ကိုလိုနီခေတ်၌ ထင်ရှားခဲ့သည့် သာသနာပြုမြန်မာအမျိုးသမီးတစ်ဦး

ဒေါ်မြမေမှာ မြန်မာပန်းချီကျော် ဦးဘဉာဏ်၊ ဦးစံဝင်းတို့ကို မြေတောင်မြှောက်ပေးခဲ့သူလည်း ဖြစ်သည်။ ဦးဘဉာဏ်အင်္ဂလန်သို့ သွားနိုင်ရေးအတွက် ကြိုးပမ်းပေးခဲ့သူလည်း ဖြစ်သည်။

ကျွန်တော်သည် အရှင်အာနန္ဒာမေတ္တေယျ၏ အကြောင်းကို ၂၇-၃-၂၀၂၉ နှင့် ၃-၄-၂၀၁၉ ရက်များထုတ် မနောမယဂျာနယ်များတွင်လည်းကောင်း၊ အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ အကြောင်းကို ၂၆-၆-၂၀၁၉ နှင့် ၃-၇-၂၀၁၉ ရက်များထုတ် မနောမယဂျာနယ်များတွင်လည်းကောင်း ရေးသားဖော်ပြခဲ့ဖူးပေသည်။ ထိုပုဂ္ဂိုလ်ကြီး များသည် ဗုဒ္ဓဘာသာ၊ သာသနာပြု၊ နိုင်ငံခြားသား ဘုန်းတော်ကြီးများ ဖြစ်ကြ၍ မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပ၌ သာသနာပြုခဲ့ကြသူများ ဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ လက်အောက်ကျရောက်စဉ် အချိန်၌ပင် ဗုဒ္ဓသာသနာကို ပြည်တွင်း၌ရော ပြည်ပတွင်ပါ မနားမနေ ကြိုးပမ်း အားထုတ်၍ သာသနာပြုခဲ့ကြသူများ ဖြစ်ကြသည်။

ယင်းပုဂ္ဂိုလ်ကြီးများသည် ထိုကဲ့သို့ သာသနာပြုနိုင်ကြရန်အတွက် ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ခဲ့သူ၊ မြန်မာအမျိုးသမီးကြီးတစ်ဦးရှိခဲ့သည်။ ထိုကဲ့သို့ ရှိခဲ့ကြောင်း ယခုခေတ်တွင် သိရှိသူ၊ နည်းပါးနေပြီဖြစ်သည်။ ထိုသာသနာပြု အမျိုးသမီးကြီးမှာကား မစ္စစ်လှအောင်(ခ)မင်းကြီးကတော် ဒေါ်မြမေပင် ဖြစ်ပေသည်။

ဒေါ်မြမေ၏ ဖခင်မှာ စစ်ကဲကြီး ဦးထော်လေးဖြစ်၍ ခင်ပွန်းသည်မှာ အိန္ဒိယငွေတိုက်မင်းကြီး ဦးလှအောင်ဖြစ်ပေသည်။ ဦးလှအောင်သည် အိန္ဒိယတွင် အမှုထမ်းနေစဉ် ၁၈၇၇ ခုနှစ်၌ မဒရပ်အိမ်တော်တွင် အင်္ဂလန်ပြည့်ရှင် အဋ္ဌမမြောက် အက်ဒွပ်မင်းသားနှင့် တွေ့ဆုံခွင့်ရခဲ့၍ ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ၁၈၉၉ ခုနှစ်တွင် ဒေါ်မြမေသည် ခင်ပွန်းဖြစ်သူနှင့်အတူ အင်္ဂလန်သို့ရောက်စဉ် ဝိတိုရိယဘုရင်မကြီးက ဘတ်ကင်ဟန်နန်းတော်၌ လက်ခံတွေ့ဆုံခြင်း ခံရသူဖြစ်သည်။

၁၉၀၆ ခုနှစ်တွင် ခင်ပွန်းသည် ကွယ်လွန်ပြီးနောက် ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ခဲ့သည်။ ထိုခေတ်ကာလ မင်းပိုင်စိုးပိုင်တွင် အရှိန်အဝါကြီးသည်ဟု သိရသည်။ လူမှုရေး၊ ပညာရေး၊ ဘာသာရေးနယ်ပယ် အသီးသီးတွင် ငွေကုန်ကြေးကျခံ၍ ဦးဆောင်မှုပေးရာ၌ နာမည်ကြီးလှသည်။ ထို့ကြောင့် ဗြိတိသျှအစိုးရက ဒေါ်မြမေအား MBE (Member of British Empire) ဘွဲ့တံဆိပ်နှင့် အိန္ဒိယ မဟာရာဇာစော်ဘွားများအား ချီးမြှင့်လေ့ရှိသည်။ အိန္ဒိယတာရာဘွဲ့(KIH) တို့ကို ချီးမြှင့်ခဲ့သည်။

၁၈၉၆ ခုနှစ်တွင် ရန်ကုန်မြို့ကျုံးကြီးလမ်းထိပ်၌ ဝိတိုရိယဘုရင်မ အထိမ်းအမှတ် ဗုဒ္ဓဘာသာမိန်းကလေး အထက်တန်းကျောင်းနှင့် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းတွင် ဗုဒ္ဓဘာသာယောကျာ်းကလေးအထက်တန်းကျောင်းတို့ကို တည်ထောင်ခဲ့သည်။ ရွှေတိဂုံဘုရားအနီး၊ ဦးထောင်ဗိုလ်လမ်း၌ ရှိသော မဟာအောင်မြေဘုံစံ ကျောင်းတိုက်သည် မင်းကြီးကတော် ဒေါ်မြမေကိုးကွယ်သည့် ကျောင်းတိုက်ပင်ဖြစ်သည်။ ဒေါ်မြမေသည် မြန်မာအမျိုးသမီးများ ကောင်စီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရလေသည်။ ၁၉၃၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ဂျူဗလီဟော၌ ကျင်းပသည်။ ယင်းကောင်စီ၏ အစည်းအဝေးတွင်၊ လန်ဒန်တွင်ကျင်းပမည့် မျက်နှာစုံညီ အစည်းအဝေး၌ အမျိုးသမီးကိုယ်စားလှယ် ပါဝင်ရေးကို တောင်းဆိုခဲ့သည်။ ဘုရင်ခံက မင်းကြီးကတော် ဒေါ်မြမေကို ခေါ်ယူတွေ့ဆုံ၍ လန်ဒန်အစည်းအဝေးသို့ တက်ရောက်ရန် ၄င်းတစ်ဦးတည်းကို အမျိုးသမီး ကိုယ်စားလှယ်အဖြစ် ခွင့်ပြုခဲ့သည်။ သို့ရာတွင် အမှန်တကယ် အစည်းအဝေးတွင် ၄င်းမှာ အသက် အရွယ်ကြီးပြီဖြစ်၍ တူမတော်သူ သမိုင်းပညာရှင် ဒေါ်မြစိန်ကို တက်ရောက်စေခဲ့သည်။

ဒေါ်မြမေသည် အင်္ဂလိပ်လူမျိုး၊ ဗုဒ္ဓဘာသာ ရဟန်းတော် အရှင်ဆေနန္ဒာမေတ္တေယျနှင့် အီတာလျံဘုန်းတော်ကြီး ဦးလောကနာထတို့ကို ရဟန် အစ်မ၊ ပစ္စည်းလေးပါး ဒါယိကာမအဖြစ် ခံယူခဲ့သည်။ အရှင်အာနန္ဒာမေတ္တေယျ ဦးဆောင်ဖွဲ့စည်းသည့် ဗုဒ္ဓသာသနာသမဂ္ဂ(International Buddhist Society,1903) အသင်းတွင် ငွေထိန်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအသင်းမှနေပြီး အင်္ဂလိပ်ဘာသာ ဖြင့် ဗုဒ္ဓဘာသာ (Buddhism) စာစောင်ကို ၁၉၀၃ ခုနှစ်မှ ၁၉၀၈ ခုနှစ်အတွင်း ၆ ကြိမ်မျှ ထုတ်ဝေခဲ့သည်။ ဥရောပတိုက်ရှိ စာကြည့်တိုက်ပေါင်း ၆၀ဝ ခန့်သို့ ဓမ္မဒါနပြုခဲ့သည်။ ထို့ပြင် လန်ဒန်ရှိ ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် ဗုဒ္ဓဘာသာအသင်းကြီး (The Buddhist Society of Great Britan and Ireland, 1907) ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် သား၊ ချွေးမတို့နှင့် အတူ၊ အရှင်အာနန္ဒာမေတ္တေယျ ဦးဆောင်၍ အင်္ဂလန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဘာသာရေးကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်။

ဒေါ်မြမေမှာ မြန်မာပန်းချီကျော် ဦးဘဉာဏ်၊ ဦးစံဝင်းတို့ကို မြေတောင်မြှောက်ပေးခဲ့သူလည်း ဖြစ်သည်။ ဦးဘဉာဏ်အင်္ဂလန်သို့ သွားနိုင်ရေးအတွက် ကြိုးပမ်းပေးခဲ့သူလည်း ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏ ပါဠိပါမောက္ခဆရာကြီး ဦးဖေမောင်တင်ကိုလည်း သားအရင်းကဲ့သို့ ချစ်ခင်ခဲ့သူဖြစ်သည်။

၁၉၂၂ ခုနှစ်တွင် ဝေလမင်းသား မြန်မာပြည်သို့ရောက်ရှိခဲ့ရာ မင်းကြီးကတော် ဒေါ်မြမေ ဦးဆောင်သော အထက်တန်းလွှာ အမျိုးသမီးအဖွဲ့ က ကန်တော်ကြီးတွင် ကြိုဆိုဧည့်ခံခဲ့သည်။

ဗုဒ္ဓဘာသာကို ပြည်တွင်း၌သာမက၊ နိုင်ငံရပ်ခြား၌ပါ ပြန့်ပွားစေရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ သာသနာပြုပုဂ္ဂိုလ် သာသနာ့ဒါယိကာမကြီး မင်းကြီးကတော် ဒေါ်မြမေသည် ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အသက် ၈၉ နှစ်အရွယ်၌ ရန်ကုန်မြို့၊ မြေနီကုန်းရပ်၊ ပြည်လမ်းရှိ နေအိမ်၌ ကွယ်လွန်သွားခဲ့ပေသည်။

မောင်ဉာဏ်စိန်

ရည်ညွှန်းစာအုပ်။ ။ ၁ – မြန်မာလူကျော် ၁၀ဝ (ပထမအုပ်) (မောင်ဇေယျာ)