ဗောဓိငါးပါး ဆုပန်ခန်း

ဗောဓိငါးပါးဆိုသည်မှာ သစ္စာလေးပါးကို သိခြင်းအဖြစ်ကိုပင် ဆိုလေသည်။ ထိုငါးပါးကို ဆုပန်သခြင်းကိုပင်လျှင် ဆုတောင်းသည်ဟု ဆိုလိုသည်။ ထိုသို့ဆုပန်သရာ၌ ပါရမီ ၁၀ ပါးကို ဖြည့်ကျင့်ပြီးမှသာ တောင်းယူရရိုး ဖြစ်လေသည်။ ပါရမီ ၁၀ ပါးကို စိတ်မနောဖြင့် သဒ္ဓါတက်စေပြီးနောက် ဝစီကံမြောက်၊ ကာယကံမြောက် ဖြည့်ကျင့်ကြရလေသည်။ ပြင်းထန်သော ဆန္ဒမှာ အရေးအကြီးဆုံး ဖြစ်လေသဖြင့် ဘုရားဆု၌ နိယတဗျာဒိတ်ခံရအံ့သော အင်္ဂါ ရှစ်ပါး၊ ပစ္စေကဗောဓိ၌ အင်္ဂါ သုံးပါး၊ သာဝက သုံးဆု၌ အင်္ဂါ သုံးပါး ရှိရာတွင် အစစွာသော အင်္ဂါတို့သည်ကား ဆန္ဒတာဟု ပါရှိလေသည်။ သို့ဖြစ်၍ ပြင်းထန်သောဆန္ဒကို သဒ္ဓါမြှင့်လိုက်ပါလေ။

ဗောဓိ ငါးပါး ဟူသည်မှာ –
(၁) မဟာဗောဓိ – ပါရမီ ၃၀ ပါး၊ သင်္ချေ ၂၀ ဖြည့်ရသည်။
(၂) ပစ္စေကဗောဓိ – ပါရမီ ၂၀ ပါး၊ နှစ် သင်္ချေ ကမ္ဘာတစ်သိန်း ဖြည့်ရသည်။
(၃) အဂ္ဂသာဝကဗောဓိ – ပါရမီ ၁၀ ပါး၊ တစ်သင်္ချေ ကမ္ဘာတစ်သိန်း။
(၄) မဟာသာဝကဗောဓိ – ပါရမီ ၁၀ ပါး၊ ကမ္ဘာတစ်သိန်း။
(၅) ပကတိသာဝကဗောဓိ – ပါရမီ ၁၀ ပါး၊ ကမ္ဘာတစ်ရာ ကမ္ဘာတစ်ထောင် အချို့ ထို့ထက် လျော့၏၊ ပို၏။
မောနေယျဆုမှာ ဘုရားတစ်ဆူတွင် တစ်ပါးသာရှိ၏။

ဤကား ဗောဓိ ငါးပါးနှင့် ဖြည့်ရမည့်ပါရမီနှင့် ကာလကို ဆိုလိုပါသည်။ ပါရမီရှင်တို့သည် ပါရမီကို ဆောက်တည်ပြီး သဒ္ဓါအစရှိသော ဗိုလ်ငါးပါးဖြင့် နေ့ညဉ့်မပြတ် ဖြည့်ဆည်းပူးကြပါကုန်။ ပါရမီမရှိ၊ မဖြည့်သူများမှာ ဘဝသံသရာတစ်လျှောက်တွင် အခါခပ်သိမ်း အောက်ကျနောက်ကျ ဖြစ်ရပေမည်။ သို့ဖြစ်၍ ပါရမီကို စ၍ဖြည့်ကြပါ။
ပါရမီအထူးဖြည့်ရသော ဗောဓိရှင်များမှာ –
(၁) ဘုရားရှင်၏ ခမည်းတော် မယ်တော်၊ ပါရမီ ၁၀ ပါး ကမ္ဘာတစ်သိန်း။
(၂) ဘုရားရှင်၏ အလုပ်အကျွေး၊ ပါရမီ ၁၀ ပါး ကမ္ဘာတစ်သိန်း။
(၃) ဘုရားလောင်း၏ ကြင်ယာမြောက် သားတော်၊ ပါရမီ ၁၀ ပါး ကမ္ဘာတစ်သိန်း(အနည်းဆုံး)။
(၄) ဘုရားလောင်း၏ သားတော် သမီးတော်၊ ပါရမီ ၁၀ ပါး ကမ္ဘာတစ်သိန်း။
ထို့အပြင် ဖွားဖက်တော်စသော ပရိသတ်အခြံအရံများကား ရှိပါသေးသည်။ အလုံးစုံသော ဆုဗောဓိရှင်များမှာ မိမိတို့၏ နှစ်သက်ရာ၊ ဆန္ဒပြင်းပြ ရာကို ရွေးချယ်ကာ စူးစူးစိုက်စိုက် ဆိုင်ရာ ပါရမီ တော်ကို ဖြည့်၍ ဆုပန်ကြရာသည်။ အချို့ ကမ္ဘာ တိကျစွာ ဖြည့်ရ၍ အချို့ ပို၍ ဖြည့်ရတတ်သေးသည်။

ဆုပန်ခြင်း
ဘုရားတပည့်တော်သည် ယခုပြုလုပ်ဆည်းပူးအားထုတ်ရသော ပါရမီ ကုသိုလ် ကောင်းမှု ပေါင်းအစုတို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် (…..) ဖြစ်ရပါလို၏ အရှင်ဘုရား။
ဆုသစ္စာပန်ခြင်း
ဘုရားတပည့်တော်သည် ယခုပြုလုပ် ဆည်း ပူးအားထုတ်ရသော ပါရမီ အဓိဋ္ဌာန် သစ္စာ စကား၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ဤ (…..) ပြည့်စုံရပါစေသတည်း။

သစ္စာချက်
ဤသစ္စာ တည်မှန်ပါသဖြင့် (…..) ဖြစ်စေသတည်း။
ဗောဓိငါးပါး ပြီး၏။

#စပ်ခွန်ဖသိုင်