ကားရောင်းထွက်ဖို့

ကားရောင်းထွက်ဖို့ ယတြာ

“လောလောဆယ် ပူနေတဲ့ကြွေးက သိန်း ၃၀ လောက်ဆိုတော့ လက်ရှိစီးနေတဲ့ ကားကိုပဲ ထုတ်မှ ဖြစ်တော့မယ်ဆရာ …”
“ဟ များလှချည်လား …”
“များဆို လုပ်ငန်းပြပြီး ချေးထားတာကိုး ဆရာရဲ့ …၊ ခုချေးထားတဲ့သူတွေ မှန်သမျှ ရက် သတ်မှတ်ပေးပြီး မဆပ်မနေဆပ်ကြရတော့မယ်။ အဲဒီတော့ သတ်မှတ်ရက်အတွင်း ငွေပြန်ဆပ်နိုင်အောင် ကျွန်တော့်ကား မြန်မြန်ထွက်ဖို့ ကူညီပါဆရာ …”

ညီငယ်လို တပည့်လိုဖြစ်နေသော မောင်မြင့်ဝေတစ်ယောက် မျက်ကလဲဆန်ပျာဖြင့် ကျွနု်ပ်ထံ ရောက်လာပြီးသည့် သကာလ အထက်ပါအတိုင်း ပြောလာတော့ ကျွနု်ပ်မှာ မနေသာတော့ပါ။ မနေသာသဖြင့် ကျွနု်ပ်သည် ငွေကြေးချမ်းသာ ပြည့်စုံသူလောဟု ထင်ကောင်းထင်ကြပေလိမ့်မည်။ ကျွနု်ပ် ငွေကြေးချမ်းသာသူ မဟုတ်ပါ။ ကျွနု်ပ်သည် ငွေရှာသူမဟုတ်။ ပညာရှာသူသာ ဖြစ်သည်။ စုဆောင်း ရရှိထားသော ပညာဖြင့် ကူညီသင့်သူကို ကူညီနေသူသာ ဖြစ်သည်။

“ဒီလိုလုပ်ကွာ …မောင်မြင့်ဝေ …”
“ပြောပါဆရာ …”
“စာရွက်လွတ်တစ်ရွက်ပေါ်မှာ မင်းရောင်းမယ့် မင်းရဲ့ ကားပုံကို ဆွဲစမ်း၊ ပြီးတော့ ကားနံပါတ် ကိုလည်း တပ်နော် …”

မောင်မြင့်ဝေသည် ပန်းချီအခြေခံရှိသူပီပီ ကျွနု်ပ်ထံမှ စာရွက်လွတ်တစ်ရွက် တောင်းခံလျက် ရုတ်ချည်းပင် သူ့စူပါဆလွန်းကားပုံစံကို အပီရေးဆွဲ၏။ ကားနံပါတ်ကိုလည်း ထင်ထင်ရှားရှားတပ်၏။ ပြီးသော် ကျွနု်ပ်လည်း ထိုစာရွက်ကိုယူကာ ကား၏ ဘေးပတ်လည်၌ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ ထွက် …” ဟူသော စကားလုံး ဝေါဟာရလေးခုကို ရေးပြီးသည့်နောက် –

“ကဲ မောင်မြင့်ဝေရေ … ဟောဒီစာရွက်ကို ယူပြီး မင်းရဲ့ ကားအမိုးအတွင်းပိုင်းမှာ တိပ်နဲ့ဖြစ်ဖြစ်၊ ကော်နဲ့ဖြစ်ဖြစ် ကပ်ထားလိုက်ပေတော့ …”
“စိတ်ချပါ ဆရာ …”

သူသည် ကျွနု်ပ်ပြောသလို ယုံကြည်မှုအပြည့်ဖြင့် လုပ်ဆောင်ခဲ့၏။ ကျွနု်ပ်အဖို့ မည်သို့မျှ အံ့ဩစိတ် မဖြစ်သော်လည်း ကာယကံရှင် မောင်မြင့်ဝေမှာမူ အံ့ဩစိတ်တွေ လွှမ်းနေ၏။ အကြောင်းမူ ကျွနု်ပ်ပြုမူလိုက်သည့် ဓာတ်ယတြာကြောင့် တစ်ပတ်မရှိခင်မှာ ကားအရောင်းထွက်သွား၍ ဖြစ်ပါသတည်း။

ဘိုးသာမြေး