ရောင်းရခက်တဲ့ အိမ်

ဝယ်မည့်သူများမှာ ဈေးလာမေးလိုက်၊ စုံစမ်းပြီး ပျောက်သွားလိုက်၊ စရံငွေပေးချေရန် ရက်သတ်မှတ်ပြီးကာမှ ပျက်သွားလိုက်

ကျွန်မတို့၏ဆရာကြီးဖြစ်သူ အဘမင်းသိင်္ခ ထံမှ ကျွန်မတို့ရရှိခဲ့သောပညာရပ်များမှာ လက်တွေ့  အသုံးချလေလေ တန်ဖိုးကြီးမှန်း သိလာရလေလေ ဖြစ်ပါသည်။

ယခုလည်း ကျွန်မတို့၏ကျေးဇူးရှင် အဘမင်းသိင်္ခအား အောက်မေ့ရှိခိုးလျက် ဤစာကို ရေးလိုက်ပါသည်။ မကြာသေးမီက ရန်ကုန်မြို့အစွန် ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ ဗေဒင်မေးပရိသတ်တစ်ဦးသည် သူတို့၏အမွေဆိုင်အိမ်ကြီးတစ်လုံး ရောင်းချလိုသော ကိစ္စ အလွန်ခက်ခဲနေသောကြောင့်ဟုဆိုကာ ကျွန်မတို့ထံသို့ ရောက်လာခဲ့လေသည်။

သူတို့၏ဖြစ်ပုံမှာ အမွေခွဲဝေယူရမည့် မောင်နှမသားချင်းများအချင်းချင်း အဆင်ပြေသော်လည်း ဝယ်မည့်သူများမှာ ဈေးလာမေးလိုက်၊ စုံစမ်းပြီး ပျောက်သွားလိုက်၊ စရံငွေပေးချေရန် ရက်သတ်မှတ်ပြီးကာမှ တစ်စုံတရာသောအကြောင်းပေါ်လာပြီး ပျက်သွားလိုက် ဖြစ်နေခြင်းပင်ဖြစ်ပါတော့သည်။

နောက်ဆုံးတွင် ကြံရာမရဖြစ်ကာ ကျွန်မတို့ထံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ ကျွန်မကတော့ သူ၏စကားအဆုံးမှာပင် ကျွန်မတို့၏ဆရာကြီး အဘမင်းသိင်္ခ သင်ပေးသွားခဲ့သော ဂမ္ဘီရနည်းလေး တစ်ခုကို ပြေး၍ ကြားယောင်လိုက်မိပါတော့သည်။

“အိမ်ရောင်းဖို့ကိစ္စ အထစ်ထစ်အငေါ့ငေါ့၊ အလွဲလွဲအချော်ချော် ဖြစ်နေရင် ပေါင်မုန့်တစ်လုံးကို ရေစိမ်လိုက်…၊ ပြီးရင် အဲဒီပေါင်မုန့်ကို ရောင်းချင်တဲ့အိမ်နားကို ရောက်လာတဲ့ ခွေးတစ်ကောင်ကို ချကျွေးလိုက်…၊ အဲဒီခွေးက အဲဒီ ပေါင်မုန့်ကို အငမ်းမရစားတာ၊ ကိုက်ချီသွားတာမျိုးဖြစ်ရင် ယတြာအောင်ပြီ၊ မစားဘဲ လှည့်ထွက်သွားရင်တော့ နောက်တစ်ခါ ပြန်လုပ်ရမယ်…” ဟု ဖြစ်ပါသည်။

ထို့ကြောင့် ထိုနည်းလေးကိုပင် အသေအချာ အလေးအနက်ပြုလုပ်ရန် ပြောပြလိုက်ရပါတော့သည်။ အလွန်ပင် အံ့ဩဖို့ကောင်းပါသည်။

အကြောင်းကြောင်းဖြင့် အိမ်ရောင်းရန်ကိစ္စ အလွဲလွဲအချော်ချော် ဖြစ်နေခဲ့ရာမှ ထိုသို့ပြုလုပ်ပြီး ၆ ရက်မြောက်သောနေ့မှာပင် ထိုအိမ် ရောင်းထွက်သွားသည်ဟု သိရှိရပါကြောင်း…။

အေးချမ်းမြိုင်(လှိုင်)