် အုန်းသီးဆံဖြူး၍ လှူဒါန်းပါ…၊ ပြီးလျှင် ထိုညောင်ပင်မှာပင် စာက လေးအိမ်တစ်လုံး၊ တတ်နိုင်လျှင် ငါးလုံး ချိတ်ဆွဲ၍ လှူဒါန်းပါ…၊ ပြီးလျှင် မိမိပြုခဲ့ဖူးသမျှ ကုသိုလ်ကောင်းမှုများအား ရုက္ခစိုးမင်းကြီးအား အမျှပေးဝေပါ…၊ စာကလေးအိမ် လှူဒါန်းရခြင်းအကျိုးအားကြောင့် မိမိတို့အတွက်လည်း အိုးပိုင်အိမ်ပိုင် ရလာစေမည့် ကံအခြေအနေကောင်း ပေါ် ပေါက်ပွင့်လန်းလာစေရန် ဆုတောင်းပါ…” ဟု ဖြစ်ပါတော့သည်။

အိုးပိုင်အိမ်ပိုင်မရှိသေးသော မိသားစုများအတွက် အိုးပိုင်အိမ်ပိုင်ရရန် ကံအခွင့်အလမ်းများ ပွင့်လန်းကြပါစေသော်…။

အာကာမိုး(လှိုင်)