အာကာမိုး(လှိုင်)

မိတ္တူဆိုင်လေး အဆင်ပြေအောင်

အဲဒီဆိုင်က တော်တော့်ကို အလုပ်လုပ်ရတာပါ။ အလုပ်ကိုလည်း သေသေသပ်သပ်နဲ့ စည်းစနစ်တကျ လုပ်ပေးတတ်တော့ ပရိသတ်တွေကလည်း သဘောကျတာပေါ့လေ။

ကျွန်တော်တို့ရပ်ကွက်ထဲမှာ ကျွန်တော်သွားပြီး စာရွက်စာတမ်းတွေ ကူးနေကျ မိတ္တူဆိုင်တစ်ဆိုင် ရှိပါတယ်။ အဲဒီဆိုင်က တော်တော့်ကို အလုပ်လုပ်ရတာပါ။ အလုပ်ကိုလည်း သေသေသပ်သပ်နဲ့ စည်းစနစ်တကျ လုပ်ပေးတတ်တော့ ပရိသတ်တွေကလည်း သဘောကျတာပေါ့လေ။ အလုပ်တွေများလွန်းလို့ တချို့အလုပ်တွေဆိုရင် လက်တောင် မခံနိုင်လောက်အောင်ပါပဲ။

ဟိုတစ်နေ့က အဲဒီဆိုင်ကိုရောက်သွားတော့ ထူးထူးခြားခြား လူရှင်းနေတာကို တွေ့ရပါတယ်။ ဆိုင်ရှင်ကောင်လေးက – “ဆရာရေ… ဒီရက်ပိုင်း ဘယ်လိုဖြစ်တယ် မသိဘူး…၊ ငါးရက်လောက်ရှိပြီ.. အလုပ်တွေ မလာသလောက်တောင် ပါးသွားတယ်…” လို့ ညည်းညူပြီး ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း မိတ္တူကူးထားတာလေးတွေကို စောင့်ရင်း သူတို့ ဆိုင်အတွက် ဘယ်လိုကူညီရရင် ကောင်းမလဲလို့ စဉ်းစားနေမိပါတယ်။ မိသားစုတွေလိုလည်း ရင်းနှီးနေကြပြီကိုး …။ အဲဒါနဲ့ – “မနက် မနက်တွေမှာ ဆိုင်တစ်နေရာမှာ ဒါမှမဟုတ်ဆိုင်းဘုတ်မှာ စံပယ်ပန်း ၈ ကုံး ချိတ်ဆွဲပါ…၊ မိတ္တူကူးတဲ့စက်တွေကိုတော့ ဆပ်ပြာခဲ အမွှေးခဲလေးတစ်ခဲနဲ့ ဆိုင်ဖွင့်ချိန်တိုင်းမှာ ခေါက်ခေါက်ပြီး ဆုတောင်းပါ …”လို့ ပြောပြခဲ့ရပါတယ်။ နောက်တစ်ခေါက် အဲဒီဆိုင်ကို ပြန်ရောက်တဲ့အခါ သိသိသာသာကိုပဲ အလုပ်တွေပြန်လုပ်နေရပြီဆိုတဲ့ သတင်းကောင်းကို ကြားသိခဲ့ရပါတယ်။

မိတ္တူဆိုင်များအားလုံး အဲဒီနည်းလေးနဲ့ အဆင်ပြေကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အာကာမိုး(လှိုင်)