ဝိဇ္ဇာဦးသျှောင် ဘိုးမင်းခေါင်

ဘိုးမင်းခေါင်ကို ယုံကြည်ကြသူများ

ဘိုးမင်းခေါင်ကို ဂမ္ဘီရလောက စိတ်ဝင်စား သူတိုင်း သိကြပြီးသား ဖြစ်ပါတယ်။ မကြာတော့တဲ့ ကာလ ၁၃၈၁ ခု၊ တော်သလင်းလပြည့်ကျော် ၂ ရက်မှာ ဘိုးမင်းခေါင်ထွက်ပွဲ(တချို့က အဘ အောင်မင်းခေါင်အောင်ပွဲလို့လည်း ခေါ်ကြတယ်)ကို အနယ် နယ်အရပ်ရပ်မှာ ဝှဲချီးကျင်းပကြတော့မှာ ဖြစ်ပါ တယ်။ ဒီနှစ်မှာတော့ ဘိုးမင်းခေါင်အောင်ပွဲဟာ (၆၇) ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။
ထူးခြားတာကတော့ လင်းရောင်တင် လူ့ လောကကို ရောက်လာခဲ့တာဟာ အဘအောင်မင်း ခေါင်ကြီး ထွက်သွားခဲ့တဲ့ ၁၃၁၄ ခုမှာ ဖြစ်နေတာ ပါပဲ။ ဒီတော့ကာ ဒီနှစ်အဘထွက်ပွဲ (၆၇)ကြိမ်မြောက် ပွဲဟာ လင်းရောင်တင် (၆၇)နှစ်ပြည့်တဲ့နှစ် ဖြစ်နေပါ တယ်။ ဒါကို စဉ်းစားမိတဲ့အတွက် ဘာပဲဖြစ်ဖြစ် ဘိုးမင်းခေါင်နဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာလေး တွေ စုဆောင်းထားတာကို မျှဝေခံစားဖို့ ဆုံးဖြတ်မိပါ တယ်။
စာတွေ့၊ ငါတွေ့၊ သူများတွေ့ ပုဂ္ဂိုလ်ထူး ကြီးများတွေ့ရှိ မှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတွေကို စုဆောင်းမိသမျှ တင်ပြသွားပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ဘိုးမင်းခေါင်ကို ကြည်ညိုယုံကြည်ကြသူတွေ အချင်းချင်း မှာတောင် တစ်ဦးနဲ့တစ်ဦး၊ တစ်အုပ်စုနဲ့တစ်အုပ်စု ယုံကြည်ကြပုံချင်းမတူတာ တွေ့ရတယ်။
အများစုကတော့ ဘိုးမင်းခေါင်ကို ဝိဇ္ဇာပုဂ္ဂိုလ်ထူးကြီးအနေနဲ့ ယုံကြည်ကြတယ်။ တချို့သော ပုဂ္ဂိုလ်များကတော့ အဲဒီထက်မြင့်မြတ်တဲ့ ဘုရားအ လောင်းတော်ပုဂ္ဂိုလ်လို့ ထင်သူရှိသလို တချို့ကလည်း အရိမိတ္တေယျအလောင်းတော်လို့ ယုံကြည် ကြသူတွေရှိနေတာ တွေ့ရှိရတယ်။ ဒီနေရာမှာ ဘယ် သူတွေရဲ့ ယုံကြည်မှုက အမှန်လို့ ပြောရခက်သလို၊ ဘယ်သူတွေ ယုံကြည်နေတာတွေက မှားတယ်လို့ လည်း ဝေဖန်ဖို့ ခက်ခဲလှပါတယ်။
ဘာပဲဖြစ်ဖြစ် လင်းရောင်တင် လေ့လာခဲ့ဖူး သမျှ၊ မှတ်သားခဲ့ဖူးသမျှ၊ မှတ်တမ်းတင်ထားခဲ့သမျှ ကို ဖတ်ရှုလေ့လာပြီး လွတ်လပ်စွာ သဘောကွဲလွဲ ခွင့်ရှိပါတယ်။ လက်ခံခွင့်ရှိသလို ငြင်းပယ်ခွင့်ရှိပါ တယ်။ ဖြည့်စွက်နှုတ်ပယ်ခွင့်လည်း ရှိပါတယ်။

ဘိုးမင်းခေါင်ကို တွေ့ခဲ့ဖူးတဲ့ သင်္ဘော ကပ္ပတိန်
သင်္ဘောကပ္ပတိန်နာမည်က ဦးအောင်သန်း ချစ်ပါ။ ဘာသာပြန်စာတွေရေးပါတယ်။ အထူးသဖြင့် ဂမ္ဘီရဝတ္ထုဆောင်းပါးတွေ ရေးခဲ့သူပါ။ ဂမ္ဘီရဘာသာ ပြန်တွေရေးခဲ့တဲ့ ဆရာကြီး ဦးလှမိုးထက်တောင် စာရေးတာစောပါတယ်။ အခုတော့ ကပ္ပတိန်အောင် သန်းချစ် ကွယ်လွန်သွားခဲ့ပါပြီ။ သူ အဘအောင် မင်းခေါင်ကို တွေ့ခဲ့ရတဲ့ ကာလကတော့ ၁၉၈၈ နှစ်ဦးပိုင်းမှာ ဖြစ်ပါတယ်။
သူ လင်းရောင်တင်ကို ဒီအကြောင်းပြန်ပြော ပြခဲ့တဲ့ အချိန်က ၁၉၉၀ လောက်မှာ ဖြစ်ပါတယ်။ အဲဒီအကြောင်းပြောပြတဲ့နေ့က မှတ်မှတ်ရရ ပန်းချီ ရွှေစိုးဟန်(ကွယ်လွန်)တို့အိမ်မှာ အလှူလုပ်တဲ့နေ့ ဖြစ်ပါတယ်။ ပန်းချီရွှေစိုးဟန်ဆိုတာ တစ်ခေတ်မှာ တော့ နာမည်ကြီးခဲ့တဲ့ မြန်မာ့ရိုးရာကောက်ကြောင်း ပန်းချီဆရာပါ။ ကိုယ်နဲ့ဆရာ အောင်သန်းချစ်တို့ နှစ်ယောက်စလုံးက ရွှေစိုးဟန်ကို ခင်ကြသူတွေဆို တော့ ပန်းချီဆရာရဲ့ အလှူပွဲကို သွားကြရင်း ဆုံဖြစ်ကြတာပါ။ မမျှော်လင့်ဘဲ တွေ့ကြတာ ၁၉၈၈ မတိုင်ခင်ကတည်းက ကွဲသွားကြတာ ၈၈ အရေးအ ခင်း နောက်ပိုင်းမှာ နှစ်နှစ်လောက် မတွေ့ဖြစ်ခဲ့ကြဘူး။
“အတော်ပဲ ကိုလင်းရောင်တင်ရေ … ခင် ဗျားကို ထူးထူးဆန်းဆန်းတွေ ပြောစရာရှိတယ်။ အလှူအိမ်မှာတော့ ပြောလို့မကောင်းဘူးဗျ။ လူရှင်း တဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို သွားကြရအောင်ဗျာ” လို့ အစချီလာတာနဲ့ ကိုယ်က “ကောင်းသားပဲ” ဆိုပြီး ရွှေစိုးဟန်တို့အိမ်နားက ဗိုလ်စိန်မှန်လမ်းနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ခဲ့ကြတယ်။ (အဲဒီနေရာကို အရင်က ကျိုက္ကစံရပ်ကွက်လို့ခေါ်တယ်။ အခုတော့ ဆရာစံရပ်ကွက်လို့ ပြောင်းခေါ်ကြတယ်)
ထပ်ဖြည့်ပြီး ပြောရရင်တော့ အဲဒီကျိုက္ကစံ ရပ်ကွက်က စိန်ချယ်လမ်းမှာ ကိုယ့်ကိုမွေးခဲ့တာ။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ထိုင်ချင်းမှာပဲ ကိုအောင် သန်းချစ်က မေးခွန်းထုတ်လိုက်တယ်။
“ခင်ဗျား ဘိုးမင်းခေါင်ကို ယုံသလား”
“ဝိဇ္ဇာလမ်းစဉ်ကို ယုံကြည်လိုက်စားနေတဲ့ သူတစ်ယောက်က ဘိုးမင်းခေါင်ကို မယုံလို့ ဘယ်ရ မလဲဗျာ။ မြန်မာပြည်ထဲက ဝိဇ္ဇာပုဂ္ဂိုလ်ကြီးတွေအ ကြောင်း ပြောကြမယ်ဆိုရင် ဘိုးဘိုးအောင်တို့၊ ဘိုးမင်းခေါင်တို့ မပါလို့ ဘယ်ဖြစ်မလဲ။ မယုံလို့လည်း ဘယ်ဖြစ်မလဲ”
“ကျုပ်ကတော့ မယုံခဲ့ဘူးဗျာ။ ကျောင်းပညာ မှာလည်း သိပ္ပံပညာနဲ့ ဘွဲ့ရလာတဲ့လူ၊ အလုပ်လုပ် တော့လည်း သင်္ဘောကပ္ပတိန်လုပ်ရပြီး နိုင်ငံတကာ လှည့်လည်လာတဲ့လူဆိုတော့ အယုံအကြည်ရှိတာ မဟုတ်ဘူးဗျ။ ဒါပေမဲ့ မမျှော်လင့်ဘဲ အဘဘိုးမင်း ခေါင်နဲ့ ကျုပ် ထိပ်တိုက် ပက်ပင်းတိုးခဲ့တယ်ဗျ”
ဆရာအောင်သန်းချစ်ရဲ့စကားကြောင့် အံ့ဩခဲ့ရတယ်။ “ခင်ဗျားစကားက စိတ်ဝင်စားစရာပဲ ပြော စမ်းပါဦးဗျာ …ဘယ်လိုတွေ့ခဲ့တာလဲ”
“ကျွန်တော်က မန္တလေးမှာ နေတာဗျ။ ခင်ဗျားသိတဲ့အတိုင်း ရန်ကုန်မှာလည်း အမျိုးတွေက ရှိ၊ စာပေကိစ္စကလည်းရှိဆိုတော့ မကြာခဏ အိမ်ဦး နဲ့ ကြမ်းပြင်လို လာလိုက်သွားလိုက်နေရတာဗျာ။ တစ်နေ့ ရန်ကုန်ဘူတာကြီးကနေ မန္တလေးကို ရထား စီးပြီး ပြန်တာဗျ။ အဲဒီနေ့က ကျုပ်စီးတဲ့ အမြန် ရထားက အထူးတန်းရထားတွဲမှာ လူသိပ်မပါဘူး။ တော်တော် ချောင်တယ်ဗျ။ ရထား ထွက်ပြီး တော်တော်လေး အရှိန် ရလာတဲ့အခါ ကျုပ်က ပျင်းပျင်းနဲ့ စာအုပ် ဖတ်နေလိုက်တယ်။ အဲ ဒီမှာတင် လွတ်နေတဲ့ရှေ့ကထိုင် ခုံဘက်ဆီကို လူတစ်ယောက် ရောက်လာပြီး ထိုင်လိုက်တယ်”

စွပ်ကျယ်၊ တိုက်ပုံနဲ့ ပုဆိုး ကွက်ဝတ်ထားတဲ့ လူကြီး
စာအုပ်ကိုဖယ်ပြီး ကြည့် လိုက်တော့ အောက်က စွပ်ကျယ် အင်္ကျီဝတ်ထားပြီး တိုက်ပုံခပ် နွမ်းနွမ်းနဲ့ ပုဆိုးကွက်ကြဲဝတ် ထားတဲ့ လူကြီးတစ်ယောက်ကို ဆရာအောင်သန်းချစ် တွေ့လိုက်တယ်။ ဘယ့်နှယ့် ရထားထွက်ကာမှ ဒီလူကြီးက ဘယ်က ရောက်လာ ပါလိမ့်လို့လဲ စဉ်းစားလိုက်မိသတဲ့ အဲဒီလူကြီးဟာ ကွမ်းတွေကို ဝါးပြီး ရထားပြတင်းပေါက်ကနေ တံ တွေးတွေ ပျစ်ပျစ်ထွေးနေတာကို တွေ့ရတော့ ဆရာ အောင်သန်းချစ်က စိတ်ညစ်မိတယ်။ ဘယ်လို လူ ကြီးပါလိမ့်။ အထူးတန်းမှာလည်း လာစီးသေးတယ်။ ဧကန္တ ရိုးရိုးတန်းကနေ ကူးလာတာများလာ မသိဘူး။ အထူးတန်းလက်မှတ်နဲ့ စီးတဲ့ပုံလည်း မပေါ်ဘူးရယ် လို့ တွေးဖြစ်နေတာပေါ့။
အဘိုးကြီးက သူ့ကိုလှမ်းကြည့်ပြီးပြည့်ပြည့် ဝ၀ ပြုံးနေတာ တွေ့ရတယ်။ သူက ပြန်မပြုံးဘဲ စာအုပ်ကိုပဲ ဆက်ဖတ်နေလိုက်တယ်။ ပြီးတော့ ဒုက္ခ ပဲ။ သူက ငါ့ကို ပြုံးတောင်ပြနေသေးတယ်။ ဧကန္တ အရူးကြီးများလားတောင် မသိဘူးလို့လည်း တွေးမိ လိုက်သေးတယ်။ အဲသလို တွေးနေတုန်းမှာပဲ အဘိုးကြီးဆီက အသံထွက်လာတယ်။
“အကြောင်းအကျိုးအဆက်အစပ်မသိခင် တော့ မင်း ဘယ်သဘောပေါက်ဦးမလဲ။ ငှက်မသိ တော့ဇရက်ကို ချိုးထင်၊ အချက်မသိတော့ သမက် သူခိုးထင်ဆိုသလိုပေါ့ကွာ။ ခုချိန်တော့ ငါ့ကို မင်း အရူးကြီးထင်ချင်လဲ ထင်နေဦးမှာပေါ့”
လို့ ပြောလိုက်တာတဲ့။ အဲဒီမှာ သူအတော်လေး အံ့ဩသွားမိရတယ်။ သူ့စိတ်ထဲက တွေးနေမိတာကို အဘိုးကြီးသိနေပါလားလို့ အံ့ဩတာလေ။ ဒီမှာတင်ပဲ ဘူတာတစ်ခုကို ရထားထိုးဆိုက်လိုက်ပြီး မကြာခင်မှာ ရထားပေါ်ကို တီစီလို့ခေါ်တဲ့ ရထား လက်မှတ်စစ်တွေ တက်လာကြသတဲ့။ ဆရာ အောင် သန်းချစ်က တွေးမိပြန်သတဲ့။ အင်းလက်မှတ်စစ် တွေ ရောက်လာရင်တော့ ဒီအဘိုးကြီးဒုက္ခရောက် ပြီ။ အထက်တန်းတွဲလက်မှတ် မဟုတ်လို့ကတော့ မောင်းထုတ်ခံရမှာပဲ။ ဒါမှပဲ မျက်စိနောက်သက်သာ သွားမှာ၊ ကွမ်းသွေးတွေ တပျစ်ပျစ်နဲ့ တွေးနေတာ စိတ်ပျက်စရာပဲ။
အဲသလို တွေးနေတုန်း လက်မှတ်စစ်တွေက ဆရာအောင်သန်းချစ်ဆီက ရထား လက်မှတ်နဲ့အတူ အမျိုးသားမှတ်ပုံတင်ကိုပါ တောင်းယူပြီးတိုက်စစ် ဆေးသတဲ့။

(ဆက်လက်ဖော်ပြပါမည်)

ဇေယျတု သဗ္ဗမင်္ဂလံ
လင်းရောင်တင်
(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆)လမ်း၊ တောင်ဥက္ကလာ (၁၃)ရပ် ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)