ကျန်းမာဖို့ရာ ဓာတ်ယတြာ

ဇနီးသည်မှာ ပဲဆန်များရေစိမ်၍ ဆုံတွင် ထည့်ပြီး ထောင်းနေ၏။
“ဘာလုပ်ဖို့လဲ မိန်းမ၊ ပဲဟင်းချက်မလို့လား”ဟုမေးလိုက်ရာ –
“မဟုတ်ဘူးတော်ရေ …ပဲဟင်းချက်ဖို့ မဟုတ်ဘူး။ ဘယာကြော် ကြော်စားမလို့”ဟုပြောရင်း ကျွန်တော့်အားခြံထဲဆင်း၍ ပျဉ်းတော်သိမ်ရွက်များ ခူးခိုင်းလေ၏။ ငရုတ်သီးစိမ်းမရှိ၍လည်း ဈေးသို့ စေလွှတ်ကာ ဝယ်ခိုင်းပြန်၏။
ဗေဒင်ဟောခန်းပိတ်ရက်ဖြစ်၍ အေးအေးလူလူ အနားယူပြီး စာရေးရန် စိတ်ကူးများသည် အိမ်မှုကိစ္စများ၌သာ အချိန်ပေးနေရပါတော့၏။ တစ်ပတ် တွင် တစ်ရက်သာ အနားရပါသည်။ ထိုအနားရသော ရက်ကလေးတွင် ကျွန်တော်သည် စာရေးခြင်း၊ စာဖတ်ခြင်း၌သာ အချိန်ကုန်ချင်၏။ မည်သည့်အ လုပ်ကိုမျှ မလုပ်ဘဲ စာအုပ်နှင့် မျက်နှာသာ အပ်ထားလိုက်ချင်၏။ ထမင်းစားခြင်း၊ ရေသောက်ခြင်း အလုပ်ကိုတောင် မေ့ထားလိုက်ပြီး စာပေပီတိဖြင့်သာ အားလပ်သောရက်ကလေးကို ပျော်မွေ့လိုက်ချင်ပါ၏။
သို့သော် ဆန္ဒနှင့်ဘဝသည် တစ်ထပ်တည်း မကျခဲ့ပါ။ အိမ်ထောင်သည် ဖြစ်နေရခြင်းကြောင့် အိမ်ထောင်မှုတာဝန်တွေကို ဝိုင်းကူဆောင်ရွက်နေရမြဲသာဖြစ်သည်။
ဈေး၌ ငရုတ်သီးစိမ်းဝယ်ပြီးနောက် ဂျာနယ်တစ်စောင်ပါ ဝယ်လိုက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ကာ စာဖတ်နေလိုက်သည်။ မြန်မြန်ပြန်လာခဲ့ပါဟု ဇနီးသည်က အမှာတော်မဆင့်လိုက်၍လည်း လက်ဖက်ရည်နှင့်အတူ စာပေအရသာကို ခံစားနေလိုက်ပါသည်။
“ဆရာသိဒ္ဓိစံ တစ်ယောက်တည်း ဇိမ်ကျနေပါလား။ ဟောခန်းပိတ်ရက်ဆိုတော့ အိမ်အထိတောင် ကျွန်တော် လိုက်လာတော့မလို့။ ကံကောင်းတာပဲ”
မောင်ဘသော်သည် ကျွန်တော့်ကိုတွေ့လိုက်သည်နှင့် အားရဝမ်းသာဖြစ်သွားပြီး နှုတ်ဆက်ကာ အနီးရှိ ထိုင်ခုံတွင် လာရောက်ထိုင်လေ၏။ မောင်ဘသော်သည် ကိုယ်ပိုင်ကားဝယ်ပြီး တက္ကစီဆွဲနေသူဖြစ်၏။ သာမန်ဆိုက်ကားသမားဘဝကတည်းက ကျွန်တော့်အပေါ် ချစ်ခင်လေးစားနေသူလည်း ဖြစ် ၏။ ကျွန်တော့်၏ ခရီးစဉ်တိုင်းကိုလည်း အခမဲ့ ကူညီပေးနေသူလည်း ဖြစ်သည်။
“ကျွန်တော် အခုလို လူတစ်လုံး သူတစ်လုံး ဖြစ်လာတာ ဆရာ့ရဲ့ ယတြာတွေ၊ အဆုံးအမတွေ၊ အကူအညီတွေကြောင့် …”ဟုလည်း မကြာခဏ ထုတ်ဖော်ပြောလေ့ရှိပါ၏။
ယခုလည်း မောင်ဘသော်သည် ကျွန်တော့် အနီးတွင် ထိုင်နေရင်း –
“ဆရာက ကျွန်တော့်ကျေးဇူးရှင်ပါ။ ကျွန်တော် အကူအညီလိုအပ်တိုင်း ဆရာက ကူညီနေကျပါ”ဟုပြောလေ၏။
“စကားကို ဗာရာဏသီချဲ့မနေစမ်းပါနဲ့ မောင်ဘသော် မင်းဘာပြောမလို့လဲ။ မြန်မြန်ပြောကွာ”
“ဆရာကျွန်တော့်ကို ဗေဒင်ဟောထားတာလေ။ အပူသောကနဲ့ ရောက်လာမယ့် ဒုက္ခသည် ခြေနှစ်ချောင်း ဝင်မယ်ဆိုတာလေ။ အခု ဒက်ထိပဲ ဆရာရေ … ကျွန်တော့်ယောက္ခမကြီး ရောက်လာတယ်။ နေထိုင်မကောင်းဖြစ်နေလို့ အိမ်မှာနေပြီး ဆေးလာကုတာ။ ဆရာ ဟောထားတာနဲ့ ကွက်တိပဲ”
“ယောက္ခမလည်း မိဘပဲ။ ရောက်လာတော့ ဘာဖြစ်လဲ။ ကျေးဇူးဆပ်ခွင့်တောင် ရသေးတာပဲ။ ကျေးဇူးရှိသူကို ကျေးဇူးဆပ်ခွင့်ရတာ မင်းကံကောင်းတာပေါ့ကွာ”
ဆုံးမစကားဖြင့် အားပေးလိုက်ပါသည်။
“ဟုတ်ကဲ့ပါဆရာ …ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်က ဆရာ့တပည့်ပဲလေ။ ဘာသာရေးနဲ့ လူမှုဝတ္တရားကို နားလည်ပါတယ်။ အခု ယောက္ခမကြီး အိမ်ပေါ်ရောက်လာတာ ငြူစူလို့ မဟုတ်ရပါဘူး။ သူ့ကျန်းမာရေးအတွက် ဆေးဝါးကုသလို့ အမြန်ဆုံးသက်သာပျောက်ကင်းအောင် ဆရာ့ဆီ ယတြာလာတောင်းတာပါ”ဟု ဆိုလေ၏။
“မင်းယောက္ခမက ဘာနေ့လဲ”
“တနင်္ဂနွေသမီးပါ ဆရာ”
“အဲဒါဆိုရင် တနင်္ဂနွေနေ့ နံနက်တိုင်း ပေါင်မုန့် ၁၉ ချပ်ပေါ်မှာ ဘယာကြော် ၃ ခုတင်ပြီး ဘုရားလှူ ဆုတောင်းပေါ့ကွာ။ ဘုရားကတော့ အိမ်က ဘုရားမှာပဲဖြစ်ဖြစ်၊ စေတီက တနင်္ဂနွေထောင့်က ဘုရားမှာပဲဖြစ်ဖြစ် လှူလို့ရတယ်။ အချိန် ကတော့ ၁၂ နာရီမထိုးခင် နံနက်ပိုင်းဖြစ်ရင်ပြီးရော”
ကျွန်တော်သည် မောင်ဘသော်အား အာယုဂြိုဟ်ဓာတ်ကြိုက်ဖြစ်သောနံနှင့် ကပ်သုံးပါးဘေးကို ကျော်လွှားစေသော နိမိတ်ကိုဆောင်သည့် ဘယာကြော်အလှူကို ကျန်းမာရေးယတြာအဖြစ် ပေးလိုက်ခြင်း ဖြစ်ပါသည်။
အာယုဂြိုဟ်၏ ဓာတ်ကြိုက်နံဆိုသည်မှာ မွေးနံ၏ အာယုဂြိုဟ်ဓာတ်မိတ်နံကိုယူပြီး ဘယာကြော် သုံးခုမှာ ကပ်ဘေးသုံးပါးကို ကျော်လွှားစေသည့် နိမိတ် သင်္ကေတဖြစ်ပါသည်။ ကပ်သုံးပါးမှာ-
(၁) ဒုဗ္ဘိက္ခန္တရကပ်-ငတ်မွတ်ခြင်းဘေး
(၂) ရောဂန္တရကပ်-အနာရောဂါ နှိပ်စက်ခြင်း ဘေး
(၃) သတ္တန္တရကပ်-စစ်မက်၊ လက်နက်၊ ခိုးသား၊ ဓားပြဘေးတို့ဖြစ်သည်။
မောင်ဘသော်ကဲ့သို့ပင် ကျန်းမာရေးအတွက် ယတြာတောင်းကြသူများအား ထိုကဲ့သို့သော ယတြာမျိုးကိုသာ ကျွန်တော်ပေးနေကျဖြစ်ပါသည်။
တနင်္ဂနွေသားသမီးများ နေထိုင်မကောင်း ဖြစ်လျှင် ဆေးဝါးကုသချက် ထိမိစေရန်အတွက် တနင်္ဂနွေနေ့ နံနက်တိုင်း ပေါင်မုန့် ၁၉ ချပ်ပေါ်တွင် ဘယာကြော် ၃ ခုတင်၍ ဘုရားလှူဆုတောင်းရမည်။
တနင်္လာသားသမီးများ နေထိုင်မကောင်းဖြစ်လျှင် ဆေးဝါးကုသချက် ထိမိစေရန်အတွက် တနင်္လာနေ့ နံနက်တိုင်း ရှောက်သီး ၁၂ စိပ်ပေါ်တွင် ဘယာကြော် ၃ ခုတင်၍ ဘုရားလှူဆုတောင်းရမည်။
အင်္ဂါသားသမီးများ နေထိုင်မကောင်း ဖြစ်လျှင် ဆေးဝါးကုသချက် ထိမိစေရန်အတွက်အင်္ဂါ နေ့ နံနက်တိုင်း သင်္ဘောသီး ၂၁ စိပ်ပေါ်တွင် ဘယာကြော် ၃ ခုတင်၍ ဘုရားလှူဆုတောင်းရမည်။
ဗုဒ္ဓဟူးသားသမီးများ နေထိုင်မကောင်း ဖြစ်လျှင် ဆေးဝါးကုသချက် ထိမိစေရန်အတွက် ဗုဒ္ဓဟူးနေ့ နံနက်တိုင်း အုန်းသီး ၆ စိပ်ပေါ်တွင် ဘယာကြော် ၃ ခုတင်၍ ဘုရားလှူဆုတောင်းရမည်။
ကြာသပတေးသားသမီးများ နေထိုင်မကောင်း ဖြစ်လျှင် ဆေးဝါးကုသချက် ထိမိစေရန်အတွက် ကြာသပတေးနေ့ နံနက်တိုင်း စမူဆာ ၈ ခုပေါ်တွင် ဘယာကြော် ၃ ခုတင်၍ ဘုရားလှူ ဆုတောင်းရမည်။
သောကြာသားသမီးများ နေထိုင်မကောင်း ဖြစ်လျှင် ဆေးဝါးကုသချက် ထိမိစေရန်အတွက် သောကြာနေ့ နံနက်တိုင်း နာနတ်သီး ၁၀ စိပ် ပေါ်တွင် ဘယာကြော် ၃ ခုတင်၍ ဘုရားလှူ ဆုတောင်းရမည်။
စနေသားသမီးများ နေထိုင်မကောင်းဖြစ်လျှင် ဆေးဝါးကုသချက် ထိမိစေရန်အတွက် စနေနေ့ နံနက်တိုင်း ကိတ်မုန့် ၁၅ ချပ်ပေါ်တွင် ဘယာကြော် ၃ ခုတင်၍ ဘုရားလှူဆုတောင်းရမည်။
ထိုသို့စီရင်ပြီး လှူတန်းဆုတောင်းပါက ညံ့ နေသောကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေ၏။ ဆေးဝါးကုသ၍ ဆေးကုသမှုများ ထိရောက်စေနိုင်၏။ အနာ၊ ရောဂါများရှိပါက လျင်မြန်စွာဖြင့် သက်သာပျောက်ကင်းစေသော ကျန်းမာရေး ဓာတ်ယတြာဖြစ်ပါသည်။ ဆရာအစဉ်အဆက် ပညာဒါန ဖြန့်ဝေခဲ့ပြီး လက်ဆင့်ကမ်းခဲ့ပါသော ကျန်းမာရေးယတြာမျိုးဖြစ်၍ အစွမ်းထက်ပြီးသားလည်းဖြစ်ပါသည်။ အထူးကုဆရာဝန်ကြီးမှ ကင်ဆာအဆင့် ၃ ဟု သတ်မှတ်ခြင်း ခံထားရသော အမျိုးသမီးကြီးတစ်ဦးသည် ထိုကျန်းမာရေး ဓာတ်ယတြာကို အမြဲမပြတ် ပြုလုပ်လှူဒါန်းခဲ့သည်မှစ၍ ဆေးဝါးကုသ ချက်များထိမိကာ ရောဂါအရှင်းပျောက်သွားခဲ့လေ၏။
မွေးရာပါ နှလုံးရောဂါကြောင့် ခွဲစိတ်ကုသသည့်တိုင် အသက်ရှင်ခွင့် နည်းခဲ့ပြီဖြစ်သော ကလေးငယ်တစ်ဦးသည်လည်း အထက်ပါယတြာမျိုးကို မိခင်က ဆောင်ရွက်ပေးလိုက်သည်မှ မခွဲမစိတ်ရဘဲ အသက်ရှင်သန်ခွင့် ရရှိခဲ့ပါသည်။

သိဒ္ဓိစံ(မင်္ဂလာကုန်း)