တောခြောက်ခြင်းလား၊ တောမှောက်ခြင်းလား – ဂမ္ဘီရလှမျိုးဦး

အမ်းမြို့နယ် ထန်းတင်ရွာသား ယောက်ဖ ရွှေသာက ငါနဲ့ တောလည်(လယ်)သွားမယ် မင်း လိုက်ခဲ့လို့ခေါ်တာနဲ့ ကျွန်တော် လိုက်သွားတယ်။ ရွာမှအထွက် တောထဲအဝင် ယောက်ဖ ငှက်မွှေးလှ လှလေး လိုချင်တယ်၊ မှုတ်ပြောင်းနဲ့ပစ်ဖို့ မှုတ်စူးလှ လှစည်းရန် ငှက်မွေး ကြက်မွေးလိုတယ်။ ဒါကို ရည်ရွယ်ပြောလိုက်တာ။ ချေးခံချောင်၊ သင်္ချိုင်း တောင်ပေါ် သစ်ပင်ပေါ်နားနေတဲ့ ပြုန်းမတီငှက်ကို (ကြက်တညင်မလောက်ရှိသည်) ယောက်ဖက နှစ်လုံး ပြူးသေနတ်နှင့် ပစ်ထည့်လိုက်တယ်။ ပြုန်းမတီငှက် မွှေးတွေ ဖွာထွက်သွားတယ်။ သစ်ပင်အောက်ကျလာ တဲ့ငှက် ကျွန်တော် ပြေးကောက်တယ်။ အနား ရောက်မှ ထပျံသွားတယ်။ ချုံပေါ် နေဆာခံနေတဲ့ ဘုတ်ငှက်ပစ်တယ်။ အမွေးတွေဖွာပြီးနောက် လန် ဆင်းလာတာ မြင်တယ်။ ကျွန်တော် ပြေးသွားပါ တယ်။ ဘုတ်ငှက် ချုံတောထဲ ပြေးဝင်သွားတယ်။ တောကြက်မ ပစ်တယ်။ အမွေးတွေတော့ ပစ်လိုက် တိုင်း ဖွာလံကြဲ သွားတာပဲ။ မရဘူးထပျံသွားတယ်။ ဘန်ဗွေးကွင်း ရေမျက်ချောင်း-ရွှေတောင်-ငွေ တောင်-နတ်တောင်-ချေးခံချောင် သင်္ချိုင်း တစ်ရော တစ်ကျော လှည့်လည်ပစ်ကြတယ်။ အင်းမှာ ငါးရှာ နေတဲ့ ခြောက်တောင်ဗျိုင်းကြီးပစ်တာ အမွေးတွေ ဖွာလံသွားပေမယ့် ပြေးနိုင်တယ်။ ချုံထဲဝင်သွားတယ်။ သစ္စာကြီးတဲ့ အောက်ချင်းငှက်၊ ကြိုးကြာကိုတော့ မပစ်ဘူးရှောင်တယ်။ ရှဥ့်ငပေါကြီးပစ်တာ သစ်ပင်မှ ကျလာပေမယ့် ပြေးသွားတယ်။ ချောင်းကမ်းနားသစ် ပင်လေးပေါ်နားနေတဲ့ ရေတန်းဂျစ်ငှက်ပစ်တာ အမွေးတွေဖွာပြီး ပက်လက်လန်ကျလာတယ်။ ပြေး ဖမ်းတာ ရေထဲငုတ်သွားတယ်။ ရေဘဲတွေလည်း ဒီလိုပဲ၊ ကျလာပြီး ပျံပြေးကြတယ်။

ယောက်ဖက သိပ်မညံ့ဘူး။ သုံးခါပစ်ရရင် နှစ်ခါလောက်တော့ရတယ်။ လက်ဖြောင့်တယ်။ ဒီနေ့မှ ဘယ်လိုဖြစ်မှန်းမသိ စဉ်းစားခက်နေတယ်။ ပင်ပန်းတာသာ အဖတ်တင်တယ်။ တစ်ကောင်မှ မရဘူး။ လက်လွတ်ပြန်လာခဲ့ရတယ်။

ဂမ္ဘီရလှမျိုးဦး

 

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . .

ဂမ္ဘီရလှမျိုးဦး၏ တောမှောက်ခြင်းလား၊ တောခြောက်ခြင်းလားအမည်ရှိ စာမူမှာ စိတ်ဝင်စား စရာကောင်းပါသည်။ ဆရာတို့ ငှက်ပစ်ထွက်ကြခြင်း မှာ ကလေးများ အပျော်ငှက်ပစ်ထွက်သလိုမျိုး လောက်လေးခွ နှင့် လောက်စလုံးအိတ်ကို စလွယ်သိုင်းလွယ်၍ ရပ်ကွက်ထဲတစ်လမ်းဝင်တစ်လမ်းထွက် တောင်ပစ် မြောက်ပစ်၊ ခွေးပစ်၊ စာကလေးပစ် အပျော်ကစားခြင်း မဟုတ်ဘဲ အထင်ကရ တောသို့ ဝင်၍ ငှက်ပစ်ထွက်ခြင်း၊ တစ်နည်းအားဖြင့် အမဲပစ် ထွက်ခြင်းမျိုးဖြစ်၏။

အမဲပစ်ထွက်သူများသည် မုဆိုးစည်းကမ်း ကိုလိုက်နာကြရသည်။ ကိုယ်ပစ်မည့် သားကောင်မှာ ကြက်ကလေး ငှက်ကလေး စသည့် အသေးအမွှား သတ္တဝါလေးများဖြစ်၍ မုဆိုးစည်းကမ်းလိုက်နာစရာ မလိုဟု မှတ်ယူ၍မရပါ။ မုဆိုးဟူသည် တောသို့ဝင် ၍ ကြက်ကလေးငှက်ကလေးမှအစ ပြောင်၊ ဆင်၊ ကျား ဟူသော တောကောင်ကြီးများကို ပစ်ခတ် သတ်ဖြတ်သူများ အထိ အကျုံးဝင်ပါသည်။

ထို့ကြောင့် ကိုယ်ပစ်မည့်တော၏ ပိုင်ရာဆိုင် ရာများဖြစ်သော တောပိုင်၊ တောင်ပိုင်၊ ကွင်းပိုင် အစရှိသည့် ပုဂ္ဂိုလ်များအား ပစ်ခတ်မည့် သေနတ်၊ ဒူးလေး၊ မြား စသည် များကို ပြသ၍ထမင်းဦးပေါင်း၊ အရက် ကြက်ကြော်စသည် တို့ဖြင့် တင်မြှောက်ပသ ပြီးလျှင် ချို(ဂျို)ကျိုးနားရွက်ပဲ့၊ တောင်ပံကျိုး ခြေကျိုး သတ္တဝါများအား စွန့်ကျဲပေးကမ်း ပါဟု တောင်းယူ ရမည်ဖြစ်သည်။

ဤသို့မဟုတ်မူဘဲ နှလုံးပြူးသေနတ်နှင့် ငှက် မွေးလှလှလိုချင်၍ ပစ်ခတ်သည်ဆိုလျှင်ငှက်မွေးကို သာ ရမည်ဖြစ်၏။ စားလောက်ရသော ငှက်အကောင်ကို ရမည်မဟုတ်ပေ။

 

ဒိဗ္ဗာန်(ဂမ္ဘီရ)